Breaking News

လေးလေး - “ကျော်ဝင်း အက်ဆေး”

လေးလေး - “ကျော်ဝင်း အက်ဆေး”

မိုးမခ ၊ ဩဂုတ် ၂၆ ၊ ၂၀၂၅


အက်ဆေး လို့နာမည်ပေးထားတဲ့ ဆရာကျော်ဝင်းရဲ့စာအုပ်ထွက်လာတယ်။ နွေဦးတော်လှန်ရေးလေးနှစ် ကျော် ကာလမှာ စာတွေဖိရေး၊စာအုပ်တွေ လှိမ့်ထွက်နေတာ ဆရာကျော်ဝင်းဖြစ်မယ်။”မြန်မာပြည်မှာ အက်ဆေးတွေကများ”လို့ ကျနော်မြင်နေချိန်မှာ ကျော်ဝင်းရဲ့အက်ဆေးစာအုပ်ထွက်လာတာပေါ့လေ။

ကျော်ဝင်းရဲ့အက်ဆေးတွေ အ ကြောင်း မပြောခင် စာရေးသူရဲ့အမှာစာမှာတင် ကျနော့်အတွက်တော့ တွေးစရာအစုံဖြစ်ရတယ်။ဆရာက အမှာ တနေရာမှာ သူနဲ့စာစီစာကုံးမိတ်ဆက်ကို ခုလို ရေးထား တယ် ။

““ဒီနေ့ မင်းတို့ကို စာစီစာကုံးအကြောင်း စပြောမယ်။စာစီစာကုံး ဆိုတာဘာလဲ၊သိကြလား”

“မသိပါဘူးဆရာကြီး”

“ဟုတ်ပါပြီ၊မသိရင် ဆရာရှင်းပြရမှာပေါ့”

ပြောပြောဆိုဆိုနှင့် ဆရာကြီးက စားပွဲပေါ်မှ စာအုပ်တအုပ်ကို ကိုင်မြှောက်ပြလိုက်သည်။

“ဒါဘာလဲ တပည့်တို့”

“စာအုပ်ပါဆရာကြီး”

“စာအုပ်တော့ ဟုတ်ပါပြီ၊ဘာစာအုပ်လဲ၊တိတိကျကျ ပြောပါဦး”

“စတုတ္ထတန်း မြန်မာဖတ်စာပါ ဆရာကြီး”

“ဟုတ်ပြီဗျာ၊ဒီစာအုပ်ထဲက စာတွေကို ဆရာက မင်းတို့ကို ရှင်းပြတယ်။ဒါကို စာသင်တယ်လို့ ခေါ်တယ်။ဒီအထိ ရှင်းတယ်နော်”

“ရှင်းပါတယ်ဆရာကြီး”

“စာစီစာကုံး ဆိုတာကတော့ မင်းတို့သင်ရတဲ့ စာအုပ်တွေထဲမှာ ဘယ်မှာမှ မပါဘူး။ဒါကြောင့် ဆရာအပါအဝင် ဘယ်ဆရာကမှလဲ မင်းတို့ကို သင်မပေးနိုင်ဘူး။ဒါကိုရော ရှင်းလား”

“မရှင်းပါဘူး ဆရာကြီး”

“ဒါဖြင့် ဒီလိုလုပ်၊ပထမဆုံး မင်းတို့အကြိုက်ဆုံးခေါင်းစဥ◌်ကိုရွေးလိုက်”

“ဘယ်လိုရွေးရမှာလဲ ဆရာကြီး”

“ကိုယ့်အကြောင်းကို ရေးချင်ရင်”ကျွန်ပ်၏အကြောင်း”ပေါ့”။ကိုယ့်အိမ်အကြောင်းကို ရေးချင်ရင် ကျွန်ပ် တို့အိမ်အကြောင်း”ပေါ့။ကိုယ့်ကျောင်းအကြောင်း ရေးချင်ရင် ကျွန်ပ်တို့ကျောင်းအကြောင်း” ပေါ့။ မင်းတို့ ကြိုက်ရာရွေး”

“ကျနော်က အမေ့အကြောင်းရေးချင်တယ်၊ဘယ်လို ခေါင်းစဥ◌်တပ်ရမလဲ”

“ကျနော့်အမေအကြောင်း ပေါ့ကွ”

“ကျမက ဆရာမအကြောင်း ရေးချင်တယ်”

“ကျမဆရာမအကြောင်းပေါ့။ကိုင်း နားလည်ကြပြီ လား”

“နားလည်ပါပြီ ဆရာကြီး”

“ဒါဖြင့်ရင် ကိုယ်ရွေးထားတဲ့ခေါင်းစဥ◌်မှာပါတဲ့ အကြောင်းအရာကို ကိုယ်မြင်သမျှ၊ကိုယ်တွေ့သမျှ၊ ကိုယ့်စိတ်ထဲ ရှိသမျှ လွတ်လွတ်လပ်လပ်ချရေး၊အဲ့ဒါ စာစီစာကုံး ပေါ့”

ဒီအထိဖတ်ပြီး ဆရာကျော်ဝင်းတယောက် “ဆရာအရ တော်လေခြင်း”၊”တို့တုန်းက ဒီလို ဆရာမျိုးနဲ့ မတွေ့ခဲ့ရ တာ နာ လေခြင်း”လို့ အတွေးရောက်တယ်။ တကယ်တော့ ဆရာကျော်ဝင်းလည်း ထင်သလို ကံကောင်းလှတာ မဟုတ်။ 

သူက ကျောင်းသားအများစုလို ကျောင်းအကြောင်း၊အမေအကြောင်း၊ ဆ ရာမအကြောင်း မရေးဘဲ အစ်တွေနဲ့ ညနေတိုင်လမ်းလျှောက်နေကျ မုံရွာ၊ကျောက်ဆောင်ဆိပ် အကြောင်း ရေးတယ်။

ကျောက်ဆောင်ဆိပ်ကနေ အနောက်ကိုကြည့်လိုက်တော့ ကြေးစင်တောင်၊လက်ပံတောင်းတောင်၊ ပြီး တော့ တောအုပ်၊ထန်းပင်၊နောက် မြစ်ဆိပ်၊မြင်ယောင်လာတာတွေ စာစီစာကုံးအဖြစ်ချရေးလိုက်တာ စာမျက်နှာ သုံး မျက်နှာနီးနီး ရသွားတယ်။

အဲ့ဒီနေ့က ဆရာကြီးဦးအောင်ကောင်းက မောင်ကျော်ဝင်းရေး တဲ့ စာစီစာကုံး အကောင်းဆုံးလို့ ချီးကျူးသွားသေးတယ်။

ငါးတန်းရောက်တော့ ဆရာမက မိဘမေတ္တာအကြောင်း စာစီစာကုံးရေးခိုင်းလို့ မောင်ကျော်ဝင်းက မိဘ မေတ္တာအ ကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးလိုက်တယ်။ဆရာမက ဒါ ကျောင်းသားရေးတာ မဖြစ်နိုင်ဘူး။ လူကြီး တယောက်ယောက်က ရေးပေးတာပဲဖြစ်မယ်ဆိုပြီး ဆယ်မှတ်ပေးတာ တမှတ်ပဲပေးတယ်။

မောင် ကျော်ဝင်းတယောက် ခြောက်တန်း ရောက်တော့ ပိုဆိုးသွားတယ်။သူရေးတာ စာစီစာကုံးပုံစံမဝင် ဘူး ။စာစီစာကုံး ဆိုတာ နိဒါန်း၊စာကိုယ်၊နိဂုံး ဆိုပြီး ပါရမယ်လို့ ဆရာမက သတ်မှတ်တော့ မောင်ကျော်ဝင်း စိတ်ဓာတ်ကျပြီး စာစီစာကုံး လုံးလုံးစိတ်နာပေါ့လေ။

အမှာမှာတင် တွေးစရာတွေပေးတယ်ဆိုတာ ဒါကို ပြောတာပါ။သိန်းဖေမြင့်ရဲ့”စာပေဘဝဇာတ်လမ်း စုံ မှာ”ဘု တလင်သား မောင်သိန်းဖေတယောက် အထက်တန်းကျောင်းသားဘဝ မုံရွာရောက်တော့ ဆရာ ကောင်း သမား ကောင်းတွေ နည်းပေးလမ်းပြလုပ်မှုနဲ့ စာရေးဆရာဘဝရောက်ရပုံ၊ ဒါတွေပြေးသတိ ရမိတော့ နည်းပေး လမ်းပြ ဆရာက သိပ်အရေးကြီးခဲ့တာ တွေးမြင်မိလိုက်လို့ပါ။

ကျော်ဝင်းရဲ့အက်ဆေးတွေမှာ “တိုင်း(မ)အက်ဆေးက ၂၂ပုဒ်(အများဆုံး)၊နိုင်ငံတကာအက်ဆေးက ၇ ပုဒ်၊ပင်ကို ရေးအက်ဆေးက ၈ပုဒ်နဲ့ စကားပြောအက်ဆေးက ၄ပုဒ်၊စုစုပေါင်း ၄၁ပုဒ် တိတိပါ ဝင် တယ်။

တိုင်း(မ)အက်ဆေးနဲ့ နိုင်ငံတကာအက်ဆေးတွေက ဘာသာပြန်တွေဖြစ်ပြီး စကားပြော အက်ဆေး ဆိုကတော့ စာရေးသူက သူ့ဘာသာ သတ်မှတ်တာပါ။

ဈေးကွက်စီးပွားရေးကိုကူးပြောင်းစ နိုင်ငံတွေရဲ့ လူမှုစီးပွားဘဝကို စကားပြောဟန်နဲ့ ပေါ့ပေါ့ပါး ပါးရေးထားတဲ့ စာတွေလို့ ဆိုထားပါတယ်။

ပင်ကိုရေးအက်ဆေးထဲက မင်္ဂလာရှိသောနိုင်ငံရေး ဆိုတဲ့စာစုကိုကောက်နုတ်ဖော်ပြချင်တယ်။

“နိုင်ငံရေးသမားနှင့်စာရေးဆရာ”

စာရေးဆရာကား နူးညံ့သိမ်မွေ့သည်။ဝေဒနာခံစားမှု၌ထက်မြက်သည်။ဆွတ်ပျံ့သည်။တစုံတရာကို စိစစ် ဝေဖန်တွေးခေါ်ပြီးမှ လက်ခံတတ်သည်။နိုင်ငံရေးသမားသည် မှားလျင်ပြင်မည်ဟူသော သဘောထား နှင့်တိုးလုပ်တတ်သည်။စာရေးဆရာကား အမှားနည်းရန်ကြိုးစားသည်။သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ်အမည်းတင်၍ ကမ္ပည်းထိုးရသူဖြစ်ရာ သတိကြီးစွာထားသည်။

ထို့ကြောင့် တခါတရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် မသင့်မတင့် ဖြစ်တတ်သည်။ (ကောက်နုတ်ချက်) (ဒဂုန်တာရာ၏”စာလုံး၊ဆေးစက်၊စောင်းကြိုးနှင့်ကတ္တီပါကားလိပ်မှ)

ကျော်ဝင်း အသက် ၂၀အရွယ် နိုင်ငံရေးစိတ်အားသန်နေချိန် ဒဂုန်တာရာနဲ့ အပြင်မှာတွေ့တော့ အဲ့ဒီစာမူ အပေါ် အစာမကြေကြောင်း ပြောပြတော့ ဒဂုန်တာရာက ခုလို ရှင်းပြတယ်။

“ဒီဆောင်းပါးဖြစ်လာတဲ့ နောက်ခံအကြောင်းကို ကျနော် ပြောပြမယ်လေ၊အဲ့ဒီတုန်းက ၁၃၀၀ ပြည့် အရေးတော်ပုံကာလဗျ၊ကျနော်တို့ သူငယ်ချင်းတသိုက် ငွေဖလားကြီးတလုံးနဲ့ မြို့ထဲကို အလှုခံထွက်ကြ တာပေါ့ဗျာ။အဲ့ဒီမှာတင် သူငယ်ချင်းတယောက်(ကိုထွန်းရှိန်-နောင် ဗိုလ်ရန်နိုင်)ဖိနပ်ပြတ်ရောဗျ၊ဒါနဲ့သူ က ငွေဖလားထဲကရံပုံငွေနဲ့ဖိနပ်ဝယ်မယ်လုပ်ရော၊ကျနော်က ဒါကို မကြိုက်ဘူး၊ဝေဖန်တယ်၊ရန်ပုံငွေကို ယူမသုံးသင့်ဘူးပေါ့ဗျာ။အဲ့ဒီတော့ နောက် သူငယ်ချင်းတယောက် (မနွယ်-နောင် ဝန်ကြီးချုပ် ဦးကျော်ြ ငိမ်းဇနီး)ကကျနော့်ကို “ရှင်ကလည်း ဇီဇာကြောင်လိုက်တာ၊မလွှဲသာလို့ ခဏယူသုံးတာ၊ကျောင်းရောက် ရင် ပြန်ထည့်မှာပေါ့”လို့ ပြောတယ်ဗျ။သူ ပြောတာမှန်ပါတယ်။ဒါပေမယ့် ကျနော့်စိတ်ထဲ ဘဝင်မကျ ဘူး။ဒီကတည်းက နိုင်ငံရေးသမားဖြစ်မယ့်သူနဲ့ စာရေးဆရာဖြစ်မယ့်သူ စဥ◌်းစားတာချင်း မတူဘူးလို့ ကျနော် စသိခဲ့တာ”

ဒါလည်း ကျော်ဝင်းကတော့ မကျေလည်ဘူး။ ဆရာ ကိုဗဟိန်းနဲ့ရော အလားတူဖြစ်ဖူးလား စောဒက တက်တော့ ဒဂုန်တာရာက မဖြစ်ဖူးဘူး၊ဒါဆို ကိုဗဟိန်းနဲ့ ကိုထွန်းရှိန် မတူတာဖြစ်မှာပါလို့ ပြောတယ်။ 

ဒဂုန်တာရာကတော့ ပြုံးပဲနေပါသတဲ့။ကျော်ဝင်းနိုင်ငံရေးက ခွာပြီး စာတွေဖိရေးရင်း စာရေးဆရာ ကျော်ဝင်းဖြစ်လာတော့မှ ဒဂုန်တာရာရဲ့”မုန်းသူကို ချစ်သူဖြစ်စေသောနိုင်ငံရေး”ဆိုတာကို လက်ခံခဲ့။

“ကျနော့်အထင် နိုင်ငံရေးတွင် အနု၊အရင့်၊အဆင့်တွေ ရှိမည်လား၊စဥ◌်းစားမိသည်။”လှုံ့ဆော်ပေးသော ၊”ဆွ”ပေးသော၊နိုင်ငံရေး(agitate)၊နှိုင်းနှိုင်းချိန်ချိန်နှင့် ရည်မှန်းချက်တခုကို ဦးတည်သောနိင်ငံရေး (deliberate)၊နှင့် ပညာနှင့်ယှဥ◌်သောနိုင်ငံရေး( educate)တို့ဖြစ်သည်။”

ဘာသာပြန်နိုင်ငံတကာအက်ဆေးတွေမှာ ကောင်းလွန်းတဲ့ အက်ဆေးတွေပါတာ သတိထားမိတယ်။

ကျနော်ကတော့ အက်ဆေး ဆိုတာ စကားပြောကောင်းတဲ့လူတယောက်ကကိုယ့်အနားလာထိုင်ပြီး စကားတသွင်သွင်ပြောနေတာကို ထိုင်နားထောင်ရတဲ့ အရသာမျိုးပေးမှ သဘောကျနှစ်သက်ပါတယ်။

ဆရာကျော်ဝင်းရဲ့အက်ဆေးစာအုပ်ကို တကောင်းစာအုပ်တိုက်က ၂၀၂၅ခုနှစ်၊မတ်လမှာ အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချီပြီး ရောင်းဈေးက တအုပ် ကျပ်တသောင်းခွဲတိတိ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar