Breaking News

ဧဏီမင်း - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

Art- Than Htay Maung

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဧဏီမင်း
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၂၅

ဝုန်းခနဲပေါက်ကွဲသံနဲ့ အတူ
အပိုင်းအစတွေလွင့်စင်သွားတယ်
အသက်တချို့
ရုပ်တုတချို့

အိုး.......
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

အောက်ဆီဂျင်မလုံလောက်တဲ့ အခန်းထဲ
စာအံသံတွေဟာ အသက်ရှူကြပ်လွန်းတယ်
မထွေးကိုချဉ်း ဘာလို့ ဝိုင်းနေကြပါလိမ့်

အိုး...........
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

မြူးဇစ်က ဝိုင်တစ်ခွက်လို
ဝတ်လစ်စားလစ် အပျိုစင်လေးလို
စိတ်ကို မူးယစ်စေတယ်
လက်တွေ လေထဲလွင့်ကုန်ပြီ

အိုး............
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

နိုင်ငံတော်ဟာ
အသက်ဟာ
တဲအိမ်ကလေးဟာ
လောင်မီးကျနေတယ်
ဘယ်ကိုကြည့်ကြည့်
အသက်ကိုလု
ဥဒဟိုပြေးသွားနေတဲ့ လူအုပ်ကြီး

အိုး.......
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဂီတကို ဘဂဝါနဲ့ပေါင်းကြည့်တဲ့အခါ
အရိုးဆွေးနေတဲ့
ရှေးရိုးတွေ ခေါင်းထောင်လာကြတယ်
ရှေ့မှာ
ဦးခေါင်းတော်ပြတ်နေတဲ့ ရုပ်တုကြီးက
ပြုံးလို့ ရယ်လို့

အိုး..........
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ။

၁၂ စက်တင်ဘာ ၂၀၂၅
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar