Breaking News

ကိုအောင်မှိုင်း - ပြန်ဆုံကြဦးစို့ရဲ့

ကိုအောင်မှိုင်း - ပြန်ဆုံကြဦးစို့ရဲ့

မိုးမခ ၊ ဩဂုတ် ၁ ၊ ၂၀၂၅


တိတ်ဆိတ်နေတဲ့ 

တန်ဖိုးတွေဟာ

မိုးကောင်းကင်မှာရှိတဲ့

ကြယ်ပွင့်လေးတွေပေါ့။


ပခုံးပေါ်က

အညစ်အကြေးတွေ

နှလုံးသားပေါ်က

အဆိပ်အတောက်တွေ

အချစ်ရေ 

မြက်ခင်းသစ်တခုကို

ဖြတ်မလျှောက်ရဲခဲ့ပါဘူး။


ဆွံ့အခဲ့ရတဲ့

နှုတ်ခမ်းတစုံအတွက်

ပေးဆပ်နိုင်တာအားလုံး

မျှော်လင့်ပါရစေကွယ်

အနာဂတ်ဟာ 

ဒို့ နှစ်ယောက်အတွက်

မဖြစ်လည်း ကျေနပ်ပါတယ်။


ကောက်ယူခဲ့ကြတာ

ပေးဆပ်ခြင်းဆိုတော့

နှလုံးသားတွေက

ဖြူစင်ခြင်းထက် 

ပိုမပိုင်ဆိုင်ဘူးလေ

ပန်းရိုင်းတောတွေမှာ

ပျော်ခဲ့ကြတဲ့ ဘဝတွက်

ကျေနပ်လိုက်ပါ အချစ်ရေ။


တောက်ပမှုတွေကို

ကျောခိုင်းလိုက်တာနဲ့

လွတ်လပ်မှုတွေက

မိတ်ဆွေဖွဲ့လာခဲ့ကြတယ်

ရိုင်းကုန်တဲ့ အိပ်မက်တွေကို

မေ့ပစ်လိုက်ကြစို့နော်

အဲဒါ

လိုချင်တဲ့ ချစ်ခြင်းတရား

လိုချင်တဲ့ လွတ်မြောက်ခြင်း

လိုချင်တဲ့ စကြဝဠာသစ်ပေါ့ကွယ်။


မိုးကောင်းကင်မှာ

အချစ်စောင့်နေတာ

ကိုယ် သိနေတယ်

ခံစားမှုမဲ့နေတဲ့

ခန္ဓာကိုယ်ဟာ 

လူကောင်းတွေတွက်

ဝန်တွေထမ်းပြီးရင်

ဆုံကြမယ် မိုးကောင်းကင်တစ်နေရာ။


ချစ်တဲ့လယ်ကွင်းတွေမှာ

ရွှေအိုရောင်စပါးတွေ

လွတ်လပ်စွာ ဖူးပွင့်တဲ့တစ်နေ့

ပြန်ဆုံကြဦးစို့ရဲ့  ချစ်သူ။




t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar