Breaking News

မောင်ဘဦး - သယံဇာတ

မောင်ဘဦး - သယံဇာတ

မိုးမခ ၊ ဩဂုတ် ၁ ၊ ၂၀၂၅


အညာဒေသ ဝါတွင်းကာလ။

ရွာဦးကျောင်း ဦးပဉ္စင်းလေး ဆွမ်းခံကြွချေပြီ။

မကြာသေးခင်ကမှ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားသဖြင့် စာသင်တိုက်က ထို ဦးပဉ္စင်းလေးကို ပင့်ခေါ် ကျောင်းတင်ထားရသည်။

ဦးပဉ္စင်းလေး ဆွမ်းခံတာက ကိုရင် မပါ၊ ကျောင်းသား မပါ၊ ဧကစာ တစ်ကိုယ်တည်း။ တစ်ပါးတည်း။ ကျောင်းမှာက ကျောင်းသား နတ္ထိ။ ကိုရင်တောင် တစ်ပါးတည်းသာ ရှိသည်။ သည်ကိုရင်တစ်ပါးကိုပင် အတော်ချော့မော့ကာ မွေးထားရသည်။ အကြမ်းဖက် စကစတွေ မကြာခဏ ရွာကို ဝင်ဝင်မွှေ၊ ဘုန်းကြီး ကိုရင်၊ လူပျို၊ လူအို၊ လူငယ်၊ ကလေးပါမကျန် လူသားတံတိုင်းအတွက် ဖမ်းဆီးခေါ်ဆောင်၊ မထင် မထင်သလို ပစ်သတ်လေတော့ ကိုရင့်မိဘများက စိတ်မချ။ လူထွက်ခိုင်း‌နေသည်။ လူမထွက်ဖို့ အတော်ပြောထားရသည်။ ပြီးတော့၊ အညာမြေမှာက စက်တပ်လေထီးတွေနဲ့ ဘုန်းကြီးကျောင်းတွေကိုပါ ဗုံးတွေ လာလာကြဲနေသကိုး။

ဝါ‌ခေါင်လဆန်း ၂ ရက်နေ့။ ဟိုဘက်ရွာ ဘုရားပွဲသို့ ကိုရင်ကို 'အရာ' (ကိုယ်စားလှယ်) ထည့်လိုက်ရသဖြင့် ဦးပဉ္စင်း တစ်ပါတည်း ဆွမ်းခံကြွရသည်။ 'ဘုရားပွဲ'ဆိုသဖြင့် ယခင်လို မုန့်ဆီကြော် မုန့်စီးယှက်၊ ပဲကတိုး၊ မုန့်ပေါက်၊ ဆွမ်းလောင်းပွဲမှာ မရတော့။ ဒကာ၊ ဒကာမတွေ အနေဖြင့် ကြော်နိုင်သေးပေမင့်၊ စက်တပ်လေထီး ဝဲသည်နှင့် မုန့်ကြော်ဖို့ ပြင်ဆင်ထားသည့် မုန့်ဖတ်၊ မုန့်နှစ်တွေကို ပစ်ချပြီး ထွက်ပြေးကြရလို့ပဲ ဖြစ်သည်။ ပြီးတော့၊ နေအိမ်မီးရှို့ခံကြရ၍ ရွာထဲမှာနေသူက နည်းနည်း။ တောတဲထိုးပြီး တခါတည်း စစ်ရှောင်ရင်း သွားနေသူတွေက ရွာတဝက်ကျော်လောက် ရှိပြန်သည်။ သည်တော့၊ အညာဘုရားပွဲမှာ အလွယ်တကူရနိုင်‌သော ကော်ဖီမစ်ထုပ်၊ ခေါက်ဆွဲခြောက်ထုပ်၊ ဒါလောက်ဆို အလုပ်ဖြစ်ပြီ။ ဒါလောက်ဆို တော်ပြီ။ ကျောင်းကျမှ ရေနွေးကြို ဘုန်းပေးကြပေရော့။

အဆိုပါ ဦးပဉ္စင်းလေးခမျာ၊ သင်္ကန်းကို ရုံ၊ သပိတ်ကို လွယ်၊ လက်တဖက်က စတီးဆွမ်းဟင်းချိုင့်ကို ဆွဲ၊ ခဲရာခဲဆစ် ဆွမ်းခံထွက်ရသည်။ စတီးချိုင့်ဘေးမှာလည်း ကြွပ်ကြွပ်အိတ်များက တိုးလို့တွဲလောင်း။ သည်ကြားထဲ ကျောင်းသို့သွား၍ ဘုရားပန်း မလဲလှယ်နိုင်သည့် ဒကာမကြီးက ဘုရားပန်းလှူလိုက်ပြန်ရာ၊ သပိတ်ပူပူပေါ်တင်ပြီး လျှောမကျအောင် ထိန်းကိုင်ခဲ့ရသေးသည်။ ရဟန်းတစ်ပါး၏ စက္ခုံန္ဒြေ၊ သောတိံန္ဒြေ၊ ကာယိန္ဒြေ ဖရိုဖရဲနှင့် တည်ငြိမ်အောင် မနည်း ထားရပါချေပြီ။

ဟိုရှေးယခင် ဆွမ်းခံကြရစဥ်၊ ဘုန်းကြီး၊ ဦးပဉ္စင်းတွေက များမှများ။ တန်းစီကြွကြသည်။ ရှေ့ဆုံးက ကြေးစည်တီးကျောင်းသား။ ကိုရင်၊ ကျောင်းသားတွေကလည်း ပေါမှပေါ။ ဆွမ်း၊ ဆွမ်းဟင်းတွေကလည်း သောက်သောက်လဲ။ ဆွမ်းဟင်းဆိုင်းထမ်း တစ်ခုစီကို ကျောင်းသားနှစ်ယောက်စီက ထမ်းပိုးနှင့် ပခုံးမှာ ထမ်းကြရသည်။ သည့်နောက် တဖြည်းဖြည်း ကျောင်းသား နည်း၍ နည်း၍လာရာ ဆွမ်းဟင်းဆိုင်းထမ်း နှစ်ခုကို ထမ်းပိုးနှင့်လျှိုကာ ကျောင်းသားတစ်ယောကတည်းက ထမ်းလာရတော့သည်။ သည့်နောက် ဆွမ်းဟင်းကလည်း နည်း၍ နည်း၍လာပြန်ရာ သင်္ကန်းကို ခေါင်းခုကရွတ်ခွေ ခွေ၍ ခေါင်းပေါ်မှာ ရွက်ရတော့သည်။ သည်ကနောက် ကျောင်းသားဟူ၍ မရှိလေတော့။ ဦးပဉ္စင်းကိုယ်တိုင် ဆွမ်းခံရင်း ဆွမ်းဟင်းပါ သယ်ယူရတော့သည်။

ကျောင်းသား နည်းတော့ ကိုရင် နည်းသည်။ ကိုရင် နည်းတော့ ဦးပဉ္စင်းလေးတွေလည်း နည်းလာသည်။ သည်ခေတ်ကာလ ဘုန်းကြီးကျောင်းများတွင် ‌ဖိုးသူတော်၊ ကျောင်းသားကတော့ မူးလို့ ရှူစရာပင် မရှိ။ အောက်ပြည်အောက်ရွာသို့ အလုပ်လုပ်၊ ပညာသင် လွှတ်ကုန်ကြပြီ။ နိုင်ငံရပ်ခြားတိုင်းတပါးသို့ သိန်း လေး ငါး ခြောက်ရာ အကုန်ခံ၍ အသွားခိုင်းကုန်ကြပြီ။ ပေါ်တာဆွဲတာတွေ၊ စစ်မှုအထမ်းခိုင်းတာတွေက ပေါလေသည်ကိုး။


× × ×


"မနေ့က အလုပ်က အပြန်၊ တစ်ယောက်တော့ ပါသွားပြန်ပြီဗျာ။ တီတီစီ-ဂိတ်နား တဲ့။ အမှတ် (၁) ထဲ ဆိုလို့ လိုက်နေကြတုန်း။"

"ဟာ။ တလောလေးကမှ တစ်ယောက်။"

"ဟုတ်ပ ဗျာ။ အဲဒီကောင်ကတော့ တခါတည်း စစ်သင်တန်းကို တန်းပို့လိုက်သတဲ့။ ဆိုင်ကယ်လေးတော့ ပြန်ရပါရဲ့။ ပွဲစားက ၃ သိန်း၊ စခန်းက ၄ သိန်း။ ၇ သိန်းပေးပြီး ရွေးခဲ့ရသဗျ။ ဒါတောင် ဆိုင်ကယ်က မကောင်းလို့။ တောင်းတောင်းပန်ပန်ရယ်။ စကူဘီတို့ ကလစ်တို့ ဆိုရင်တော့ 'ဆီပုံး'(ဆုံးပြီ)ပေါ့ဗျာ။"

"နို့ နေပါဦး။ အရင်တခါ ၄ ယောက်လည်း အလုပ်ကအပြန် ဆွဲထားသေးဆို။"

"ဟုတ်တယ် ဟုတ်တယ်။ အိမ်က မိန်းမတွေက ကိုယ်ဝန်ကြီးတွေနဲ့ဗျာ။ အရက်သမား လူဗလံတွေမို့ နေမှာပေါ့။ ပြန်လွှတ်လိုက်တယ်။ သိန်းနှစ်ဆယ်အစိတ် အနည်းဆုံးတော့ ကုန်ရှာကြမှာပါ။ ဖုန်းတွေတော့ အကုန်သိမ်းထားလိုက်သတဲ့။"

"ငထွန်းသားတောင် တနေ့က အဆွဲခံရလို့တဲ့။ လေး ငါးရက်ရှိပြီ။ ထမင်းဘိုး တရက် တသောင်းနဲ့ ဟိုပေး ဒီပေး လေး ငါးသိန်းလောက် ကုန်ပြီပြောတယ်။ ကလေးက ၁၄-၁၅ လောက်ရယ်။ ပွဲစားက စာသင်ကျောင်းထောက်ခံစာ ယူခဲ့ဆိုလို့ ထောက်ခံစာ ဘယ်လိုယူရမလဲ မေးနေသံ ကြားတယ်။"

"ကျောက္ကာလမ်းစတိုးဆိုင်မှာ ပစ္စည်းလေး သွားဝယ်တုန်းက ဆိုင်က အရောင်းကောင်လေးတွေ၊ ဗြုန်းခနဲ ထွက်ပြေးလိုက်ကြတာဗျာ။ လမ်းဖက်လှည့်ကြည့်လိုက်တော့ ကားအဖြူလေး ၃ စီး တန်းစီရပ်ထားသဗျ။ ကားပေါ်က သေနတ်တွေနဲ့ ဆင်းလာတော့မှ ဒါ့ကြောင့်ကိုးလို့ သိရတော့တယ်။ ကျုပ်လည်း ဘာမှမဝယ်တော့ပဲ အမြန် လစ်ထွက်လာခဲ့ရသဗျ။ ဘယ်လိုဖြစ်ရစ်မယ်တော့ မသိဘူး။ အဖိုးကြီး ဆိုပေမယ့်လည်း ဆွဲချင်ဆွဲမှာကိုးဗျ။"

"မန္တလေး-ကျောက်ဆည်ဖက် ဆေးမှူးလုပ်နေတဲ့ ဟိုဘဘက်ရွာက ကောင်လေးတော့ ခွေးဆွဲခံရပြီး ဗထူး တန်းပို့သတဲ့။ ဗထူးမှာ သင်တန်းသုံးလတက်ပြီး ပုသိမ် ဆက်ပို့လိုက်တယ်။ သိန်းရာချီကုန်ပြီးမှ ပုသိမ်ကနေ ပြန်ခေါ်လာရသတဲ့။"

"မန္တလေးဘက်တော့ ဗလာမပါ စစ်မှုထမ်းကံစမ်းမဲတွေ ပေါက်ကြသတဲ့ မောင်။ ဒို့မြို့မှာတော့ တချို့ အရွယ်ကောင်းလေးတွေ၊ ညည ပုန်းအိပ်ကြရသဗျ။ ခွေးပတ်ကင်းကားကလည်း ညတိုင်းပဲ တဲ့။"

"အေးဗျာ။ စစ်ကောင်စီအနေနဲ့က သူ့လုပ်စရာရှိတာကို တစိုက်မတ်မတ် လုပ်နေပေမယ့် ကိုယ့်အညာတော်လှန်ရေးအဖွဲ့တွေ ကတော့ ခုမှ ပေါင်းဖို့စည်းဖို့ ကြိုးစားရတုန်းဗျာ။"

"ဟိုဖက်ရွာက လိုကယ်ပီဒက်နဲ့ လိုကယ်အုပ်ချုပ်ရေးအဖွဲ့တွေ အချင်းချင်း တစ်ဦး တစ်ဦး စောင်နေကြသဗျ။ ဒါ ရွာတစ်ရွာထဲက နော်။ တလောလေးက လိုကယ်ပီဒက်ကို ကြက်ဝိုင်းလုပ်လို့ မြို့နယ်က ဝင်ဖမ်းဆိုလား ဗျာ။ 'ဒါ ဘယ်ကောင်တွေ လက်ချက်ဆိုတာ သိတယ်ကွ၊ ရေခပ်မကြုံ ထင်းခွေကြုံ'ဆိုပြီး ကြိမ်းသွားသတဲ့ဗျ။ ခုတခါ လိုကယ်အုပ်ချုပ်ရေးအဖွဲ့ ဖဲဝိုင်းကို မြို့နယ်ကပဲ ဝင်ဖမ်း ဆိုပြန်ရောဗျ။ တဦးတဦီး တိုင်ကြလို့ နေမှာပေါ့ဗျာ။ မိုဘိုင်းဈေးသယ်လေးက ဒီမနက်လေးကတင် ပြောသွားတယ်။ ဘယ်မလဲ၊ ကျေးရွာကာကွယ်ရေး။ ဘယ်မလဲ၊ ကျေးရွာလုံခြုံရေး။ ဘယ်မလဲ၊ စစ်ခွေးတပ်လှုပ်သတင်း။ အတော် ခက်ပါသဗျာ။"


× × ×


ရွာနီးချုပ်စပ်က မြို့သို့ အလုပ်သွားလုပ်ကြရသည့် လူငယ်တော်တော်များများ၊ ညနေအလုပ်ပြန်ချိန်တွင် စစ်ခွေးတို့၏ ပေါ်တာ၊ စစ်မှုထမ်း အဆွဲခံရသည်။ ပရိဘောဂ၊ လက်သမားလုပ်သူတွေ၊ ပန်းရန်လုပ်သူတွေ ညနေ အလုပ်ပြန်ချိန်ဆို အဆွဲခံရသည်။ အမျိုးသား ဆိုင်ကယ်မိုဘိုင်း ဈေးသည်တချို့လည်း အဆွဲခံရသည်။

အသက် ၁၂-၁၃-၁၄ ကျောင်းသားအရွယ်တွေလည်း အဆွဲခံရသည်။ အသက် ၆၀ တွေလည်း အဆွဲခံရသည်။ စစ်သင်တန်းသို့ ပို့လောက်သည့် အရွယ်တွေလည်း ဆွဲသည်။ မပို့လောက်သည့်အရွယ်တွေလည်း ဆွဲသည်။

စစ်သင်တန်း မပို့လောက်သည့်အရွယ်ဆိုလျှင် ငွေနဲ့ရွေးကြရသည်။ တချို့သော ကျောင်းနေအရွယ် လူငယ်လေးတွေတော့ စာသင်ကျောင်း ထောက်ခံစာဖြင့် သိန်း သုံး လေးဆယ် ပေးပြီး ပြန်ရွေးယူရသည်။ ဆိုင်ကယ်ကောင်းလျှင် ဆိုင်ကယ် ပြန်မပေးတော့။

အဆွဲခံရသူတွေ ပြန်ရွေးဖို့အတွက် 'ပွဲစားဈေးကွက်' ပေါ်လာသည်။ ပွဲစားသည် စရဖ၊ စရဖကတော်၊ ရခ၊ စခ၊ ရခ၊ စခကတော်၊ ဘုန်းကြီး၊ ထိုဘုန်းကြီး၏ လက်ထောက် ကိုယ်တော်၊ ဗိုလ်ကြီးကတော်၊ ဗိုလ်မှူးကတော်၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတို့၏ ယောက္ခမ၊ စကစနှင့် တနည်းနည်းဖြင့် ပတ်သက်နေသူများချည်း ဖြစ်သည်။ တခါတရံ နန်းစီဒင် အရာရှိဝန်ထမ်းတချို့ပင် ပွဲစားဖြစ်လိုက်သေးသည်။ နမခနယ်မြေမှ စရဖတပ်ကြပ်ကြီးတစ်ကောင် ဆိုလျှင် 'ရာ-ဘရိတ်၊ ထောင်-ဘရိတ်မှ ကိုင်တာ၊ ဆယ်ဘရိတ်လောက်နဲ့ မလာခဲ့နဲ့' ဟုပင် ဆိုကြသည်။

 'တတိတတိ နှင့် ငအိချေးပါသလို'၊ အညာကျေးလက်က လူငယ်လေးတွေ ခွေးဆွဲခံနေကြရသည်မှာ တဖြည်းဖြည်းနှင့် များလာချေပြီ။ ခွေးဆွဲပြီး စစ်သင်တန်းသို့ တန်းပို့သည်။ သတိလေးဆွဲ၊ ဘယ်ညှိ ညာညှိလေး ၃ လလောက် သင်တန်းပေးပြီး ရှေ့တန်းပို့သည်။ ရှေ့တန်းတွင် အသေခံခိုင်းသည်။

သဘောကတော့ သူတို့လက်အောက် မဝင်ချင်ကြတာ အတူတူ ပီဒီအက်‌ထဲတော့ အရောက်မခံနိုင်။ ရှေ့တန်းတွင် အသေခံ ဖြုန်းတီးပစ်မည်။ လူလှိုင်း သုံးပစ်မည်။ တဖက်တလမ်း အနေနှင့်လည်း တော်လှန်ပီဒီအက်တို့၏ လက်နက်ရိက္ခာကျည်တွေ ဖြုန်းတီးရာ ရောက်မည်။ ယုတ်စွအဆုံး၊ ပေါ်တာဆွဲထားသည့်သူများကို စစ်သင်တန်းသို့ မပို့နှိုင်သည့်တိုင်၊ စကစ နောက်လိုက် အပေါင်းအပါ‌ တွေအတွက် လူရွေးခအဖြစ် မျိုးမျိုးမြက်မြက် ဝင်ငွေရရှိကြစေမည်။ ထိုဝင်ငွေနှင့် တပါတည်း အတူရရှိလိုက်သည်က ၎င်းတို့အပေါ် အားကိုးလိုစိတ်ပင် ဖြစ်သည်။ တော်လှန်ဖက်က တစ်ဦးစ နှစ်ဦးစ တို့သည်ပင်လျှင် ၎င်းတို့လိုဖြစ်ချင်စိတ် ပေါ်လာနှိုင်ပေသေးသည်လေ။

စစ်ကောင်စီနှင့် နောက်လိုက်အပေါင်းပါတသိုက်တို့သည်ကား 'ဘယ်သူ သေသေ၊ ငါ့သားငါ့သမီး 'ငတေ'မာ ပြီးရော'ဆိုသူတို့ပင်တည်း။ ၎င်းတို့သည် အမိမြေ၏ မြေပေါ်မြေအောက် သယံဇာတဟူသမျှကို ၎င်းတို့ကိုယ်ကျိုးစီးပွား အတွက်သာ အသုံးချခဲ့ကြလေသည်။ ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ၊ သဘာဝဓါတ်ငွေ့၊ မြေရှားသတ္ထု၊ ပြည်သူပိုင်သယံဇာတ ဟူသမျှ ၎င်းတို့ပိုင်သဖွယ် ယူငင်သုံးစွဲ ဖြုန်းတီးဖျက်ဆီးပစ်ကြရုံတင် မကတော့။ ပြည်သူတို့၏ဘဝ ပြည်သူတို့၏စာရိတ္တကိုပါ ဖျက်ဆီးပစ်လာကြလေပြီ။ ဇွတ်အတင်းအဓမ္မ စစ်မှုထမ်းပေါ်တာဆွဲခြင်းဖြင့် မျိုးဆက်သစ် 'သယံဇာတ'ကိုပါ ထုတ်ယူ ဖြုန်းတီးလာချေပြီ။

'ပြည်သူ'ဟူသော အမှတ်အသားသင်္ကေတဟူ၍ ၎င်းတို့တွင် လုံးဝမှ မရှိကြတော့ချေ။ ၎င်းတို့အဖွဲ့၏ 'စပုတ်ခမင်း' ခေါ် ပြန်ကြားရေး-ဘူချုပ် ဇော်မဲလုံး၏ ပါးစပ်မှပင် 'ပြည်သူ' ဆိုတာ မရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်လေ။

စစ်ကောင်စီကတော့ ၎င်းတို့လုပ်ရမည့်အရာကို ၎င်းတို့လုပ်နိုင်သမျှ အကုန်လုပ်ပြီး အရေးသာအောင် ကြိုးစားနေသည်။ နောက်ဆုံးအနေနှင့် ရွေးကောက်ပွဲထွက်ပေါက်ကို မဖြစ်မနေ ဖေါ်ဆောင်လာချေပြီ။ အထက်အဆိုပါ ပေါ်တာဆွဲစစ်သင်တန်းမှာ အမှတ်စဉ် (၁၄)သို့ပင် ရောက်ရှိနေပြီဖြစ်ရာ သင်တန်းသားသစ် စုစုပေါင်း တစ်သိန်းကျော် ရရှိသွားလေပြီ။

မိမိတို့ တော်လှန်ရေးဖက်ကမူ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ဝေဘန်ပစ်တင် နေကြတုန်း။ 'နုကြည်'ဆိုလျှင် 'ငယ်နိုင်ပမာ' ပြောချင်ရာ ပြောဆိုပြစ်တင် နေကြတုန်း။ အပေါင်းလက္ခဏာ ထောက်ပြဝေဖန်မှုများကို ကြိုဆိုမိသော်လည်း၊ အပေါင်းလက္ခဏာ အယောင်ပြ၍ အနုတ်သဘော စောကြောဝေဖန်မှုများကိုတော့ အစာသိပ်မကြေချင်။ အားမပေးချင်။

စကစ ကတော့ လူလှိုင်းလုံး ရှိလာလေပြီ။ လေကြောင်းရေကြောင်း ပြည်သူ့ဘဏ္ဍာငွေ အထောက်အပံ့တွေလည်း ရှိပြီးဖြစ်သည်။ နောက်ကွယ်မှလည်း မြန်မာပြည်သယံဇာတ အဆီအနှစ်များကို စစ်အာဏာရှင်နှင့် ပေါင်းပြီး ထုတ်ယူဝါးမျိုနေသော ပြည်ပနိုင်ငံကြီး တစ်ချို့၏ စစ်လက်နက် အကူအညီ ထပ်ဆင့်၍ ရှိပြန်လေသည်။

သို့ဖြစ်ရကား၊ ဤယခု တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် တော်လှန်အဖွဲ့အစည်းအားလုံး ညီညီညွတ်ညွတ် တစုတစည်းတည်း တက်ညီလက်ညီ တော်လှန်ကြစေချင်သလို၊ (စကစဇော်မဲလုံး၏ ဝန်ခံချက်အရ ပြည်သူအဖြစ် စာရင်းအသွင်းမခံရသော) ပြည်သူများဘက်ကလည်း မိမိတို့ ရွက်ဆောင်နှိုင်သည့် တလရအတွက်ထောက်ပံ့ကူညီခြင်း၊ စကစဒေါက်တိုင်ဟူသမျှတို့အား ဆိုရှယ်ပန်းနစ်ရှ်မင့် လူမှုရေးအပြစ်ဒဏ်ပေးခြင်း၊ အပေါင်းလက္ခဏာ အယောင်ပြကာ အနုတ်သဘော စိတ်ဓာတ်ပျက်ပြား သွေးခွဲမှုများကို တစက်ကလေးမျှ မယုံကြည်ခြင်း၊ မိမိတို့၏ ရင်နှစ်သည်းချာ မျိုးဆက်သယံဇာတများကို ပေါ်တာအဖြစ် အကျိုးမရှိ အဖြုန်းတီးမခံခြင်း စသည်၊ စိတ်ဓာတ်ခိုင်မာပြတ်သားစွာဖြင့်  အားတိုက်အင်တိုက် ရွက်ဆောင်နိုင်ကြပါစေကုန်သတည်း။

"တော်လှန်ဘက်တော်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြ၍၊ တော်လှန်ရေးကြီး လျင်မြန်စွာ ပြီးစီးအောင်မြင်ပါစေ။"


သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

(မောင်ဘဦး၊ ၁၃၈၇၊ ခေါင်ဆန်း ၂)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar