တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို စစ်ကော်မရှင်ရဲ့ မဟာဗျူဟာ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၂၅ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၂၆၊ ၂၀၂၅
တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို စစ်ကော်မရှင်ရဲ့ မဟာဗျူဟာ
နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အာဏာသိမ်း စစ်တပ်အနေနဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ နယ်မြေတွေထဲက တချို့ကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်အဖို့ တချို့နယ်မြေတွေမှာတော့ ခံစစ်အနေအထားနဲ့ ခုခံနေရတာတွေ ရှိနေသေးသည့်တိုင် နေရာအများအပြားမှာ ထိုးစစ်ဆင်တာ လမ်းကြောင်းတွေ ဖြတ်တောက်တာတွေကို မဟာဗျူဟာ ချပြီး လုပ်ဆောင်လာတာ သတိပြုမိကောင်း သတိပြုမိကြပါလိမ့်မယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ စစ်အခြေစိုက်စခန်းတွေ၊ မြို့တွေ အုပ်ချုပ်ရေးနယ်မြေတွေ ၂၀၂၃ နှစ်ကုန်ပိုင်းကနေ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ တောက်လျှောက် လက်လွှတ်ဆုံးရှုံးခဲ့ရာက ၂၀၂၅ ခုနှစ်ထဲ ဝင်ရောက်လာချိန်က စလို့ စစ်ရေးချိန်ခွင်လျှာ အနည်းငယ်တန့်တဲ့အနေအထားကို ရောက်ရှိခဲ့လာတဲ့ သဘောတွေ့မြင်ကြရပါတယ်။
၂၀၂၅ ခုနှစ် နှစ်လယ် နောက်ပိုင်းမှာတော့ ပြန်ပြီးထိုးစစ်ဆင်တာတွေ စတင်လုပ်ဆောင်လာနိုင်တာ တွေ့မြင်လာကြရပြီး စစ်ရေးတင်မကတော့ပဲ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေဆီ စီးဝင်တဲ့ ငွေကြေး၊ သယံဇာတ စီးဝင်မှုတွေကို ပိတ်ဆို့ဖြတ်တောက်ဖို့ အထိ မဟာဗျူဟာ ချမှတ်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံ တခုလုံးအနေနဲ့ ခြုံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ထိုးစစ်ဆင်နေတာ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေဆဲ အနေအထားတွေ ရှိတဲ့ ဒေသတွေလို့ဆိုရင် ကချင်ပြည်နယ် ဖားကန့်၊ မကွေးတိုင်း အထက်ပိုင်း ယောဒေသ၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မန္တလေးတိုင်း သပိတ်ကျဥ်း၊ စဥ့်ကူး၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီပြည် (ကယား) နယ်စပ် မိုးဗြဲ၊ ဒီမော့ဆို၊ ဖယ်ခုံ ဒေသတွေ၊ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်မြို့နယ်တွေက အာရှလမ်းနဲ့ ကော့ကရိတ်-သင်္ဃန်းညီနောင် လမ်းဟောင်း၊ တနင်္သာရီပုလော၊ ပလ၊ စစ်ကိုင်းတိုင်း က မြို့နယ်အများအပြား စတဲ့ ဒေသတွေမှာ ထိုးစစ်ဆင်နေတာ၊ ထိုးစစ်အတွက် ရွှေ့ပြောင်း စုစည်းနေတာတွေ လုပ်ဆောင်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
ကျယ်ပြန့်တဲ့ နယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် တခုလုံးနီးပါး လက်လွှတ်ဆုံးရှုံးခဲ့ရပေမယ့် ရခိုင်ကို လတ်တလော အနေအထားမှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ထက် ကျန်ရှိနေတဲ့ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့တို့ကိုသာ မကျအောင် ကြိုးစားထိန်းသိမ်းနေရပြီး ရခိုင်ပြည်နယ်က အခြားဒေသတွေမှာ ပြန်လည် အခြေချဖို့ စိတ်ကူးထားပုံ မတွေ့ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ရခိုင်ရိုးမကို ကျော်ဖြတ်လာပြီးအတွင်းပိုင်း ဧရာဝတီ တိုင်းအစပ်၊ ပဲခူးတိုင်းအစပ်တွေမှာ AA လက်နက်ကိုင် အဖွဲ့တွေကို တားဆီးထားဖို့ အထိသာ ရည်ရွယ်ချက်ထားနေတာ တွေ့ရပါလိမ့်မယ်။ ရခိုင်ပြည်နယ်ကို ပြန်လည် တိုက်ခိုက်ဖို့ထက် မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့မြောက် နဲ့ တောင်ဘက်ဒေသတွေမှာ ရှိတဲ့ သယံဇာတ ထွက်ရှိတဲ့ နေရာတွေ၊ ကုန်စည်သယ်ဆောင်မှုက တဆင့် အခွန်အကောက် ကောက်ခံရရှိတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက် တိုက်ခိုက်ဖို့ ကြိုးစားတာ ထင်ရှားလာနေပါတယ်။ ကချင်ပြည်နယ်မှာ ရှိတဲ့ ဖားကန့်မြို့ကို အင်အား ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်ဖို့ ပြီးခဲ့တဲ့ လတွေက ရောက်ရှိသွားခဲ့ပြီး KIA အနေနဲ့ ဖားကန့် ဒေသက ကျောက်စိမ်းတွင်းတွေက အကောက်အခွန် ကောက်ခံရရှိမှုကို လျော့နည်းလာအောင် ရည်ရွယ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကချင်ပြည်နယ်မှာ ဖားကန့် ဒေသကို ထိုးစစ်ဆင်နေပြီး ဗန်းမော်မှာတော့ ခံစစ်ကို အင်အားထပ်ဖြည့်ကာ ဗန်းမော် စကခ ၂၁ မကျဖို့ နဲ့ ဗန်းမော်မြို့ရဲ့ အချို့အစိတ်အပိုင်းတွေ ပြန်လည် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဖားကန့် ထိုးစစ်ဟာ ကေအိုင်အေရဲ့ ဝင်ငွေရရှိတဲ့ လမ်းကြောင်းတခုကို လျော့နည်းသွားအောင် အာဏာသိမ်းစစ်တပ်ဘက်က မဟာဗျူဟာ အရ လုပ်ဆောင်တာ ထင်ရှားပါတယ်။
အလားတူပဲ ရှမ်းမြောက်ဒေသမှာ နောင်ချို၊ ကျောက်မဲ စတဲ့ မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းမကို စိုးမိုးထိန်းချုပ်နိုင်တဲ့ မြို့တွေကို ပြန်လည်ရရှိဖို့ ရည်မှန်းချက် ထားပြီး ထိုးစစ်ဆင်နေသလို မိုးကုတ်ဒေသလို ကျောက်မျက်ရတနာ တူးဖော်နိုင်တဲ့ နေရာကိုလည်း နောင်ချိုမြို့ပြန်သိမ်းပြီးနောက် အနှေးနဲ့အမြန် တိုက်ခိုက်လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
မိုးကုတ်နဲ့ ထိစပ်နေတဲ့ ရွှေထွက်ရှိရာဒေသတွေ ဖြစ်တဲ့ သပိတ်ကျဥ်း၊ စဥ့်ကူ စတဲ့ မတ္တရာမိုးကုတ်ကားလမ်း၊ မန္တလေး မြစ်ကြီးနားကားလမ်း တလျှောက်က ရွှေထွက်ရှိရာဒေသတွေကိုလည်း ပြန်လည် သိမ်းယူနိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေ့ရပါတယ်။ သပိတ်ကျဥ်းမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့သလို ခုရက်ပိုင်းမှာ ပုသိမ်ကြီးမြို့နယ်ထဲက ရွှေထွက်ရှိရာ ဖယောင်းတောင် ဒေသကိုလည်း ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေမှာ တွေ့ရှိလာရပါတယ်။
ကရင်နီပြည် (ကယား) ဒေသမှာတော့ သယံဇာတ ထွက်ရှိတယ်ဆိုတာထက် ဆက်သွယ်ရေး လမ်းကြောင်းနဲ့ လွိုင်ကော်မြို့နဲ့ ထိစပ်နေတဲ့ ဒီမော့ဆိုမြို့ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က အာဏာသိမ်းစစ်တပ်က ပြန်လည် ရရှိသွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ပင်လောင်း ဖယ်ခုံ၊ လွိုင်ကော်လမ်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။
ပဲခူးတိုင်းထဲမှာတော့ ကေအန်ယူဘက်ကလည်း ကြီးကြီးမားမား ထိုးစစ် ဆင်တာမရှိသလို ကရင်ပြည်နယ်ထဲက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့တာထက် ထိုင်းဘက်က ကုန်စည်သယ်ဆောင်မှုကို ကုန်းလမ်းခရီးကနေ ပိတ်ပင်ခဲ့ပါတယ်။ မဲဆောက်-မြဝတီက တဆင့် ဖားအံ ရန်ကုန် ကို သယ်ယူတင်သွင်းနေတာတွေကို တားမြစ်လိုက်ခြင်းဟာ ဒီလမ်းကြောင်းတလျှောက် ဖြတ်သန်းနေတဲ့ ကုန်စည်၊ ကားတွေ အပေါ် အခွန်အကောက် ကောက်ခံရရှိနေတဲ့ KNU, KNU/KNLA (PC), PDF နဲ့ DKBA တို့လို အဖွဲ့အစည်းတွေကို ဝင်ငွေ လျော့နည်းအောင် ရည်ရွယ် လုပ်ဆောင်တာ ထင်ရှားနေပါတယ်။ ပင်လယ်ရေလမ်းကြောင်းက တင်သွင်းတာကို ခွင့်ပြုပေမယ့် မြန်ဆန်စွာ ကုန်သွယ်နိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးကို တားဆီးခြင်းဟာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အခွန်အကောက် မရအောင် ရည်ရွယ် လုပ်ဆောင်ခြင်း သာဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံဖြတ်ပြီး သွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ နေရာတွေကို KNU/KNLA နဲ့ KTLA တို့က ထိန်းချုပ်ထားနိုင်တဲ့ အနေအထား ပိုမိုမြင်တွေ့လာရပါတယ်။ သို့ပေမယ့် ဒီပိုက်လိုင်းတွေက ကုန်စည်သယ်ဆောင်မှုလို အခွန်အကောက် ကောက်ခံလို့ ရတဲ့ ကုန်သွယ်မှုမျိုး ဟုတ်မနေပါဘူး။
အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆင်ရေး၊ ထိုးစစ်၊ ခံစစ် နေရာအရွှေ့အပြောင်းတွေ လုပ်ဆောင်နေတာဟာ နယ်မြေ သိမ်းယူနိုင်မှု သပ်သပ်သာ မက တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေရဲ့ ဝင်ငွေ ရနိုင်တဲ့ နေရာတွေကို တားဆီး ထိန်းချုပ်တာ ဖြတ်တောက်တာတွေ လုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်ဘက်မှာ မဟာဗျူဟာ ချမှတ်ထားတာ ထင်ရှားနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar