Breaking News

မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၃)

မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၃)

မိုးမခ ၊ စက်တင်ဘာ ၁၄ ၊ ၂၀၂၅


"ဒလန်မွှေတဲ့မီး"

"ဒလန်ကိစ္စ ငါ ဆက်ပြောမယ် မောင်လေးရေ။

အဖမ်းခံရတဲ့ ကောင်မလေး ၂ ယောက်ကို လာဖမ်းတော့ သူကိုယ်တိုင် ပါတယ်။ ကောင်မလေးတစ်ယောက်ဆို အခန်းငှားပြီးခါစပဲ ရှိသေးတယ်။ ဘာလှုပ်ရှားမှုမှတောင် မစရသေးဘူး။ ဒလန်မက သူကိုယ်တိုင် ဖမ်းတဲ့ အဖွဲ့ ခေါ်လာတာ။ ဘယ်လိုမှ ငြင်းလို့ မရတော့ဘူး။

ငါလည်း ကံကောင်းလို့ မောင်လေးရေ။ ဒလန်မက ငါ့ကိုတောင် "မကြီး" တို့ ဘယ်လမ်းက ပြန်မှာလဲတဲ့၊ မေးသေးတာ။မသေချာဘူး၊ စီစဥ်ရဦးမယ် ဖြေထားလို့ပေါ့။

တစ်ခါကလည်း အဖွဲ့လိုက်ကြီး သူက စစ်တပ်ဂိတ် ရှိတဲ့ဘက်က ခေါ်သွားတာလေ။ လမ်းမှာ KIA က လှည့်ကင်းနဲ့ တွေ့လို့၊ ဒီလမ်းက မပြန်ရဘူး၊ ပြန်လို့မရသေးဘူး ဆိုပြီး လာလမ်းကို ပြန်လှည့်ခိုင်းလို့၊ အဲဒီလမ်းက ပြန်လှည့်ပြီး သင်တန်းကွင်းကို ပြန်ရောက်သွားကြတာ။ ငါတို့က အဲဒီတုန်းက သူတို့တွေ အတင်းပြန်ချင်နေလို့ ဖြစ်ရတာလို့ ထင်ကြတာ။ ဒလန်မက အကြံနဲ့ ခေါ်သွားမှန်းနောက်မှ သဘောပေါက်တာလေ။ ဒလန်က သူတစ်ယောက်တည်း မကပါဘူး။ ငါတို့ရှေ့က ဆင်းသွားတဲ့ သင်တန်းဆင်းအဖွဲ့ထဲမှာလည်း ပါတာပဲ။

ဒီလိုတော့ ရှိတယ် ငါ့မောင်ရဲ့။ သင်တန်းအတူတူ တက်ရင်း ခင်မင်လာတော့ နောင် အိမ်လာလည်မယ်၊ ခင်မင်မှုနဲ့ လိပ်စာတွေလဲကြ၊ တောင်းရင် ပေးကြတယ်လေ။ ဒလန်မက အပြန်လမ်းကြုံလိုက်ပါရစေဆိုပြီး အကုန်ပတ်မွှေသွားတာ..တဲ့..တို့ ရှေ့အပတ်စဥ်ကလေ။ တချို့ အရှောင်မြန်လို့ပေါ့။ လူက အိမ်မရောက်သေးဘူး။ ဖမ်းတဲ့အဖွဲ့က လာရှာနေပြီ။ လူ မရောက်ခင် လာရှာလို့ လွတ်သွားကြတာ။

အဲဒီဒလန်မက ငါ့တောင် လာမိတ်ဆက်သွားသေးတယ်။ အဲဒီတုန်းက ညဘက်ကြီး တွေ့ကြတာ။ ငါတို့ကွင်းမှာပဲ တစ်ည တည်းသွားသေးတယ်။ ကံကောင်းလို့ပေါ့။ သူက ငါ့ကို လာမိတ်ဆက်တာ အကြောင်းရှိတယ်။ ပြန်ရောက်လို့ လာဖမ်းတဲ့အခါ သူကိုယ်တိုင် ပါလာမှာလေ။ ငြင်းလို့ မရအောင် ကြိုပြီး မိတ်ဆက်ထားတာမျိုးပေါ့။ ဒါတွေက နောက်လူတွေ သင်ခန်းစာယူရအောင် ပြောပြတာ ငါ့မောင်ရေ။ ငါကလည်း အ တယ်။ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့ နှစ်ပြန်ကြော်တို့ ဘာလချောင်ကြော်တို့ ဝယ်ကျွေးလိုက်ရ​သေး။ ဖြစ်ပုံက၊ အဲဒီတုန်းက ငါတို့ အဆောင်မှူး ဖျားနေလို့ ငါက စားဆောင်မှာ တာဝန်ယူပေးနေတဲ့အချိန်ပေါ့။ သင်တန်းဆင်းလာတဲ့ သူတွေ ခဏ ဝင်နားလိမ့်မယ်။ ထမင်းကျွေးဖို့ ပြင်ဆင်ရမယ် ဆိုတော့၊ အဲဒီအဖွဲ့ထဲမှာ ကိုယ့်အသိတွေလည်း ပါလာတော့ နှုတ်ဆက်ကြ စကားပြောကြပေါ့။ ဒလန်မက ငါ့ကိုပါ​ ရောယောင်ပြီး မိတ်ဖွဲ့သွားတာ။ အဲဒီအဖွဲ့တွေ ပြန်သွားပြီး၊ မကြာပါဘူး၊ ဖုန်းဝင်လာတယ်။ အစ်မ ရေ၊ နင့်ကို မိတ်ဆက်ပေးခဲ့တဲ့ တစ်ယောက် မူမမှန်ဘူး။ ဒီမှာတော့ အကုန်ဝင်ဖမ်း၊ ဝင်ရှာနေပြီ။ သူ ဆက်သွယ်လာရင် သတိထားပြီး ရှောင်နေလို့ လှမ်းပြောပြတာ။ တို့အပတ်စဥ်က အဖမ်းခံရတဲ့ ဟိုကလေးမလေး ၂ ယောက် အခုထိ မလွတ်သေးဘူး။ ဖုန်းအဆက်အသွယ်တွေလည်း အခုနောက်ပိုင်း ပြတ်ကုန်တော့ သတင်းလည်း ထပ်မသိရသေးဘူး။



"ပြည်သူပေးတဲ့ဘွဲ့"

"မောင်လေးရေ...

ဒီရက်ပိုင်းအတွင်း ငါတို့အရင်က နေခဲ့တဲ့ ရွာတွေဘက်ကို စခတွေ ဆက်တိုက်ဆိုသလို ဝင်မွှေနေတယ်။ ငါ့အသိ အစ်မတစ်ယောက်ဆို အိမ်ထဲ ရှိသမျှ ပစ္စည်းတွေ အကုန်ရိုက်ခွဲခံရတယ်။ မနက် ၆ နာရီလောက်ကြီး လာရှာတာ။ အဲဒီအစ်မကတော့ လွတ်သွားတယ်။ အခြေအနေ သိပ်မငြိမ်လို့ တစ်ည ကြိုပြီး ရှောင်နေလို့ လွတ်သွားတာ။

အဲဒါကို မကျေနပ်လို့ အိမ်က ပစ္စည်းတွေရော၊ ရွာထဲက တော်လှန်ရေးနဲ့ ပတ်သက်တဲ့သူတွေရဲ့ အိမ်တွေပါ ဝင်မွှေပြီး အကုန်ဖျက်ဆီးသွားတာ ငါ့မောင်ရေ။ ငါ အရင်က အဲဒီမှာ နေခဲ့ဖူးတော့ သိတဲ့လူ​တွေက စိတ်ပူပြီး ဖုန်းလှမ်းဆက်ကြတယ်။ အဲဒီ အိမ်ရှင်အစ်မဆို သူ့အမေက အသက် ၈၀ ရှိနေပြီ။စခတွေ ခြေရှုပ်နေလို့ အိမ်ကို အသိတွေဆီ အပ်ပြီး ရှောင်နေရတာ။ သူ့အမေကလည်း ကျန်းမာရေး မကောင်းတော့ ထားခဲ့လို့ မဖြစ်ဘူး။ ငါ့မှာ လူလွတ်သွားတာပဲ တော်သေးရဲ့လို့ သဘောထားရတယ်။

အိမ်ကို ဝင်ရှာတာ လူမတွေ့ရကောင်းလား ဆိုပြီး စခတွေက ဘေးအိမ်က လူတွေခေါ်ပြီး ထိုင်ခိုင်းတယ်။ ဘယ်သွားလဲ သိလားတဲ့။ ဆေးခန်းသွားပြကြတယ် ဆိုတော့ မယုံဘူးတဲ့။ အိမ်မှာရှိတဲ့ အဲဒီအစ်မ ဓာတ်ပုံတွေပါ ဖြုတ်ယူသွားကြတယ်။ ပြီးတော့၊ ဘယ်လောက်လွတ်အောင် ပြေးမလဲ၊ ပြေးထားဦး။ မလွတ်ပါဘူးလို့ ပြောသွားတယ်တဲ့။ ညဆို ဘယ်ရွာသွားတယ်၊ ဘယ်မှာ နေတယ်၊ အကုန်သိတယ်လို့လည်း ပြောတယ်တဲ့။

ငါ့မောင်ရေ...

နင်တို့ကတော့ ငါတို့တော်လှန်ရေး အင်အားစုတွေ စစ်ကိုင်းတိုင်းထဲ ကြီးစိုးထားနိုင်တယ်လို့ ကြားနေမှာပေါ့။ အဲဒါကို ယုံ​နေကြတယ်ပေါ့။

ငါ ပြောပြမယ် မောင်လေး။ တကယ်တမ်းကျ ပြည်သူဟာ ပြေးစရာ မြေမရှိပါဘူး ငါ့မောင်ရယ်။ ငါတို့ လွှမ်းမိုးတယ်ဆိုတာ စခတွေ မလာခင် အချိန်ပါ။

အေး၊ ငါ ထပ်ပြောပြမယ်။

စခတွေ လာရင် ဘယ်သူတွေ အရင်ပြေးလဲ နင် သိလား။ လန ကိုင်ထားတဲ့ တာဝန်ရှိ တပ်ရင်းတပ်ဖွဲ့တချို့နဲ့၊ တာဝန်ခံရာထူးယူထားတဲ့ အရာရှိကြီးတွေရယ်၊ ကစလ(ကိုယ်စားလှယ်) ဆိုတဲ့ ပြည်သူ့ Mandated ရထားတဲ့ သူရဲကောင်းကြီးတွေလေ။ လူငယ်လေးတွေက မပြေးချင်ဘူး။ ပြန်ချမယ် ဆိုတော့၊ မရပါဘူး။ ခုချက်ချင်းဆုတ်ဆိုရင် အမိန့်မို့ မလွန်ဆန်ရဲကြဘူး။ ပြန်ဆုတ်ရတယ်။ အဲဒီမှာ ရွာခံပြည်သူတွေ ကျန်ခဲ့ရော။ စခတွေ နှိပ်စက်သမျှ ခံရတာပေါ့။ တလရ သမားတွေ နေသွားတာဆို​တော့ နင် စဥ်းစားကြည့်ပေါ့ဟာ။

ကြာတော့ ငါ ရှက်လာတယ်။ ရှက်စရာကြီး ဖြစ်လာတယ်။ ငါတို့ ဒီဘက်မှာ နာမည်တွင်​နေတာ ဘာလဲ သိလား။

"လက်နက်ကိုင် စစ်ပြေးရှောင်"တဲ့။

ပြည်သူပေးတဲ့ ဘွဲ့ပေါ့ဟယ်။



မောင်လေးရေ

ပြောလက်စနဲ့ ဆက်ပြောပြဦးမယ်။

ဒီမှာ အခု ဘာတွေ ဖြစ်နေလဲ ဆိုရင် အစပိုင်းက တလရ တပ်ရင်း တပ်ဖွဲ့တွေ ဝင်လာကြတယ်။

နယ်ခံတွေ၊ ရပ်ကျေးအဖွဲ့လေးတွေ၊ ရပ်ရွာ ဒေသခံတွေအတွက် သူတို့ဟာ ဘုရားငယ် တွေပဲ။ဝမ်းသာအားရ ကြိုဆိုကြတယ်၊ ကျွေးမွေးကြတယ်၊ အားကိုးရပြီဆိုပြီး ထမင်းတွေ ဖိတ်ကျွေးကြ၊တည်းတဲ့ ဘုန်းကြီးကျောင်းကို လာပြီး ချက်ပြုတ်ကျွေးမွေးကြနဲ့။ နောက်၊ PDF တွေရှိတယ်သတင်းရလို့ စခတွေ စစ်ကြောင်းထိုးလာပြီဆို ရှေ့ဆုံးက ပြေးတာ သူတို့ပဲ။ ရှက်ဖို့ကောင်းချက်ကတော့ ငါ့မောင်ရေ။

ဒါတွေ ငါက ကိုယ်တွေ့မို့ သိရတာ။ အဲဒီတုန်းက ငါက ရုံးတာဝန်နဲ့ဆိုတော့၊ ကိုယ့်ရုံးပစ္စည်း အကုန်ပါအောင် သယ်တယ်။ စာရွက်တစ်ရွက် မကျန်ခဲ့စေရဘူး။ ကျန်ခဲ့ရင် တစ်ခရိုင်စာ လူရာဂဏန်းရဲ့ မိသားစုတွေ ဒုက္ခရောက်မှာလေ။ တစ်ရက်တော့ ရှေ့ကင်းက စက်ပေါက်တယ်။ ခပ်လှမ်းလှမ်း လယ်ကွင်းတွေဘက်ကနေ လှုပ်ရှားချီတက်လာတာ တွေ့တယ်။ ခန့်မှန်း လူအင်အား ဘယ်လောက်၊အလက်တွေ ပါတယ်။ ကိုယ့်အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတာ ရှိလားပေါ့။ ကိုယ့်လူ​တွေလားပေါ့။လှမ်းမေးပါတယ်။ ဝတ်စုံတွေက အနက်တွေ၊ အလက် အပြည့်အစုံပါတယ်​ပေါ့။ ငါတို့ နယ်ခံတွေထဲမှာ local နဲ့ ရပ်ကျေးအဖွဲ့လေးတွေမှာက အလက်မှ မရှိတာ။ MoD ရဲ့ တပ်ရင်းတွေမှာပဲ အလက်ရှိကြတာ။ ကိုယ့်လူတွေ မဟုတ်မှန်း သိရပြီ။

ငါ့မောင်ရေ၊ ရှေ့ကင်းက အဲဒီလို သတင်းအပြည့်အစုံ စက်ပေါက်ပြီ ဆိုတာနဲ့၊ ငါတို့ ရဲ့ တာဝန်ရှိသူတွေ သိပ်သတ္တိကောင်းတာ၊ သူ့အိတ်သူ ဆွဲပြီး ကတုတ်ကျင်းထဲ ဆင်းပြေးတော့တာပဲ။ အဲဒါကို တစ်နေရာတည်း အတူနေတဲ့ အခြားအဖွဲ့တွေ အကုန်တွေ့တော့ အရှက်ကွဲတာပေါ့။ ငါကတော့ လက်စဖျောက်စရာ ရှိတာဖျောက်။ အိတ်တွေ ရသလောက်သယ်၊ CDM အစ်ကို တစ်ယောက်က လာကူတယ်။ တာဝန်ရှိသူက ငါ့ကို ပြောသေးတယ် ငါ့ညီမ တအားနှေးတာ..ကြာတာပဲ တဲ့။ သြော်..ခက်သား.. ကိုယ့်အသိစိတ်က တစ်ယောက်တည်း ကြောက်အားလန့်အား ကိုယ်လွတ်ရုန်းပြေးဖို့ ခွင့်မပြုဘူးလေ။ ရန်သူကို မတိုက်နိုင်ရင်တောင် ကိုယ့်လူနဲ့ ကိုယ့်အဖွဲ့ဝင်တွေ ရဲ့ အချက်အလက်ကိုတော့ တတ်နိုင်သမျှ မကြုံရအောင် ကာကွယ်ရမယ် မဟုတ်လား။

တကယ်က တက်လာတဲ့ စခတွေကို မြင်နိုင်တဲ့ တစ်နေရာကနေ လှမ်းရေကြည့်လာသေးတာ။ ၂၀ ကျော်ပဲ ရှိတာ။ ပြန်လုပ်ပစ်လို့ ရတယ်။ ကိုယ်တွေမှာလည်း အလက်အပြည့်အစုံ ရှိတာပဲ။ ချက်ချင်းပဲ ရဲဘော်တွေက နေရာယူကြတယ်။ အခြေအနေ စောင့်ကြည့်ပြီး ပြန်တိုက်ခိုက်ဖို့ပြင်ကြတယ်။ ဒါပေမဲ့ ခံပြင်းစရာ ကောင်းစွာနဲ့ပဲ ခေါင်းဆောင်လုပ်သူရဲ့ ဘယ်သူမှ မပစ်နဲ့.. အလက်သံ မပေးနဲ့ ဆိုတဲ့ ဘာမှန်းမသိတဲ့ အမိန့်သံအောက်မှာ ရန်သူက ကိုယ့်ဌာနေနဲ့ ပစ္စည်းတွေ မီးရှို့နေတာကို ဒီအတိုင်း ကြည့်နေခဲ့ကြရတာ။ ခဏနေတော့ ဟိုက တပ်စိတ်တစ်စိတ်ကို လှမ်းမြင်တော့ အကြီးရော အသေးရော သုံးပြီး တရစပ် ပစ်ပါလေရော။ ပြန်ပစ်ခွင့်မရတဲ့ ငါ့ရဲဘော်လေးတွေ အသက်လု ပြေးကြရတာ။ ဒါလည်း ကိုယ့်ဘက်က ပြန်ပစ်ခွင့်မပေးဘူး..တိုက်ခွင့်မပေးဘူး။ ဒီလိုနဲ့ပဲ ရန်သူက သူ လုပ်ချင်တာလုပ်ပြီး အေးဆေး ပြန်သွားတယ်။ ရဲဘော်တွေ နေရာက နေကြည့်ရင် ဘယ်လောက် ခံပြင်းစရာကောင်းလဲ။မင်းပဲ စဥ်းစားကြည့်ပါတော့။..ပစ်ခွင့်မပေးတဲ့ အကြောင်းပြချက်က အဲဒီနေရာ PDF ရှိတာ စကစ သိမှာ စိုးလို့..တဲ့..။ သတင်းရလို့ပဲ ဟိုက လာတာလေ။ လာတာမှ camp နေရာ တည့်တည့်ကြီး အတိအကျလာတာ။ ပြီးတော့ ကျောပိုးအိတ်လေး ဆွဲပြေးတဲ့ တာဝန်ရှိသူကြီးများ ကျန်နေခဲ့တဲ့ သူတို့ ကိုင်ချင်တယ်ဆိုလို့ ခွဲပေးထားတဲ့ စာရင်းဇယားတွေရယ်.. သူတို့ တစ်ဦးချင်းစီ ထိန်းသိမ်းရမယ့် ခဲယမ်းတွေ.. ယူနီဖောင်းတွေ ဟိုက အကုန်တွေ့သွားတာကို များ..ဆင်ခြေပေးသေးတာ။

 ဒီတစ်ပွဲကတော့ ကိုယ့်မှာ လူသူ လက်နက်အင်အား အပြည့်အစုံ ရှိပါလျက်နဲ့ အခြေအနေ အသာစီးရပါလျက်နဲ့ လက်တွေ့မကျတဲ့ သံသယ ဖြစ်စရာအမိန့်တွေ၊ အရည်အချင်း မပြည့်ဝတဲ့ ဦးဆောင်သူတွေအကြောင်း ကိုယ်တွေ့ကြုံလိုက်ရတဲ့ အမှတ်တရပေါ့။ ဦးဆောင်သူက စစ်ဒေသ (၁) က ခန့်အပ်လိုက်တဲ့ သူရဲကောင်းကြီးလေ။ ခေါင်းဆောင်နေရာ ယူထားတဲ့သူက အဲဒီလိုကြီးပါဆို။ ငါ ဒါတွေ ပြောပြနေတာ ပြုပြင်ပြောင်းလဲရေးမှာ အသုံးဝင်စေချင်လို့ပါ။ တကယ့် စေတနာပါ။

 camp ထဲက ထွက်တုန်းကလည်း ဘယ်သူမှ အသိလည်းမပေး၊ ဘယ်သူမှလည်း ခေါ်မထုတ်ဘဲ သူ အရင် ဆင်းပြေးတာ။ ငါတို့က ကျောင်းထဲက ကိုရင်တွေ မြန်မြန်ထွက်ကြပါ အော်ရတယ်။ ဘုန်းတော်ကြီး ကျန်နေလား၊ ဆရာ၊ ဆရာမတွေ စုံပြီလား၊ စစ်ရတယ်။ ကျန်နေသေးရင် သွားရှာပြီး ပြန်ခေါ်ထုတ်ရတယ်။ တစ်ကျောင်းလုံး ပတ်စစ်ပြီးမှ အထဲက ထွက်နိုင်တယ်။ ရွာထဲက ပြည်သူတွေကတော့ ကိုယ့်အထုပ်လေးကိုယ်ဆွဲပြီး ခြေဦးတည့်ရာ ပြေးကြရတာပေါ့။ ကြိုတင်ပြင်ဆင်ထားတာ မရှိနေသေးတော့ ပြည်သူကို ဘေးလွတ်ရာ ထုတ်ပေးဖို့ စနစ်တကျ မစီစဥ်နိုင်ဘူး။ ငါကတော့ ရုံးပစ္စည်းတွေ လုံခြုံမယ့်နေရာ ပို့ဖို့ ရပ်ကျေးက အစ်ကိုတွေက ကူညီပေးတော့ လုံခြုံအောင်သိမ်းလို့ရသွားတယ်။ လမ်းမှာတွေ့တဲ့ ပြည်သူလည်း တစ်ပါတည်း ခေါ်တာပဲ.. သူတို့မှာ ဘယ်လမ်းက ဘယ်လိုပြေးမှ လွတ်မယ် စကစ က ဘယ်ဘက်ကလာနေလဲ မသိရှာကြဘူးလေ။ ခြေဦးတည့်တာ ပြေးနေရှာကြတာ။ တွေ့သမျှလူတွေ အကုန် ကျမနောက် လိုက်ခဲ့ဆိုပြီး ခေါ်ခဲ့ရ.. ပြီးတော့ ရပ်ကျေးက ရဲဘော်တွေ လက်ထဲအပ်.. စကစ နဲ့ လွတ်နိုင်မယ့်ဘက် ထပ်ရွှေ့ပေးဖို့ လုပ်ရတယ်။ ဒါက ကိုယ်နဲ့ လမ်းမှာတွေ့တဲ့ လူလေ.. မတွေ့တဲ့ တခြားဘက် ကြုံသလို ပြေးရတဲ့ ပြည်သူတွေ ကျ ကိုယ်လည်း မကူနိုင်ခဲ့ဘူး။ အခြေအနေတွေဟာ တကယ်ကို ဝရုန်းသုန်းကားပါပဲ။

ကဲ၊ ပြည်သူတွေဘဝ ဘယ်လောက် သနားစရာကောင်းလဲ။ စစ်ကြောင်း ဝင်လာရင် ဘယ်ကို ပြေးပါလို့ ဦးဆောင်ပေးမယ့် သူမရှိလို့၊ ချောင်ပိတ် အဖမ်းခံရတာတွေ အများကြီးပဲ ငါ့မောင်ရေ။ တချို့နယ်တွေများ စခ သတင်းရတာနဲ့ တာဝန်ခံ ပုဂ္ဂိုလ်ကြီးတွေများ အရိပ်တောင် မမြင်ရတော့ဘူး။

ငါ့လည်း မကြာမကြာ ပြေးရလွန်းတော့၊ PT ဘောင်းဘီ အဆင်သင့် အလွယ်ထားရတယ်။ ပြေးရပြီဆို ပွိုင့်ဖိနပ်နဲ့ ကျောပိုးအိတ်နဲ့မှ ဟန်တယ်။ သယ်ရတဲ့ ရုံးပစ္စည်းက များတယ်လေ။ တစ်ခုခုဆို အဝတ်အစားတွေ ဘာတွေထက်..ရုံးပစ္စည်း၊ စာရွက်စာတမ်း၊ ရဲဘော်တွေရဲ့ အချက်အလက်ပါတဲ့ ပစ္စည်းတွေ အကုန်ပါဖို့လုပ်ရတယ်။ ရေဘူးနဲ့ စားစရာ မုန့်အခြောက်ရယ်၊ ဆေးရယ်က လွဲရင် တစ်ကိုယ်စာပစ္စည်း သိပ်မယူဘူး။ ကိုယ့်ကြောင့် စကစလက်ထဲ ရင်းက ပစ္စည်းတွေ ပါသွားတာမျိုး မဖြစ်ရအောင်လို့လေ။

 နောင်မှ ဒရုန်းအကြောင်း ဆက်ပြောပြဦးမယ် မောင်လေးရေ။


 မာန်(တောင်လုံးပြန်)

ဆက်လက်ဖော်ပြပါမည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar