လေးလေး - ချစ်ခြင်းများဖြင့် စာပန်းချီခြယ်
ချစ်ခြင်းများဖြင့် စာပန်းချီခြယ်
လေးလေး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၂၅
ခင်သန္တာရဲ့” စာပန်းချီနှစ်ဆယ့်သုံး” တဲ့။
ဒီဆရာမ ကိုဗစ်ထဲမှာ သူ့ဖေ့စ်ဘွတ်မှာ ထုံ့ပိုင်းထုံ့ပိုင်း ရေးတင်နေကတည်းက စုပြီး စာအုပ်လေးထုတ်ရင်ကောင်းမယ်လို့ အတွေးရောက်သေးတာ၊ဟော-အခု စာပန်းချီနှစ်ဆယ့် သုံးဆိုပြီး ထွက်လာပြီ။
နှစ်ဆယ့်သုံးဆိုပြီး စာရေးဆရာ ၁၃ ယောက်ပဲပါလာလို့ သေချာကြည့်မှ ပထမတွဲဆိုပဲ။ အမှန်ဆို စာရေးသူရဲ့အမှာပါရင် ပိုကောင်း၊ ပိုရှင်းတာပေါ့။ အခုတော့ တအုပ်လုံးဖတ်ကြည့်မှပဲ စာရေးသူရဲ့ စာပေဟောပြောပွဲမန်မိုရီလို့ သိရတော့တယ်။
စာရေးဆရာတွေဖြစ်ကြတဲ့ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ချစ်ဦးညို၊ နေဝင်းမြင့်၊ သန်းမြင့်အောင်၊ မိချမ်းဝေ၊ အကြည် တော် စတဲ့စာရေးဆရာတွေနဲ့ ခင်သန္တာတို့ စာပေဟောပြောပွဲအတူထွက်ကြရင်း ကြုံဆုံရပုံတွေ၊ စာရေးဆရာတွေ ရေးတဲ့စာတွေထဲက သူကြိုက်တဲ့ စာပေလက်ရာတွေ၊စာရေးဆရာတွေရဲ့ပြုမူပြောဆိုပုံတွေ စတာတွေကို စာပန်းချီချယ်ထားတာပါ။
သူ့စာအရ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း စာရေးဆရာတွေ လက်မလည်အောင် ဟောပြောပွဲထွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဆရာနတ်နွယ်ရဲ့ တောအကြောင်း၊ တောင်အကြောင်း တနေရာမှာ ၁၉၆၁ ခုနှစ်မှာ မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ စာပေကလပ်အသစ်တခု ဖွဲ့ခဲ့တယ်။ စာပေကလပ်ဖွဲ့ပြီးတဲ့နောက် အဲ့ဒီနှစ်စာဆိုတော်ရာသီမှာ စာရေး ဆရာတွေ ပြဇာတ်မကတော့ဘဲ စာဖတ်ပရိသတ်နဲ့ တွေ့ဆုံစကားပြောကြရအောင် နယ်ဆင်းပြီး စာပေဟောကြမယ်၊ စာဖတ်သူနဲ့စာပေဆွေးနွေးကြမယ်လို့ ဆုံးဖြတ်ကြပြီး စာပေဟောပြောပွဲတွေစခဲ့တယ်လို့ ဖတ်ဖူးတယ်။
အဲ့ဒီနှစ်က ဗန်းမော်တင်အောင်၊ နတ်နွယ်နဲ့တင့်ဆန်းတို့ စာရေးဆရာသုံးယောက်ဟာ ဘိုကလေးတို့ ဝါးခယ်မတို့ ဘက်ကို စာပေဟောပြောပွဲထွက်ခဲ့ကြပြီး ဒီတုန်းကတော့ စာရေးဆရာတွေဟာ ကိုယ့်စားရိတ်ကိုယ်စား၊ ကိုယ့်အစီအစဥ်နဲ့ကိုယ် စာပေဟောပြော ပွဲသွားခဲ့ရတာလို့လည်း နတ်နွယ်က ရေးဖူးပါတယ်။
ခင်သန္တာတို့ စာပေဟော ပြောပွဲထွက်ချိန်ကျတော့ စာတအုပ်ရေးလို့ရတဲ့ စာမူခထက် စာပေဟောလို့ရတဲ့ ချီးမြှင့်ငွေက ပိုတယ်လို့ ကြားရပါတယ်။ စာပေဟောတယ်ဆိုတာကလည်း တကယ်တော့ မလွယ်ကြော၊ တချို့ဆရာတွေ စာပေဟောရင်း လျှာစ လစ်ဖြစ်တော့ လူရယ်စရာဖြစ်ရတယ်။
ဗိုလ်ချုပ်ရုပ်ရှင်က ရိုက်မရတော့ဘူး၊ ဗိုလ်ချုပ်က ဘူဇွာဖြစ်သွားပြီ ဆိုတာမျိုးပေါ့။ ထားတော့။
ခင်သန္တာရဲ့ စာပန်းချီတွေက စာရေးဆရာတွေအပေါ် ချစ်ခင်ကြည်ညိုရင်းစွဲ ရှိတာနဲ့ ထုံမွှမ်းပြီး ရေးဖွဲ့ထားတော့ ဖတ်ရတာ ကြည်နူးစရာ ကောင်းပါတယ်။ လူတွေကို ချစ်ခင်စိတ်နဲ့ ရေးဖွဲ့ထားတဲ့ စာပေလက်ရာတွေဟာ ဖတ်ရသူ ရင်ကိုလည်း အေးမြလန်းဆန်းစေတတ်ပါတယ်။
ဒီထဲမှာမှ “အထူအပါးနဲ့ လူအများက ချစ်ရတဲ့သူ” ဆိုတဲ့ ဆရာမ သန်းမြင့်အောင်အဖွဲ့တချို့ကို ကောက်နုတ်ဖော်ပြချင်တယ်။ ဆရာမက သူကျင်လည်ရာ ပရဟိတအဝန်းအဝိုင်းကို အခြေခံပြီး စာရေးတယ်။
ဒီထဲမှာမှ ခင်သန္တာက “သေပန်း မပွင့်ကြသူ များ” ဆိုတဲ့ ဝတ္ထုလေးကိုကြိုက်တဲ့အကြောင်း၊ ဒီလို နာရေးနောက်ခံဝတ္ထုမျိုးတွေကို သန်းမြင့်အောင်ပဲ ရေးနိုင်မယ်ဖြစ်ကြောင်းပြောတော့ သန်းမြင့်အောင် ပြန်ပြောတာက နှစ်သက်စရာ။
“ညီမလေးရယ် အမကြီးရေးဖွဲ့လွန်းလို့ စာပေလောကမှာ နာမည်တောင် ရနေတာလေ၊ အမကြီးက နာရေးကိစ္စတွေ ရေးပြီး၊ မိချမ်းဝေက ပင်လယ်အကြောင်းတွေရေးလို့ ငါတို့သူငယ်ချင်းနှစ်ယောက်ကို မသာမနဲ့ တံငါမတဲ့လေဟု ကာ သဘောတကျ ရီမောလေသည်။”
အထူအပါးအကြောင်းကတော့ သန်းမြင့်အောင် ဟောပြောတာ ကိုယ်တိုင်နားထောင်ဖူးလို့ သိနေတယ်။ သူတို့နာရေရုံး၊ သက်န်းကျွန်းဘက်မှာ ဖွင့်ထားတုန်း တမနက်မှာ သူ တက္ကစီငှားပြီး ရုံးသွားတယ်၊ ရုံးရောက်တော့ ကျော်သူနဲ့တွေ့ပြီး အလုပ်အကြောင်းတွေ ပြောကြဆိုကြ၊ ပြောဆိုရင်းကြည့်လိုက်တော့ ရုံးပေါက်ဝက ထိုင်ခုံမှာ လူတယောက်က တွေတွေငေးငေး ထိုင်နေတာတွေ့လိုက်ရတယ်။
နာရေးဖြစ်တာပဲနေမယ်၊ မောင်လေးက မင်းသား ဆိုတော့ မင်းသွားမေးလှည့်၊ သူလည်း အားတက်မှာပေါ့၊ ဒါနဲ့ ကျော်သူက သွားမေးတာပေါ့။ ဟိုက ဘာပြောသလည်းဆိုတော့” ဟို-အမကြီး တက္ကစီခ မပေးသေးလို့ ထိုင်စောင့်နေတာပါ”။
သိမ်ဖြူလမ်းက ပြန်ကြာရေးရုံးမှာ မိုးမိုး (အင်း လျား) အမှတ်တရပွဲတခုမှာ ဆရာမ သန်းမြင့်အောင်ပြောခဲ့တာပါ။ ဆရာမမိချမ်းဝေရဲ့ ဖက်ရှင်တွေအကြောင်း တကူးတက ရေးထားတာလည်း နှစ်သက်သဘောကျရပါတယ်။
သူ့ဖက်ရှင်နဲ့သူ မိမိုက်နေတာပဲ၊ ဒီတိုင်းပဲနေဆရာမလို့ ဖတ်ရင်း အားပေးနေမိသေးတယ်။ ဆရာမနှင်းဝေငြိမ်း ရဲ့ ”မယ်လောက” ဆိုတာလေးဖတ်ရတော့မှ ခင်သန္တာက မယ်တော်ကနေ စာရေးသူဖြစ်လာဆိုတာ သိရတော့တယ်။
ခင်သန္တာရဲ့”စာပန်းချီနှစ်ဆယ့်သုံး” စာအုပ်ကို ငါတို့စာပေက ၂၀၂၅ခု၊ဖေဖော်ဝါရီလမှာ ပထမအကြိမ်၊အုပ် ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချီထားပြီးစာအုပ်တန်ဖိုးက ကျပ် ၁၇,၀၀၀။
စာရေးဆရာပုံတူပန်းချီကားချပ်လက်ဆောင်ထည့်ပေးထားလို့ အိမ်ဧည့်ခန်းမှာ ကပ်ထားပါတယ်။ အကိုတွေ၊ အမတွေ၊ ညီ၊ နှမတွေအလည်ရောက်နေသလိုလိုပေါ့။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
