ခေါင်းကြီး- ကမ္ဘာနှစ်ခုနဲ့ ငါတို့ပြည်ထောင်စု
ခေါင်းကြီး- ကမ္ဘာနှစ်ခုနဲ့ ငါတို့ပြည်ထောင်စု
မိုးမခ ၊ စက်တင်ဘာ ၁ ၊ ၂၀၂၅
*ရှေးပဝေသဏီကတည်းက ငါတို့ မြန်မာပြည်မှာ...
မြေပြန့်လွင်ပြင်နဲ့ တောင်တန်းတောင်စဉ်များ...
ပင်လယ်ကမ်းမြှောင်နဲ့ ကုန်းခေါင်ခေါင်အရပ်...
မိုးခေါင်ရေရှားရပ်ဝန်းနဲ့ မိုးများလွန်းတဲ့ဒေသ...
စသဖြင့် ဇာတိရေမြေ နေရာတွေမတူကြသလို...
များပြားလှတဲ့တိုင်းရင်းသား သွေးချင်းတွေကြားမှာ...
တစ်ခါတလေ လွဲမှားတဲ့ အယူဝါဒတွေကြောင့်...
ဘယ်လိုပဲ စိတ်ဝမ်းတွေ ကွဲပြားကြပေမဲ့လည်း...
အဝေးကမ္ဘာမခြားဘဲ အေးအတူပူအမျှ...
အတူတကွ နေခဲ့ကြတာကတော့ အမှန်ပါပဲ...။
*အခုလတ်တလော ကာလတွေမှာတော့...
ကမ္ဘာ့အင်အားကြီး တိုင်းပြည်ကြီးနှစ်ခုကြားက...
ငါတို့ပြည်ထောင်စုငယ်လေးအတွင်းမှာ...
စစ်အာဏာရှင်စနစ်ဆိုးကြောင့် အနိဋ္ဌာရုံအမျိုးမျိုးကြုံလျက်...
ဖက်ဆစ်မိစ္ဆာတွေရဲ့ မတရားနှိပ်စက်မှုတွေကြား...
စစ်မက်တွေဖြစ်ပွား ညီနောင်ရင်းတွေ အချင်းများပြီး...
တစ်သီးတခြားစီ ဖြစ်တည်နေတဲ့ ကမ္ဘာနှစ်ခုပမာ...
ရင်နာစရာတွေ ဖြစ်ပျက်နေတာက အသေအချာပါပဲ...။
*ဒီမြေဒီရေ ဒီတိုင်းပြည်ထဲမှာ နေကြတာချင်းအတူတူ...
ရေပေါ်ဆီလို တချို့လူတွေက...
ကလပ်တွေ ဘားတွေ စားသောက်ဆိုင်တွေရဲ့...
ဆူညံပွက်လောရိုက်နေတဲ့ ဒီဂျေသီချင်းသံစဉ်တွေကြားမှာ...
အရက်သေစာသောက်စား ဆက်ရက်မင်းစည်းစိမ်ခံစားရင်းနဲ့...
အသိတရားကင်းမဲ့စွာ မြူးထူးပျော်ပါးနေကြတယ်...
မြေစာပင်လို တချို့ပြည်သူတွေကတော့...
မြို့တွေရွာတွေ စိုက်ခင်းယာခင်းတွေရဲ့အနား...
တောတောင်လျှိုမြောင် ချောက်ကမ်းပါးတွေမှာ...
လေယာဉ်သံ ဒရုန်းသံ ဗုံးကြဲသံ အမြောက်သေနတ်သံတွေကြား...
စားသောက်စရာနတ္ထိ အားကိုးရာလည်းမရှိကြ...
ဘာကိုမှဂရုမပြုနိုင်အားဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့...
အသက်လုပြီး ပြေးလွှားနေကြရရှာတယ်...။
*ဒီမြေဒီရေ ဒီတိုင်းပြည်အတွင်းမှာ နေရတာချင်းအတူတူ...
စစ်မုန်တိုင်းလွတ်နေသူ တချို့လူတွေက...
မီးရောင်စုံတွေလင်းထိန် ဘာကိုမှစိုးရိမ်နေစရာမလိုတဲ့...
ကိုယ့်မြို့ကိုယ့်ရွာက ကိုယ့်အိမ်ကိုယ့်ယာတွေမှာပဲ...
အနေအစားမပျက် ဘုရားသွားကျောင်းတက်လို့...
ပုံမှန်ကာလတစ်ခုလိုပဲ နေသားကျနေကြတယ်...
စစ်မုန်တိုင်းကြားက ပြည်သူများစွာကတော့...
အလွန်ယုတ်မာပက်စက်တဲ့ စစ်အာဏာရူးတွေကြောင့်...
မီးလောင်ပြာကျနေတဲ့ မြို့ပျက်ရွာပျက် အိုးအိမ်ပျက်တွေ...
ကျောင်းကန်ဘုရားပျက်တွေရဲ့ အဝေးတစ်နေရာမှာ...
စစ်ဘေးရှောင်တွေဘဝနဲ့ ဒုက္ခတွေမကုန်မခမ်း...
ငရဲခန်းလိုပဲ ခံစားဖြတ်သန်းနေကြရရှာတယ်...။
*စာသင်ကျောင်းတွေမှာ ပညာသင်ခွင့် ရှိတာချင်းအတူတူ...
ကံကောင်းသေးတဲ့ တချို့ကလေးတွေက...
ဆရာဆရာမအစုံ သင်ထောက်ကူပစ္စည်းအကုန်...
အမိုးအကာလုံတဲ့ စာသင်ခန်းတွေထဲမှာ...
လုံခြုံအေးချမ်းစွာနဲ့ ဉာဏ်ပညာကွန့်မြူးနိုင်ကြတယ်...
ကံဆိုးရှာတဲ့ တချို့ကလေးတွေခမျာတော့...
အမိုးအကာဗလာနတ္ထိ လူသူပစ္စည်း အပြည့်အစုံမရှိ...
လုံခြုံရေးသတိနဲ့နေရတဲ့ ပတ်ဝန်းကျင်အမှန်မှာ...
လူမဆန်လွန်းသူတွေရဲ့ သေမင်းတမန် လေယာဉ်သံနားစွင့်ရင်း...
ဗုံးခိုကျင်းတစ်လှည့် ယိုင်နဲ့နဲ့စာသင်ခန်းတစ်ခါ...
ရင်ထဲမှာတထိတ်ထိတ် ကြောက်ရွံ့စိတ်များစွာနဲ့...
ကျီးလန့်စာစား ပညာရှာနေကြရတယ်...။
*ဆေးရုံဆေးခန်းတွေမှာ ရောဂါကုသမှု ခံယူရတာချင်းအတူတူ...
ရွှေဘုံစံ တချို့လူနာတွေက...
ကျန်းမာရေးဝန်ထမ်းအစုံအလင် ဆေးဝါးပစ္စည်းတွေအပုံအပင်နဲ့...
ခေတ်မီဆေးရုံကြီးတွေမှာ ငွေကုန်ကြေးကျခံပြီး...
ကံကောင်းထောက်မစွာ အသက်ရှင်သန်ခွင့်ရကြတယ်...
မယ်ပဋာလို တချို့လူနာတွေကတော့...
"မစားရတဲ့အမဲ သဲနဲ့ပက်" ကမ်းကုန်အောင်ရက်စက်သူတွေကြောင့်...
လူနာတွေနဲ့ထပ်တူ အသက်ကိုဖက်နဲ့ထုပ် အလုပ်လုပ်နေကြရတဲ့...
ဆရာဝန်ဆရာမများက ဘယ်လိုပဲ ကြိုးစားကယ်တင်ပေးနေကြပေမဲ့...
ရှိသမျှကံကြမ္မာလေးနဲ့ အသက်ခန္ဓာရှင်သန်နိုင်ဖို့အရေး...
အလွန်လေးပင်စွာ ရုန်းကန်နေကြရရှာတယ်...။
*ဒီလိုအခြေအနေ အချိန်အခါတွေအတွင်းမှာ...
စာရေးဆရာမကြီး ခင်နှင်းယုရဲ့...
"ကိုယ့်နေရာလေး ကွက်အေးနေတာနဲ့ပဲ...
နွေကိုပူတယ်လို့ မထင်တော့ဘူးလား" ဆိုတဲ့...
အလွန်ပဲတာသွားလှတဲ့ နိုင်ငံကျော်စကားလေးကို...
နားထဲမှာ မကြာခဏ ကြားယောင်နေမိရင်း...
နှလုံးသားအတွင်းမှာ အနာတရ ခံစားနေရတာမို့...
အထူးအလေးထားပြီး ကိုးကားပြောချင်နေမိတယ်...။
*ဒီတိုင်းပြည်မှာ ကပ်ကြီးသုံးပါး ခံစားနေကြရတာချင်းအတူတူ...
တချို့လူ့ငနွားတွေက...
မတရားမှုတွေကြားမှာပျော်ပါး ကိုယ်ချင်းစာတရားတွေခေါင်းပါး...
အဓမ္မသမားတွေလှည့်ဖြားတာကို အလိုတူအလိုပါအားပေးရင်း...
"တိုင်းပြည်အေးချမ်းသာယာပြီး တိုးတက်ကြီးပွားနေတယ်"လို့...
မုသားစကားတွေ အပြည့်အသိပ်နဲ့ မျက်စိကိုစုံမှိတ်လျက်...
တစ်စက်မျှအရှက်မရှိ ပြောနေယုံနေကြတယ်...
တချို့တကယ့်လူသားတွေကတော့...
တရားမျှတမှုကိုစံထား ဗြဟ္မစိုရ်တရားတွေထွန်းကားစေဖို့...
ဓမ္မဘက်တော်သားတွေအဖြစ်နဲ့ စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ရင်း...
ငရဲတွင်းထဲမှာ ညှဉ်းဆဲခံနေရသူတွေနဲ့ အတူရပ်တည်...
"အဘက်ဘက်ကပျက်သုဉ်းသွားတဲ့ ကျရှုံးတော့မဲ့တိုင်းပြည်"အဖြစ်...
အစစ်အမှန်အတိုင်း မြင်ကြကြားကြတယ်...။
*သူငယ်ချင်းရေ...
အချင်းချင်းမို့ ပွင့်ပွင့်လင်းလင်းပဲ မေးပါ့မယ်...
နောင်တကင်းကင်းနဲ့သာ ရှင်းရှင်းလင်းလင်း ဖြေလိုက်စမ်းပါ...
အခု မင်းကရော...
ငါတို့တိုင်းပြည်ရဲ့ ဘယ်ကမ္ဘာမှာ နေနေတာလဲ?
ဘယ်ကမ္ဘာမှာနေရတာ မင်းရဲ့လိပ်ပြာလုံနိုင်မှာလဲ?
လူ့တိရစ္ဆာန်တွေများပြား မတရားတဲ့ကမ္ဘာမှာပဲ ဘာသိဘာသာနေပြီး...
တစ်ကိုယ်စာပဲ မင်းပျော်ဖို့ကြံမလား?
လူလူချင်းစာနာထောက်ထား တရားမျှတတဲ့ကမ္ဘာဘက်မှာ ပြတ်ပြတ်သားသားနေပြီး...
ကိုယ်ကျိုးမဖက် မင်းတော်လှန်မလား?
မင်းသာ လူသားစစ်စစ် ဖြစ်ချင်သေးရင်တော့...
အချိန်မနှောင်းသေးခင်မှာ အမြော်အမြင်ကြီးစွာနဲ့...
အသေအချာ အပြန်ပြန်အလှန်လှန်တွေးပြီး...
မြန်မြန်လေး အမှန်ကိုဆုံးဖြတ်လိုက်ပါ...
ဒါမှမဟုတ်...
လူမလုပ်ချင်တော့ဘူးဆိုရင်လည်း...
"သခင်အားရ ကျွန်ပါးဝဖို့"အရေး...
ခွေးတိုးပေါက်ကဝင် အရိုးအရင်းလေးသာကိုက်ပြီး...
ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ကိုယ်ပြုသမျှကိုယ်ခံဖို့သာပြင်...
ကြိုးစင်အထိတောင် လိုက်ရင်လည်းလိုက်ရမှာမို့...
ကိုယ့်ဟာကိုယ် ဆက်မိုက်ချင်လည်း မိုက်နေလိုက်ပါတော့...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar