Breaking News

မောင်လူမွှေး - ထိုက်တန်တဲ့သူတွေအတွက် ထိုက်သင့်တဲ့နေရာ

မောင်လူမွှေး - ထိုက်တန်တဲ့သူတွေအတွက် ထိုက်သင့်တဲ့နေရာ

မိုးမခ ၊ စက်တင်ဘာ ၁ ၊ ၂၀၂၅


ပင်ပန်းလွန်းတဲ့အခါ ဒီတစ်ရက်တော့ ဘာကြီးဖြစ်ဖြစ် စာသင်ချိန်တွေကလွဲရင် ကျန်တာ အကုန်နားမယ်လို့ ဆုံးဖြတ်ပြီး နားရတဲ့ ရက်တွေ ရှိပါတယ်။ ပင်ပန်းလွန်းတော့ စာသင်ပြန် တရှိုက်အိပ်ပျော်မယ်။ အိပ်ရာထတော့လည်း မောင်လူမွှေးတစ်ယောက် ငေါင်စင်းစင်းနဲ့ ကော်ဖီတစ်ခွက်ရှေ့မှာ ချပြီး အထီးကျန်သလို ခံစားရတယ်။ ပညာရပ်ဝန်းမှာ နေချင်တယ်။ စာပေသမားတွေနဲ့ တွေ့ချင်တယ်။ 

ဆရာနောင်ကျော် ဆုံးတော့ စိတ်ထဲမှာ "ငါတို့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုပဲ သွားကြတော့မှာလား။  ငါ့တို့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေအတွက် ဘာမှ ခမ်းခမ်းနားနား လုပ်မပေးနိုင်တော့ဘူးလား။ လေးလေးနက်နက် အသိအမှတ်ပြုမှုတွေ မဖော်ထုတ်နိုင်ကြတော့ဘူးလား။ 

ပြီးတော့ နိုင်ငံခြားရောက်သွားကြရတဲ့ မိတ်ဆွေတွေအကြောင်းကိုလည်း တွေးမိတယ်။ ကိုယ့်နိုင်ငံမှာဆို အများက လေးစားခြင်းခံရတဲ့ ကျောင်းဆရာမ။ စင်ကာပူ ရောက်သွားတော့ အိမ်ဖော်။ အများကြီး။ အများကြီး။ ဒီထဲမှာ ဆယ်တန်းကို လေးဘာသာဂုဏ်ထူးနဲ့အောင်၊ ပညာရေးတက္ကသိုလ်ဆင်းပြီးခါစ မောင်လူမွှေး တပည့်မလေးလည်း ပါနေတာကို သတိရမိတယ်။

ပြီးတော့ မောင်လူမွှေးရဲ့ စာပေမိတ်ဆွေ၊ ဆရာသမားတွေ။ ကိုယ့်နိုင်ငံမှာဆို အများက အသိအမှတ်ပြုကြ၊ လေးစားကြတဲ့ စာရေးဆရာတွေ။ ကိုယ့်နိုင်ငံမှာလည်း အချမ်းသာကြီး မဟုတ်ပေမယ့် အသင့်တင့်ငွေကြေးလေးနဲ့ ရောင့်ရဲနေထိုင်ပြီး ပြည်သူ့မျက်စိဖွင့်ပေးဖို့ ကြိုးစားခဲ့ကြသူတွေ။ ခုလည်း သူတို့တွေ သူများနိုင်ငံမှာ စက်ရုံအလုပ်သမား၊ ဟိုတယ် အလုပ်သမား.. ။ 

မောင်လူမွှေးတို့ မြေပြင်မှာ လုပ်နေကြတဲ့သူတွေကရော ဘယ်လို ဖြစ်မှာပါလိမ့်လို့ ဆက်တွေးမိတယ်။ ဗုံးကြဲတဲ့ထဲ ထိမှန်သေဆုံးနိုင်ခြေ ရှိတယ်။ စစ်ကြောင်းနဲ့ တိုးနိုင်ခြေနည်းပေမယ့် လုံးလုံးကြီး အန္တရာယ်မကင်းသေးဘူး။ ဖျားနာရင် ကုသပေးဖို့ ဆရာဝန်၊ ဆေးဝါးခက်ခဲတယ်။ ကိုယ် တတ်တဲ့ ပညာကို အခမဲ့ ဖြန့်ဝေမယ်။ ထမင်းနပ်မှန်၊ ကော်ဖီနပ်မှန်၊ ဆိုင်ကယ်ဆီ ရှိရင် ဘဝက လည်ပတ်နေပြီ။

နောက်ဆုံးအတွေးတွေကို ချုပ်ကြည့်လိုက်တော့ မောင်လူမွှေး ဆရာသမားတွေရော၊ မိတ်ဆွေတွေရော၊ မျိုးဆက်သစ် လူငယ်တွေရော အားလုံးဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ထိုက်တန်တဲ့နေရာမှာ မနေကြရဘူး။ ထိုက်တန်တဲ့ လေးစားဂုဏ်ပြုမှုကို မရကြဘူး ဆိုတာ တွေ့ရတယ်။

လူဆိုတာ အသက်ရှင်စဥ်အတွင်းမှာ ထိုက်တန်တဲ့နေရာကို ရသင့်ကြတယ်လို့ မောင်လူမွှေး ယုံကြည်တယ်။ ဆရာနောင်ကျော်ဟာ မောင်လူမွှေးတို့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်းကိုပဲ ထိုက်တန်တဲ့နေရာကို ယူသွားတဲ့ ဆရာပါ။ ဒါပေမဲ့ မောင်လူမွှေးတို့ဟာ ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေကို နှလုံးသားထဲမှာပဲ တိတ်တဆိတ် နေရာပေး သိမ်းထားရုံနဲ့ ကျေနပ်သင့်ပြီလား။ တကိုယ်ရေ ချစ်ရေးချစ်ရာကိစ္စလိုမျိုး နှလုံးသားမှာ အမြဲသိမ်းထားလိုက်မယ် လုပ်လို့မရတာတော့သေချာပါတယ်။

မောင်လူမွှေးတို့ဟာ ထိုက်တန်တဲ့လူတွေကို ထိုက်တန်တဲ့နေရာ ပေးတတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ရမယ်။ ကွယ်လွန်သွားသူတွေကိုလည်း သူတို့နဲ့ ထိုက်တန်တဲ့ အမှတ်တရနဲ့ ဂုဏ်ပြုလေးစားခြင်းကို ပြသကြရမှာ ဖြစ်တယ်။ အကောင်းဆုံးကတော့ အသက်ရှင်စဥ်ကာလမှာ ထိုက်တန်တဲ့သူကို ထိုက်သင့်တဲ့ နေရာပေးခြင်းပဲ ဖြစ်တယ်။ ဘယ်အချိန်မှာများ ထိုက်တန်တဲ့သူတွေကို ထိုက်သင့်တဲ့နေရာ ပေးနိုင်မှာလဲ။ မောင်လူမွှေးတို့ အများကြီး ကြိုးစားကြရဦးမှာဖြစ်ပါတယ်။ ထိုက်တန်တဲ့သူတွေ ထိုက်သင့်တဲ့နေရာကိုရဖို့ဆိုတာ တစ်ဦးတစ်ယောက်ထဲ ကြိုးစားလို့ရတာမဟုတ်ဘူးဆိုတာကိုလည်း ထဲထဲဝင်ဝင် နားလည်ကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar