လေးလေး - “စိန်ဗေဒါရှုံးတဲ့ လက်နှစ်လုံးအလို”
လေးလေး - “စိန်ဗေဒါရှုံးတဲ့ လက်နှစ်လုံးအလို”
(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၅
လူထုဦးလှရဲ့မူလပုံပြင်နာမည်ကလည်း လက်နှစ်လုံးအလို ပဲဖြစ်တယ်။စာအုပ်နာမည်အပြည့်အစုံ က ”အရှေ့ပိုင်းကရင် ခလောက်နို့ ပုံပြင်များ” ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲပါ။
တောင်နဲ့ မြောက်တန်းနေတဲ့ ဇွဲကပင်တောင်ရဲ့အနောက်ဘက်တောင်ခြေကစလို့ မြေပြန့်တလျှောက်လုံးကို ဒုံးရင်းနယ်။ အရှေ့ဘက်ခြမ်းကိုတော့ ခလောက်နို့နယ် လို့သတ်မှတ်ခေါ်ကြတယ်။ ခလောက်နို့ နယ်မှာရွာပေါင်း ၁၇ ရွာ ရှိပြီး၊ တနယ်နဲ့တနယ် သိပ်မတူကြဘူး။
ဒုံးရင်းနယ်ကလူတွေက ဇာတိမာန်တက်ကြွတယ်၊ကြံမယ်၊ စည်မယ်၊ လုပ်မယ်၊ ကိုင်မယ်၊ ဗမာအစ တကောင်းက ဆို သလို၊ ကရင်အစ ဒုံးရင်းက ဆိုတာမျိုး ပြောတယ်၊ လက်ဝှေ့ကျော် တွေအများကြီး ထွက်တယ်။
ခလောက်နို့နယ်သားတွေက စာပေ၊ ရိုးရာ၊ ယဥ်ကျေးမှု လိုက်စားတယ်၊ လောကကြီး ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးတွေ တဒိုင်းဒိုင်းချနေလည်း “ဂျပန်ဗုံးချလည်း ကရင် ဒုံးက မပျက် ဘူး” ဆိုတဲ့ လူစားတွေ။
လောကကို ရီစရာလုပ်တတ်တယ်၊ ဟာသက သူတို့ရဲ့ဝမ်းတွင်းပါလို ဖြစ်တယ်၊ ခလောက်နို့နယ်သားတွေနဲ့ ပတ်သက်ပြီး ပြောစမှတ်ပြုစရာတွေ ကရင်တိုင်းရင်းသားတွေကြား အများကြီး ရှိတယ်။ ဒါ့ကြောင့်ပဲ လူထုဦးလှရဲ့ ခလောက်နို့ပုံပြင်စာအုပ်က နှစ်တွဲခွဲ ထုတ်ရတာပဲ။
ပုံပြင်ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေက ၈၅ ရာခိုင်နှုန်းလောက် ပါ ပါတယ်လို့ ဦးလှက ပြောထား တယ်။
အခု ပြောမယ့် လက်နှစ်လုံးအလို ကလည်း ၁၉၇၄ ခုနှစ်က ကရင်စာပေသင်တန်းဆင်းပွဲတခုမှာ ဖြစ်ခဲ့ တာပါ။ သင်တန်းကို လာတက်ကြတဲ့သင်တန်းသားတွေထဲက တောင်ငူကတယောက်၊ ကော့ကရိတ်က တယောက်၊ ခလောက်နို့က တယောက် စကားဝိုင်းဖွဲ့ကြတယ်။
တောင်ငူသားက ခလောက်နို့သားပါတော့ စကားနဲ့ကြွားတာက သူ့ဦးလေးတယောက် ရေတွင်းတူးတာ အဝီစိ နားရောက်တယ်၊ အဝီစိက ကြက်တွန် သံတောင် ကြားရတယ် လို့ ပြောတယ်။ ခလောက်နို့သားက မင်းဟာက များလွန်းတယ်၊လျှော့ဦး ဆိုတော့၊ တောင်ငူသားက မလျှော့နိုင်ဘူး။
ငါ့ဦးလေးရေတွင်းက အဝီစိရောက်ဖို့ လက်နှစ်လုံးပဲ လိုတော့တယ်လို့ ထပ်ပြောတယ်၊ ဒီမှာတင် ကော့ကရိတ် သားက ”ဖြစ်နိုင်တယ်၊ တို့ဆီမှာ ဒေါနတောင်ရှိတယ်၊ တောင်ပေါ်ရောက်ရင် မြင့်လွန်းလို့ နတ်ပြည်တောင် လှမ်းမြင် ရတယ်၊ တခါတလေ သိကြားမင်းလေလည်သံတောင် ကြားရတယ်လို့ တောင်ပေါ်ကဆင်းလာတဲ့ အထမ်းသမား တွေက ပြော တယ်၊ ဒေါနတောင်က နတ်ပြည်ရောက်ဖို့ လက်နှစ်လုံးပဲ လိုတယ်။
ခလောက် နို့သားက “ မင်းတို့ပြောတဲ့ အဝီစိတို့ နတ်ပြည်တို့က မရောက်ဖူးတော့ မပြောတတ်ဘူး။ စကားနည်းနည်းကြမ်းပေမယ့် ပြောတော့ပြောရမယ်၊တို့ဆီက မိန်းမတွေ ကလေးမွေးရင်”စအိုဝ”က မွေးတယ်၊ “
တောင်ငူသားနဲ့ ကော့ကရိတ်သားက မဖြစ်နိုင်တာကွာ၊ ဓမ္မတာအတိုင်းလည်း မဟုတ်၊ တို့ရေတွင်းတို့ နတ်ပြည်တို့ကမှ သွားဆင်းကြည့်၊ တက်ကြည့်လို့ရသေးတယ်၊ မင်းဥစ္စာ မဖြစ်နိုင်တာချည်းလို့ ပြောကြတယ် ၊ ဒီတော့ ခလောက်နို့သားက ”ဒီလိုရှိတယ်လေကွာ၊ မင်းတို့ ရေတွင်းနဲ့ ဒေါနတောင်က အဝီစိနဲ့ နတ်ပြည်ရောက်ဖို့ လက်နှစ်လုံးပဲ လိုတယ်ဆိုတော့ ငါယုံလိုက်တယ်၊ ငါပြောတာလည်း ကွာလှ လက်နှစ်လုံးပဲ နေမှာပေါ့,မင်းတို့ ယုံပြီလား”
ကြံကြံဖန်ဖန်ပြောတတ်တဲ့ ခလောက်နို့သားကို တောင်ငူသားနဲ့ ကော့ရိတ်သားတို့ အရှုံးပေးလိုက်ရ တော့ တယ်။
“စိန်ဗေဒါ ရှုံးတဲ့ပွဲ”
“ဆိုင်းလောကမှ တစ်ဆူတည်းသော ဘုရား”လို့ဆိုစမှတ်ပြုရသူက ရွာစားကြီးစိန်ဗေဒါဖြစ်တယ်။ အဲ့ဒီ ပြိုင်စံ မပေါ်နိုင်ငံကျော်၊ ဆိုင်းဆရာကြီးစိန်ဗေဒါ ခံလိုက်ရတဲ့ ဆိုင်းတဆိုင်းရှိခဲ့ဖူးပြီး၊ စိန်ဗေဒါက သူ့ တပည့်တွေကို ကိုယ်တိုင်ပြောပြခဲ့ဖူတာလေးပါ။
စိန်ဗေဒါတို့ခေတ်က “ဆိုင်းပြိုင်” ဆိုတာ ရှိခဲ့ဖူးတယ်၊ ဆိုင်းလာငှားတဲ့သူက လာငှားကတည်းက ဆိုင်းပြိုင် ရှိတဲ့အကြောင်း အသိပေးပြောခဲ့ပေမယ့် ဘယ်ဆိုင်းနဲ့ ပြိုင်တီးရမယ်ဆိုတာတော့ ပြောလေ့ မရှိဘူး၊
စိန်ဗေဒါခေတ်က သူ့ပြိုင်တီးနိုင်တာဆိုလို့ သူ့အကိုအကြီး ကိုကြီးစိမ့်ဆိုင်းနဲ့ ကိုဘခင်ဆိုင်းဆိုတာပဲ ရှိတယ်။ ကျန်တဲ့ ဆိုင်းတွေက စိန်ဗေဒါကို ပြိုင်မတီးရဲကြဘူး၊
တရက်တော့ ဆိုင်းလာငှားရင်း ဆိုင်းပြိုင်ရှိတဲ့အကြောင်း လာငှားသူက အသိပေးသွားတယ်။ဒါနဲ့ တီးရမယ့်အလှုနေရာရောက်တော့ သူတို့ဆိုင်းနဲ့မနီးမဝေးမှာ လေးတိုင်စင်ဆောက်ပြီး၊မီးထွန်းထားတာပဲ တွေ့ ရတယ်။ ဆိုင်းပစ္စည်း ဘာညာ ချထား၊ဆင်ထားတာ မတွေ့ရဘူး၊
ဒါနဲ့ စိန်ဗေဒါဆိုင်းက ဆိုင်းပစ္စည်းတွေချ နေရာယူပြီး၊ညကျတီးဖို့ အသင့်ပြင်ထားလိုက်တယ် ။စိန် ဗေဒါသူ့တပည့်တွေကို ပြောပြတာက ”ပွဲထွက်ချိန်တိုင်လာတဲ့အခါ ဆိုင်းထုံးစံအတိုင်း ယိုးဒယား ကရောင်း စတီးတယ်၊
“ အဲ့ဒါပြီးတော့ ငါကိုယ်တိုင် ဆိုင်းဝိုင်းထဲဝင်ပြီး အဆူအထ တီးတာပါပဲ၊ အဲ့ဒါမှတီးကာရှိသေးတယ်၊ အရပ်သား တွေစုပြီး စက္ကူဆိုင်းဝိုင်းကြီးတခုကို “မ”လာတယ်၊စက္ကူဆိုင်းဝိုင်းကြီးအပြင် စက္ကူကြေး ဝိုင်းပတ်မကြီး အားလုံး အပြည့်အစုံ စက္ကူဝိုင်းကြီးတခု ဟိုလေးတိုင်စင်အောက် လာချကြတော့တာပဲ။
ဆိုင်းတီးမယ့်လူကလည်း ငါ့လိုပဲ အသားမည်းမည်း ဝဝတုတ်တုတ်၊ ငါဝတ်သလို အင်္ကျကြောင်ကြောင် ကျားကျား ၊လုံချည်ကြောင်ကြောင်ကျားကျားနဲ့ တကယ့် ငါ့ဂိုက်အတိုင်း။ပြီးတော့ တခါတည်း ပါးစပ် ဆိုင်း တီးတော့တာ ပဲကွာ။
ဒီအခါမှာ ငါ့ဆီက ပရိသတ်တွေအကုန်လုံး အဲ့ဒီဆိုင်းဝိုင်းဘက် ဝေါ၊ဝေါ၊ဝေါ၊ဝေါ နဲ့ရွှေ့သွားလိုက် ကြတာ၊ ငါ့ဆီမှာ လူမရှိတော့ဘူး၊ ငါလည်း မျက်လုံးပြူးလာပြီး တတ်စွမ်းသရွေ့တော့ တီးတာပဲ၊ ဒါပေမယ့် မရပါဘူး၊ ဘာလုပ်လို့မှ မရပါဘူး၊”။
စိန်ဗေဒါက သူ့တပည့်တွေကို “လူဟာ ဆင်နင်းလို့ မသေပေမယ့် သက်ကယ်ကျတာနဲ့ သေချင်သေတာကွ”လို့ အဆုံးသတ်ပြောပါတယ်။
စာကိုး-”အရှေ့ပိုင်းကရင် ခလောက်နို့ပုံပြင်များ” ပထမတွဲ၊ ဒုတိယတွဲ(လူထုဦးလှ)
ရတနာပုံမန္တလေး၊ မန္တလေး၊ ကျမတို့မန္တလေး (လူထုဒေါ်အမာ)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
