Breaking News

တော်လှန်ရေးကာလ သို့မဟုတ် ကြားကာလ ပြဿနာများ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၅

တော်လှန်ရေးကာလ သို့မဟုတ် ကြားကာလ ပြဿနာများ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပေါ်ထွက်လာတဲ့ အာဏာသိမ်းတဲ့ စစ်တပ်ကို လက်နက်ကိုင်နည်းလမ်းအပါအဝင် အခြားသောနည်းလမ်းပေါင်းစုံနဲ့ အနိုင်ယူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကို နွေဦးတော်လှန်ရေးလို့လည်း အများက သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။ နွေဦးတော်လှန်ရေးလို့ ပဲ ဆိုဆို စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ တွန်းလှန်တိုက်ခိုက်ကြတဲ့ တော်လှန်ရေးလို့ပဲ ဆိုဆို ဒီလှုပ်ရှားမှုကြီး အတွင်း နကိုရှိရင်းစွဲ ပြဿနာတွေ အပြင် လက်နက်ကိုင် တော်လှန်ရေး၊ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းတာ၊ စစ်ရေးအခြေစိုက် စခန်းတွေ၊ မြို့တွေ၊ နယ်တွေ သိမ်းယူဖို့ စစ်ဆင်ရေးတွေ လုပ်ဆောင်ကြတာ အာဏာသိမ်းစစ်တပ်ကလည်း ပိတ်ဆို့ဖြတ်တောက်တာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ စစ်မှုထမ်းဥပဒေအသက်သွင်းတာတွေ တန်ပြန်လုပ်ဆောင်ပြီး အခြေအနေတွေ အဖြစ်အပျက်တွေက အခုချိန်မှာ ၄ နှစ် ကျော်ကာလအတွင်း ရောက်ရှိလာပြီဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်ကနေ လက်နက်ကိုင် တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီတပ်ကို အပြီးတိုင် အောင်ပွဲရချိန်အတွင်း ကာလကို တော်လှန်ရေးကာလလို့ သတ်မှတ်ကြတာ လို့ နားလည်ရပါတယ်။ အဆိုပါတော်လှန်ရေး ဖြစ်စဥ်ကာလကို ကြားကာလ လို့လည်း သတ်မှတ်သုံးနှုန်းလာကြတယ်လို့ နားလည်သဘောပေါက်ပါတယ်။ ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ ကြားကာလ အစီအမံ၊ ကြားကာလ ပညာရေးကော်မတီ၊ ကြားကာလ ဘာညာ စသဖြင့် စစ်အာဏာရှင်စနစ် ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို လွတ်လွတ်လပ်လပ် မထူထောင်နိုင်ချိန်အတွင်း ကာလအတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ ကောင်းမွန်တဲ့ ပညာရေး၊ ကျန်းမာရေး တရားစီရင်ရေးတွေ မဖေါ်ဆောင်ပေးနိုင်သေးခင် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေအောက်မှာ သည်းညည်းခံ ရှင်သန်နေထိုင်ကြရမယ့် ကာလလို့လည်း ဆိုရင် မှားမယ် မထင်ပါ။ 

သို့ပေမဲ့ ကြားကာလဆိုတဲ့ အချိန်ကာလ သတ်မှတ်ချက်၊ ကြားကာလမှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းတွေ ဆိုတာတွေကို ဘယ်အဖွဲ့အစည်းကမှ ကြေညာချက်၊  ဥပဒေ၊ အမိန့်တွေလိုမျိုးနဲ့ သတ်မှတ်ကြေညာခဲ့ကြတာမျိုး မဟုတ်သလို ကြားကာလမှာ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကိုလည်း ဘယ်သူကမှ မှန်းဆ မထားမိခဲ့ကြပါဘူး။ 

ကြားကာလ ဆိုတဲ့ အသုံးအနှုန်းက တော်လှန်ရေးကာလအတွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စံချိန် စံညွှန်းတွေ မရရှိ၊ မရောက်ရှိ၊ မဆောင်ရွက်ပေးနိုင်တာကို နားလည်လက်ခံပေးကြဖို့ သဘောနဲ့ သတ်မှတ်သုံးနှုန်းကြတဲ့ အသုံးအနှုန်းတခုလည်း ဖြစ်နိုင်သလို၊ ဒီကာလမှာ ဖြစ်ပျက်နေတာတွေကို ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်နိုင်ခြင်း မရှိတာကို ဆင်ခြေပေးတဲ့ စကားလုံး အသုံးအနှုန်း တခုလည်း ဖြစ်နိုင်တာ သတိပြုရမှာ ဖြစ်ပါတယ်။ 

စံနှုန်း၊ တန်ဖိုးတွေနဲ့ မညီညွတ်တာတွေ၊ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြကြတဲ့အခါ ပြုပြင်ကြဖို့ထက် တော်လှန်ရေးကာလမို့လို့ ဆိုတဲ့ ဆင်ခြေနဲ့ ပြဿနာကို ရှောင်လွှဲကြတာမျိုးလည်း အခုနေအခါမှာ ကြုံတွေ့ကြရလေ့ ရှိတာဖြစ်ပါတယ်။ 

ကြားကာလ ပြဿနာတွေက ဘာတွေလဲလို့ သရုပ်ခွဲကြည့်ရင် ငွေကြေး အလွဲသုံးစားပြုမှုတွေ၊ စည်းစနစ် မရှိတဲ့ အခွန်အကောက် ကောက်ခံမှုတွေ၊ သယံဇာတ အလွန်အကျွံထုတ်ယူမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ နိုင်ခြင်း မရှိတာတွေ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စရပ်တွေက ထင်သာမြင်သာရှိတဲ့ ပြဿနာတွေ ဖြစ်ပြီး တနေရာမဟုတ် တနေရာမှာ ဖြစ်ပွားနေတာကို နေ့စဥ်သတင်းတွေထဲတွေ့ကြရ တာဖြစ်ပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေးဟာ ၆ လ၊ ၁ နှစ်အတွင်း ပြီးနိုင်တဲ့ ကိစ္စတရပ်မဟုတ်ဘူးဆိုတာ အခုလို ၄ နှစ်ကျော်လာချိန်မှာ လက်တွေ့ဖြစ်ရပ်တွေအရ သဘောပေါက်လာကြပြီ ဖြစ်ပါတယ်။ ၄ နှစ်ခွဲကျော်လာချိန်မှာ နောက် ၁ နှစ်မှာ တော်လှန်ရေးအောင်ပွဲရ အပြီးသတ်နိုင်မလား သို့မဟုတ် ဒီထက်ပိုကြာမလားဆိုတဲ့ အချက်ကို အခုနေအခါ ဘယ်သူမှ တိတိပပ ပြောဆိုနိုင်တဲ့ အနေအထားမရှိပါဘူး။ 

ဒီလိုအခြေအနေမှာ ခြောက်ပြစ်ကင်းသဲလဲစင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ မရနိုင်သေးတာ အငြင်းပွားစရာ မရှိပေမယ့်လို့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ထိခိုက်စေမယ့် အရာတွေကို ကြားကာလတွေမှာပဲ ပြုပြင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် သယံဇာတ အလွန်အကျွံ ထုတ်ယူမှုတွေနဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေနဲ့ ဆက်စပ်ပြီး ဖြစ်ပွားနေတဲ့ ဖြစ်ပွားလာနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ နဲ့ ဆိုင်တာ၊ မတန်တဆ အခွန်နှုန်းထားနဲ့ ကောက်ခံတာတွေ၊ နယ်မြေ တခုထဲတင် အဖွဲ့ပေါင်းများစွာ အခွန်ကောက်ခံတဲ့ ဂိတ်ဖွင့်လှစ်ကောက်ခံနေကြတာ၊ အခွန်ကောက်ခံရငွေ သို့မဟုတ် တော်လှန်ရေးအတွက် ပြည်သူလူထုထံက ထောက်ပံ့ငွေ အလွဲသုံးစားပြုမှုတွေလိုမျိုးက ကြားကာလမှာ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ အလျင်အမြန် ဖြေရှင်းကြရမယ့် ပြဿနာတွေ ဖြစ်နေတာပါ။ 

အချို့သော ပြဿနာတွေက တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်ဒေသတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး အချို့က NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတယ်ဆိုတဲ့ လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် ကျောက်မျက် အလွန်အကျွံ တူးဖော်တာနဲ့ ပတ်သက်တဲ့ ပြဿနာမျိုးက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဖားကန့်နဲ့ မိုးကုတ်ဒေသတို့လိုမှာ ဖြစ်ပွားနေသလို တဖန် သယံဇာတထုတ်ယူမှုကြောင့် ဆိုးရွားတဲ့ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလိုမျိုးက ဝ လက်နက်ကိုင် ထိန်းချုပ်ဒေသ နဲ လက်ရှိ KIA ထိန်းချုပ်ထားတဲ့ ဒေသတချို့မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အလားတူ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိ/မရှိ မဆန်းစစ်တော့ဘဲ နေရာအနှံ့အပြားမှာ သတ္တုတူးဖေါ်မှုတွေက တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းလို ဒေသတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ရွှေတွင်း၊ မြစ်တွေချောင်းတွေမှာ စက်ယန္တရားတွေနဲ့ ရွှေမျောတွေ အလွန်အကျွံ လုပ်ကိုင်နေကြတာလည်း စစ်ကိုင်းတိုင်း မန္တလေးတိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းမြောက်ဒေသတို့ မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါ့ပြင် စစ်ကိုင်းတိုင်း ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့တဲ့ ဘေးမဲ့ သစ်တောတွေ ပြုန်းတီးတဲ့အထိ ဒေသအလိုက် ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက သစ်ထုတ်လုပ်ရောင်းချမှုတွေလည်း ဖြစ်ပွားနေတာတွေ့ရပါတယ်။ 

ဒီလို သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေကြောင့် သယံဇာတအရင်းအမြစ် ပြုန်းတီးမှုနဲ့ ပတ်ဝန်းကျင် မြစ်ချောင်းတွေ ညစ်ညမ်းပြီး ဒေသခံတွေရဲ့ သောက်သုံးရေး အရင်းအမြစ်တွေ ပျက်စီးဆုံးရှုံးသွားရမယ့် အရေးက တော်လှန်ရေး မအောင်မြင်သေးတာကြောင့်ဆိုပြီး ရွှေ့ဆိုင်းသင့်တဲ့ ကိစ္စ မဟုတ်ပါဘူး။ 

လက်နက်ကိုင် တော်လှန်ရေးအတွက် ငွေကြေးလိုအပ်ချက် ကြီးမားတာကြောင့် သယံဇာတတွေ ထုတ်ယူတာမျိုးက လွဲပြီးအခြားနည်းလမ်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်လည်း ရှိကောင်းရှိနိုင်ပေမယ့် ဒီဒေသမှာ နေထိုင်သူတွေ အဖို့ မဝေးတဲ့ အနာဂတ်မှာ ရှောင်လွှဲမရတဲ့ ဆိုးကျိုးတွေ ခံစားရလောက်အောင် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ သိသာစွာမြင့်တက်လာတဲ့ အခြေအနေမျိုးမဖြစ်အောင် အလျင်အမြန် တားဆီး ကြဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး စတင်ခါစက ကာလတွေက တော်လှန်ရေး အသုံးစရိတ်ကို လူထုထံမှ လှူဒါန်းငွေနဲ့ ရပ်တည်သုံးစွဲခဲ့ကြပေမယ့် အခုနေအခါမှာတော့ လက်နက်ကိုင် အဖွဲ့အရေအတွက် တိုးပွားလာတာ၊ လူထုအနေနဲ့ အကူအညီအထောက်အပံ့ပေးနိုင်စွမ်းအား လျော့ကျလာနေတာကြောင့် လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ကားလမ်းတွေ မှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး နေရာပေါင်းများစွာ စစ်ဆေးရေးဂိတ်များစွာ ပေါ်ထွက်လာပြီး မတန်တဆ အခွန်ကောက်ခံမှုတွေကလည်း ဖြစ်ပွားလာတာကြောင့် ကုန်ပစ္စည်းတွေ သိသာစွာ စျေးနှုန်းမြင့်တက်လာနေတာ ကြားသိနေရပါတယ်။ 

ပြည်တွင်းနေလူထု အဖို့ စစ်ပွဲတွေကြောင့် ဝင်ငွေ ကျဆင်းလာချိန် ခက်ခဲကြပ်တည်းချိန်မှာ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို စျေးကြီးဝယ်စားသုံးကြဖို့ မတတ်နိုင်ကြတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီအခြေအနေကိုလည်း ဂိတ်ပေါင်းများစွာ ဖွင့်ပြီး ကောက်ခံနေကြတဲ့ အခြေအနေကို တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဖြေရှင်းဆောင်ရွက်ကြဖို့ အရေးတကြီးလိုအပ်နေတာ ဖြစ်ပါတယ်။ 

နောက်တခုက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်တွေ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို လောလောဆယ်မှာ အရေးယူ ဆောင်ရွက်ခြင်း မပြုနိုင်သေးတာ နားလည်ပေမယ့် အချို့သော တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုတွေကို အချိန်မဆိုင်းဘဲ အရေးယူဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ 

ကြားကာလဖြစ်လို့ တော်လှန်ရေး မပြီးသေးလို့ ဆိုတဲ့ အကြောင်းနဲ့ တရားမျှတမှု ရှိရေး ဆောင်ရွက်မှုတွေကို ရွှေ့ဆိုင်းဖို့ မသင့်ပါဘူး။ အရေးယူ အပြစ်ပေးနိုင်အောင် တရားမျှတတဲ့ အပြစ်ပေး အရေးယူမှုဖြစ်အောင် လုပ်ဆောင်ကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ပါတယ်။ မဟုတ်ခဲ့ရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်နဲ့ မခြားနားတဲ့ အဖြစ်မျိုးရောက်ရှိသွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေထဲက လူသတ်မှု၊ ဓားပြမှုနဲ့ မုဒိမ်းမှုတွေလိုမျိုး ကျူးလွန်တဲ့သူတွေကို ၄င်းတို့ကျူးလွန်တဲ့ ပြစ်မှုတွေကို တော်လှန်ရေး အလွန်ကာလ၊ တော်လှန်ရေး အောင်မြင်တဲ့ ကာလအထိ ရွှေ့ဆိုင်းပေးတာမျိုးလည်း မလုပ်သင့်တဲ့ ကိစ္စတရပ် ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar