တာပလု - တောင်အရပ်မှာ မိုးတွေညို့လာရင်
တာပလု
မိုးရာသီကို ဖိုးပြူးမကြိုက်ဘူး။ မိုးရာသီဟာ ဖိုးပြူးကို စိတ်ဒဏ်ရာတွေ အများကြီးပေးခဲ့တာလို့ပဲ ပြောရပါမယ်။ လူတယောက်မှာ မကြိုက်တဲ့ ရာသီတခုခုတော့ရှိမှာပါ။ ဖိုးပြူးမကြိုက်တဲ့ ရာသီကတော့ မိုးရာသီပါပဲ။
"သားကြီး မြန်မြန်လုပ်မှ ရမယ်။ နောက်မဟုတ်ရင် ဒီပဲတွေ တစေ့မှရမှာမဟုတ်တော့ဘူး"
အမေက ဖိုးပြူးကို လယ်တလင်းထဲမှာ တိုက်တိုက်တွန်းတွန်းနဲ့ အလုပ်ကိုတွန်းလုပ်ဖို့ ဆော်ဩပါတယ်။ တောင်အရပ်မှာ မိုးတွေလာနေတယ်။ မကြာခင် အင်နဲ့အားနဲ့ မိုးကရွာချတော့မှာပါ။
လယ်တလင်းဘေးက စင်တခုမှာ အိပ်နေတဲ့ ဖိုးပြူးရဲ့ညီလေးက ခေါင်းထောင်ပြီးတော့တောင် ထမကြည့်ဘူး။
"ဟေ့ကောင် ပဲတွေမိုးမိတော့မယ်၊ ထကူပါဦးကွ" လို့ ဖိုးပြူးက သူ့ညီလေးကိုပြောတော့ ညီဖြစ်တဲ့သူက တဖက်လှည့်ပြီးတော့တောင် ဆက်ပြီးအိပ်နေလိုက်သေးတာ။
ထမကူတော့လည်း ဆက်ပြီးပြောမနေတော့ပါဘူး။ တကယ်တော့ ညီဖြစ်သူ အခုလိုနေလဲ နေစရာလို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ လယ်တလင်းထဲက စပါးတဖြတ်၊ ပဲတဖြတ်ပြီးတာတောင် ဝတ် စရာအဝတ်အစားတစုံတလေတောင် အိမ်ကဝယ်မပေးနိုင်ဘူးလေ။
သူထပြီး အလုပ်လုပ်တော့ရော၊ သူ့အတွက်ဘာမှ မကျန်တာ။ အခုလိုအိပ်နေတာပဲကောင်းပါတယ်။ ဖိုးပြူးကတော့ အကြီးဖြစ်တာရော၊ အမေပင်ပန်းနေတာကို မကြည့်ရက်တာရော ထလုပ်ရတော့တာပေါ့။
တကယ်တန်းတော့ ဖိုးပြူးလဲ အမေနဲ့အတူ အခုလိုပင်ပန်းခံပြီးလုပ်ကိုင်နေတာ စိတ်ပါလို့တော့ မဟုတ်ဘူး။
မိုးတွေရွာကျလာတော့မယ်။ မိုးမလာခင် ရှေ့ပြေးလေကတိုက်နေပြီ။ အမေရော၊ ဖိုးပြူးရဲ့ကိုပေါ်မှာပါ ချွေးတွေကရွှဲလို့ပါပဲ။ ဒီလိုအချိန်မျိုးဆို ခြေပစ်လက်ပစ် ပက်လက်လှန်လှဲပြီး အနားယူလိုက်ချင်တာ။ ဒီလိုလဲလုပ်လို့မရပြန်ဘူး။
"သားလေးလာပါဦး၊ ပဲတွေမိုးမိရင် ဆုံးပါးကုန်တော့မှာ။ လာပါဦး၊ လာကူပါဦး" လို့ အမေက ညီလေးကို မိုးရွာတော့မယ့် ဆဲဆဲမှာပဲ နောက်တကြိမ်ထပ်ခေါ်ကြည့်တယ်။
ညီလေးကတော့ အိပ်မြဲအိပ်နေဆဲပါပဲ။ တကယ်တန်းအိပ်လို့ရသလား။ တမင်တကာ ပေပြီးနေတာလားဆိုတာ ဖိုးပြူးဘယ်သိပါ့မလဲ။
ညီလေးအိပ်နေတဲ့ ဘေးမှာထိုင်နေတာက အကြွေးရှင်။ ပဲပေးယူထားလို့ တလင်းဘေး လာထိုင်စောင့်နေတာ။ အကြွေးရှင်က တလင်းဘေး လာထိုင်စောင့်နေတာဆိုတော့ ဒီတလင်းထဲက ရသမျှပဲတွေ သူအကုန်သယ်သွားမယ်ဆိုတာ ဖိုးပြူးရော၊ သူ့ညီလေးပါ သိထားနှင့်ကြပါပြီ။
ဒီလိုမျိုးဖြစ်တဲ့ ဖြစ်ရပ်က ဒီတကြိမ်ထဲမှ မဟုတ်တာ။ အရင်နှစ်တွေက စပါးတဖြတ်၊ ပဲတဖြတ်မှာလဲ အခုလိုပဲ အကြွေးရှင်တွေ လယ်တလင်းဘေး လာထိုင်စောင့်ပြီး သယ်ယူသွားကြတာ။
စပါးကရလို့၊ ပဲကရလို့ဆိုပြီး ဖိုးပြူးတို့ညီအကိုတွေ အဝတ်အစားအသစ်တစုံတောင် မဝယ်ပေးနိုင်တာကြာပြီ။ ဘယ်လောက်ကြာလဲဆိုရင် သုံးနှစ်သုံးမိုးမကကိုကြာတာ။
လယ်အလုပ်ကို ဘယ်လောက်ပဲဆက်ပြီး လုပ်လုပ် ပုဆိုးတထည် ကောင်းကောင်းဝတ်ရဖို့ လမ်းမမြင်ဘူး။ ဖိုးပြူးလယ်မလုပ်ချင်တော့တာကြာပြီ။ လယ်အလုပ်က မိသားစုအကျိုး မဖြစ်ထွန်းဘူးဆိုတာ ဖိုးပြူးက ကိုယ်တွေ့အသိနဲ့ သိနှင့်နေတယ်။
ဖိုးပြူးစိတ်ထဲမှာ ညီလေးက ပေပြီးအိပ်နေတာ ကောင်းတယ်။ အကြွေးရှင်ဘေး သောက်ဂရုမစိုက်တဲ့ ပုံစံမျိုးအိပ်နေတာ ဖိုးပြူးသဘောကျတယ်။
လယ်သမားတွေ မိုးနဲ့နေ လုရတဲ့အခါ ဘယ်လောက်ပင်ပန်းသလဲဆိုတာ တကယ်လုပ်တဲ့သူပဲသိတာ။ မလုပ်ဖူးတဲ့သူက အလွယ်လေးလို့ပဲ ထင်ရင်ထင်ကြမှာပေါ့။
"မခေါ်တော့ပါနဲ့အမေရယ်၊ သူအိပ်ရင်အိပ်ပါစေ" လို့ ဖိုးပြူးက အလုပ်လုပ်နေရင်းကပဲ အမေကိုပြောလိုက်တယ်။
အမေကတော့ ခေါ်လို့မရလှအဆုံး လုပ်လက်စအလုပ်ကို အင်အားနှစ်ဆတိုးပြီးလုပ်တယ်။ ပိုမြန်အောင်လို့ပါ။ ဖိုးပြူးလဲ နောက်ထပ် အင်အားနှစ်ဆမက တိုးလုပ်ရတော့တာပဲ။ မိုးကတဖြောက်ဖြောက်နဲ့ ကျလာပြီကိုး။
ဖိုးပြူးလက်တွေ၊ ခေါင်းနဲ့ ခန္ခာကိုယ်တဝိုက်မှာ ပဲမှော်တွေ အလိပ်လိပ် ကပ်ငြိနေကြတယ်။ ပဲတွေကို အိတ်တွေထဲ ကျုံးထည့်နေရင်း လက်ထိပ်တွေ ကျိန်းလာတယ်။ နာလာတယ်။ မိုးနဲ့လုနေရချိန်ဆိုတော့ ရပ်လိုက်လို့မှမရတာ။
မိုးရေတွေက ဖိုးပြူးလက်ကို လာထိတယ်။ နည်းနည်းချင်းလာထိတာကနေ ပိုပြီးများလာတယ်။ အမေက ပဲတွေကို အိတ်ထဲကျုံးထည့် ဖိုးပြူးက ထည့်ထားတဲ့ အိတ်တွေကို မိုးလုံတဲ့နေရာ ရွှေ့ပုံပေါ့။
ဖိုးပြူး ရွှေ့ပုံနေချိန် အမေက ပဲတွေကို အိတ်ထဲ အလျင်မှီအောင် မထည့်နိုင်တဲ့အခါ ဖိုးပြူးပါ ဝိုင်းကူထည့်ပြီး အိတ်ပြည့်တာနဲ့ တနေရာ ရွှေ့ပုံ ၊ ဒီလိုလုပ်ရပါတယ်။
မိုးတွေတအား ရွာကျလာတဲ့အချိန်မှာတော့ တလင်းထဲကပဲတွေ မဆိုသလောက်ကလေး ကျန်နေပါတယ်။ ဖိုးပြူးကတော့ လက်လျှော့လိုက်ပါပြီ။ လက်ကျန်ပဲတွေမိုးမိနေပြီဆိုတော့ ဆက်ပြီး အိတ်ထဲကျုံးထည့်လဲ အပိုအလုပ်ပဲ ဖြစ်တော့မှာ။
"အမေ ယူမနေတော့နဲ့ ယူနေလဲဘာမှမထူးတော့ဘူး။ မိုးရေတွေနဲ့ နိုင်းချင်းဖြစ်ကုန်ပြီ"လို့ တလင်းဘေးကနေ ဖိုးပြူးကလှမ်းအော်ပြောတော့ အမေက ခေါင်းငုံ့လျှက်သားနဲ့ပဲ ပဲတွေကျုံးထည့်နေတုန်းပါ။
"အမေလာပါ၊ ကျုံးထည့်မနေတော့နဲ့ အဲ့လောက်ကြီးမိုးမိသွားရင် အိတ်ထဲရောက်လဲ အလကားပါပဲ"လို့ ပြောလဲပြော အမေ့လက်ကို ဖိုးပြူးဆွဲပြီ မိုးလုံတဲ့နေရာဘက်ကို ဆွဲခေါ်လာလိုက်တယ်။
အမေတခုခုကို နာကျည်းနေတာလား။ သူဘာဖြစ်နေလဲဆိုတာ ဖိုးပြူးမသိပါဘူး။ တခုခုဖြစ်နေတာတော့ ရိပ်စားမိလိုက်တယ်။
ဖိုးပြူးတို့သားအမိနှစ်ယောက် လယ်တလင်းထဲ ပဲတွေမိုးမမိဖို့အရေး ချွေးသံတရွှဲရွှဲနဲ့ လုပ်ကိုင်နေချိန်မျိုးမှာ အကြွေးရှင်က တလင်းဘေးကနေ ဒူးလေးနှံ့ပြီးထိုင်နေတာ။
ဒီတလင်းထဲက ရသမျှပဲတွေ သူပဲအကုန်ရမှာပါ။ သူ့ကိုအကုန်ပေးရင်တောင် ထွက်တဲ့ပဲထွက်နှုန်းနဲ့ သူ့ကိုပေးရမယ့်တင်းအရေအတွက်က မကာမိမှာ သေချာပါတယ်။ ဒါတောင် သူတယောက်စာလေးပဲ။ တခြားသူတွေကိုပေးဖို့က ရှိနေသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ကိုယ်ရမယ့်အရာကို ဘေးကနေ ဒူးလေးနှံပြီး ကြည့်နေတာတော့ မကောင်းဘူးလို့ ဖိုးပြူးထင်တယ်။
မိုးရွာတော့မယ့်အချိန်မှာ လူနှစ်ယောက်က သေးရေးရှင်ရေးတမျှ အလုပ်တွေ ကျုံးကုန်းပြီး လုပ်နေရချိန်မှာ လူတယောက်က ဒူးလေးနှံ့ပြီး ထိုင်ကြည့်နေတဲ့ မြင်ကွင်းမျိုးကို ဘယ်လိုခံစားမိမလဲဆိုတာ စဉ်းစားကြည့်လို့ ရနိုင်မှာပါ။
အဲ့ဒီနေ့က ရွာတဲ့မိုးက အချိန်အခါမဟုတ်ရွာတာ။ သီးတင်ကျွတ်ရင် မိုးကျွတ်ပြီ။ သီးတင်းကျွတ်တာလဲ ကြာခဲ့ပြီ၊ ဘာလို့ အခုလို အချိန်အခါမဟုတ် မိုးရွာလဲဆိုတာ ဖိုးပြူးမသိဘူး။
ဖိုးပြူးကြားဖူးတာတော့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာပဲ။ ဖိုးပြူးတို့ညီအကိုတွေက ကံဆိုးမတွေတော့ မဟုတ်လောက်ဘူး။ ကံဆိုးသူတွေရှိရာ မိုးတွေရွာတာဖြစ်မှာပါ။
အဲ့ဒီနေ့မနက်ကမှ အဖေက ထိုင်းနိုင်ငံကိုထွက်သွားတာ။ နောက်မှာကျန်တဲ့ အမေနဲ့ ဖိုးပြူးက ကြွေး သမားတွေနဲ့ တိုက်ရိုက်ရင်ဆိုင်ဖြေရှင်းရတော့တာပဲ။
ကြွေးရှင်က ပဲဘယ်နှအိပ်ရလဲဆိုတာ ရေတွက်သွားတယ်။ ပြီးတော့ တလင်းဘေးကနေ ထပြန်သွားတယ်။ ပဲတွေကို အခုညနေ မိုးစဲတာနဲ့ ပို့ပေးဖို့လဲ မှာသွားတယ်။
မိုးနည်းနည်းစဲသွားတော့ ဖိုးပြူးသူငယ်ချင်းတယောက် ရောက်လာတယ်။ သူနဲ့ အဖော်ရပြီဆိုတော့ အမေက ပဲတွေသွားပို့ပေးဖို့ ပြောလာတယ်။
"အရေးမပါတဲ့ လူတွေပါကွာ၊ လယ်အလုပ်ဆိုတာ ဘယ်လောက်ပင်ပန်းလဲ မသိဘူး။ အခု ပေါင်မပြည့်လို့ မယူဘူးဆိုတော့ မယူနဲ့ပေါ့"
ဖိုးပြူးရဲ့ပေါက်ကွဲသံတချို့ကို သူငယ်ချင်းဆီကို သွန်ချလိုက်တယ်။ ဖိုးပြူးတို့နှစ်ယောက် အကြွေးရှင်မယူတဲ့ပဲတွေကို အိမ်ပြန်သယ်လာရင်း လမ်းမှာ ရင်ဖွင့်ပေါက်ကွဲသံတွေ ပြောလာကြတာ။
"အိတ်တွေက အလေးချိန်မပြည့်လို့ မယူဘူးတဲ့"လို့ပြောတော့ အမေက ဖိုးပြူးကို ဘာမှပြန်မပြောပါဘူး။
မိုးကနောက်တကြိမ်ရွာချလာဖို့ ဟန်ပြင်နေပါတယ်။ ဒီတခါမိုးက မဲမဲညို့ညို့ကြီး ဟန်ပြင်လာတာ။ သဲကြီးမဲကြီး ရွာချလာတော့မယ့်ပုံစံပါ။ ဖိုးပြူးနဲ့သူ့သူငယ်ချင်းက ပဲအိတ်တွေကို မိုးလုံတဲ့နေရာပြန်ထားလိုက်ကြတယ်။
မိုးက ချက်ချင်းပဲ တကယ်ရွာကျလာပါတော့တယ်။ ရွာပုံရွာနည်းက သဲကြီးမဲကြီးကို ရွာချလာတာပါ။ အမေက မိုးယိုနေတဲ့ အိမ်ပေါ်မှာ ခြင်ထောင်၊ စောင်နဲ့ အဝတ်အစား တချို့ကို မိုးလုံတဲ့နေရာကို ရွှေ့ပုံနေရှာပါတယ်။
ဒီတခါအမေက အိမ်ပေါ်မှာ အဝတ်အစားတွေ မိုးစိုမှာ၊ ညအိပ်ရင် ခြင်ထောင် စောင်တွေ မိုးစိုမသွားဖို့ အပြေးအလွှား ရွှေ့ပုံနေတာပါ။ ရွှေ့စရာအဝတ်တွေမရှိတော့ အမေတယောက် မိုးယိုနေတဲ့နေရာမှာ ထိုင်ချလိုက်ပါတော့တယ်။
မကြာပါဘူး။ အမေငိုတယ်။ အမေငိုတာကို ဖိုးပြူးတခါမှမမြင်ဖူးပါဘူး။ ဒီတခါအမေငိုတာကို ပထမဆုံးမြင်လိုက်ရတာပါ။
အမေငိုတယ်။ အမေ့ငိုသံက သဲကြီးမဲကြီးရွာနေတဲ့ မိုးသံကိုတောင် ဖုံးတဲ့အထိပါပဲ။ အမေအခုလို ငိုတာကို တကြိမ်တခါမှ
ဖိုးပြူးမတွေ့ဖူးဘူး။ ဒီတခါအမေ ဘယ်လိုမှ ထိန်းထားလို့ မရတော့တဲ့အဆုံး အခုလို ငိုသံကြီးနဲ ပွင့်အံထွက်ကျလာတာနေမှာပါ။
အမေဘာလို့ ငိုလဲဆိုတာ ဖိုးပြူးမသိပါဘူး။ ဖိုးပြူးနဲ့သူ့သူငယ်ချင်း ဝေလင်းအောင်က အိမ်အပြင် မိုးရေထဲကနေပဲ အမေ့ကို ရပ်ကြည့်နေကြတယ်။
အမေ့ကို နှစ်သိမ့်ရမှာ၊ အမေ့ကို အားပေးရမှာလဲ ဖိုးပြူးမသိပါဘူး။ အမေငိုနေတာပဲ ဖိုးပြူးရပ်ကြည့်နေတယ်။ အမေက အိမ်ပေါ်က မိုးတွေတအားယိုနေတဲ့ နေရာမှာ ခမောက်အစုတ်ကလေး ဆောင်းပြီး ငိုနေတာ။ ဖိုးပြူးနဲ့ ဖိုးပြူးသူငယ်ချင်းက ဘာအဆောင်းမှမပါဘဲ မိုးရေထဲရပ်နေကြတာ။
အမေဘာလို့ငိုတာလဲ။ မနက်ကမှ ထိုင်းနိုင်ငံကို သွားမယ်ဆိုတဲ့ အဖေ့ကို ပူပူနွေးနွေး သတိရစိတ်နဲ့ငိုတာလား။ ကြွေးသမားကို နာကျည်းစိတ်နဲ့ ငိုတာလား။ လုပ်တိုင်းမဖြစ်တော့တဲ့ လယ်အလုပ်ကို စိတ်နာပြီး ငိုချလိုက်တာလားဆိုတာ ဖိုးပြူးဘယ်သိနိုင်ပါ့မလဲ။
ဖိုးပြူးရင်ဘတ်ထဲ အနာတရများစွာဖြစ်တာတော့ မိုးတွေတအားရွာတဲ့အချိန်တွေမှာပေါ့။ မိုးတွေတအားရွာရင် အိမ်ကိုလာတဲ့ အကြွေးရှင်တွေရဲ့ မျက်နှာတွေပေါ်လာတယ်။
အမေနဲ့ အဖေကတော့ "ရိုးလိုက်တာမှ အရော" ဆိုတာမျိုးလဲ ဖိုးပြူးစိတ်ထဲ ဖြစ်မိတယ်။ အကြွေးရှင်တွေက သတ်မှတ်ကာလမှာ အကြွေးပြန်မပေးနိုင်ရင် ဆတိုးမောင်းပြန် ပေးပါမယ်ဆိုတဲ့ ကတိကို အမေတို့ အဖေတို့ဆီမှာ မရအရတောင်းတော့တာ။ အမေနဲ့အဖေကလဲ နားအေးပြီးရော သဘောထားလိုက်တာလားမသိ။
ဘယ်သူဘာပြောပြော လက်ခံလိုက်တာပဲ။ နစ်နာစရာလို့လဲ ထည့်တွက်ပုံ မပေါ်ပါဘူး။ ဘယ်လောက်အထိ နစ်နာခဲ့ရသလဲဆိုတာ ငွေလေး ၅ထောင်ယူပြီး သိန်း ၆၀ ကျော်တဲ့အထိ ပြန်ဆပ်ပေးတာသာကိုသာကြည့်ပေါ့။
မိုးရေတွေက တချို့သောအရာတွေအတွက် အေးချမ်းရာဖြစ်မှာပါ။ တကယ်တော့ မိုးရေတွေက ဖိုးပြူးရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာအနာတရ ဖြစ်ခဲ့တာတွေ ပိုများခဲ့လို့ပါပဲ။
ခေါင်မိုးပေါက်နေတဲ့အိမ်မှာ တအေးတဆေး မအိပ်ရတာ။ အဘွားအိမ်ဘက်ပြေးပြီး မိုးရေထဲ ဆန်ပြေး ချေးရတာ။ ဖိုးပြူးအတွက် မိုးရာသီမှာ ဆန်အိုးထဲဆန်မရှိမှာကိုအကြောက်ဆုံးပေါ့။ ဖိုးပြူးအတွက်တော့ မိုးရွာသီဆိုတာ မျှခြေမရှိတဲ့ အရာတွေနဲ့ ဝန်ပိုကို ပိုပြီးထမ်းပိုးရလို့ပဲဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
