Breaking News

အမျိုးမျိုးသော ဒုက္ခတွေကြားက ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ဘဝ

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၄ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၂၅


အမျိုးမျိုးသော ဒုက္ခတွေကြားက ရှင်သန်ဖို့ ကြိုးစားနေကြရတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ဘဝ

နေ့စဥ် သတင်းတွေ ကြည့်လိုက်တဲ့အခါ ရိက္ခာမလုံလောက်တာကြောင့် ထမင်း တနပ် လျှော့စားနေရတဲ့ စစ်ဘေးရှောင်တွေ၊ နေ့ပြန်တိုး မပေးနိုင်လို့ အသက် ၆၀ အရွယ် အမျိုးသမီးကြီး ရေထဲ ခုန်ချသတ်သေသွားတာ၊ ပိတ်ဆို့ခံထားရတဲ့ မြို့တွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ ရိက္ခာမရှိ၊ သေဆုံးချိန်မှာတောင် သင်္ဂြိုဟ်ဖို့ စရိတ်ခက်ခဲနေတဲ့ သတင်းတွေ၊ အသက်မပြည့်သေးတဲ့ ကလေးအရွယ်သာသာ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတဲ့ သတင်း စတာတွေက နေ့တနေ့ရဲ့ သတင်းအကြောင်းအရာတွေ ဖြစ်နေပါတယ်။ 

စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် AA က နယ်မြေအားလုံးနီးနီး သိမ်းယူထားတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီ လက်ထဲ ကျန်နေတဲ့ ကျောက်ဖြူ၊ စစ်တွေတို့လို မြို့တွေက လူထုအဖို့ လုံခြုံရေးအကြောင်းပြပြီး  တနေရာနဲ့ တနေရာ ကူးသန်းသွားလာတာ အခြေချနေထိုင်တာတွေကို ခက်ခဲကြပ်တည်းအောင် လုပ်ဆောင်ခြင်း ခံထားရပါတယ်။ ဒီလို ကန့်သတ် တားမြစ်မှုတွေ၊ စိုက်ပျိုး၊ မွေးမြူ၊ ရေလုပ်ငန်းနဲ့ ကုန်သွယ်ရောင်းဝယ်တဲ့ လုပ်ငန်းတွေ မလုပ်ကိုင်နိုင်တဲ့ အနေအထားကြောင့်လည်း ဝင်ငွေမရှိတဲ့ အခြေအနေနဲ့ နှစ်ပေါက်လာတဲ့အထိ ဒုက္ခဆင်းရဲခံပြီး အသက်ရှင်ဖို့ ကြိုးစားနေကြရတဲ့ သူတွေ အဆိုပါမြို့တွေမှာ ရှိနေကြတာ ဖြစ်ပါတယ်။ ပိတ်ဆို့ထားတဲ့ စစ်တွေမြို့ကနေ တခြားမြို့ နေရာတွေကို ထွက်ခွာဖို့ရာ လေကြောင်းလမ်းတခုထည်းသာ  ဖွင့်ထားပေးတာ ဖြစ်ပါတယ်။ လေကြောင်းလမ်းနဲ့ သွားချင်ရင်တောင်မှ ဈေးကြီးတဲ့ လေယာဥ်လက်မှတ်ခ၊ လေယာဥ်လက်မှတ် ဝယ်ယူဖို့ မလွယ်ကူတာ စတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိတဲ့ သာမန် လက်လုပ်လက်စားတွေ အနေနဲ့ ပိတ်ဆို့ခံမြို့မှာ နှစ်နဲ့ချီကြာမြင့်လာသည် အထိ စစ်ကောင်စီ အစိုးရ အထောက်အပံ့ တလ ကျပ် ၂ သောင်းကို အသက်ဆက်ဖို့ ကောက်ရိုးမျှင်သဖွယ် လက်ခံရယူကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အဆိုပါ ပိတ်ဆို့ခံ စစ်တွေမြို့မှာ နေထိုင်ကျန်ရစ်နေရတဲ့သူတွေအဖို့ အသက်သေဆုံးတောင်မှ သောင်းဂဏန်းထိ ကုန်ကျနိုင်တဲ့ သင်္ဂြိုဟ်စရိတ် မတတ်နိုင်တဲ့ဘဝတွေလို့လည်း သတင်းတပုဒ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ရိက္ခာခက်ခဲလို့ ထမင်းနပ်မှန်မစားရတဲ့ အဖြစ်နဲ့ ကြုံနေရတဲ့ တချိန်တည်းမှာ ရခိုင်ပြည်နယ်ရဲ့ အချို့သော ဒေသတွေမှာ စိုက်ပျိုးထွက်ရှိလာတဲ့ ဆန်စပါး ဝယ်လက်မရှိတဲ့ အဖြစ်၊ ရသင့် ဖြစ်သင့်တဲ့ ဈေးနှုန်း မရတဲ့အဖြစ်တွေနဲ့လည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ စစ်ပွဲ၊ ရန်သူ၊ မိတ်ဆွေ၊ လုံခြုံရေး၊ ရန်သူအားနည်းအောင် ရည်ရွယ်လုပ်ဆောင်တဲ့ ဖြတ် ၄ ဖြတ်နည်းလမ်း စတာတွေက ဒီဒေသမှာ နေထိုင်နေကြတဲ့ သူတွေအားလုံးရဲ့ ဘဝတွေကို ခက်ခဲကျပ်တည်းအောင်၊ အငတ်ဘေး၊ အသက်ဘေး၊ ရောဂါတန္တရ ကပ်ဘေးတွေနဲ့  ရင်ဆိုင်ကြရအောင် ဖြစ်လာစေတာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲကျပ်တည်းလွန်းတဲ့ အခြေအနေ အဖြစ်ဆိုးထဲက လွတ်မြောက်ဖို့ မစွမ်းဆောင်နိုင်ကြတာကြောင့် အချို့သော မိသားစုတွေကို ဦးဆောင်နေကြတဲ့ မိဘတွေက မိသားစုလိုက် အဆုံးစီရင်ဖို့ နည်းလမ်းကို ရွေးချယ်လိုက်ကြတဲ့အထိ ကျပ်တည်းခက်ခဲလွန်းတာ တွေ့နေရပါတယ်။ 

ဆန်စပါး၊ ရေထွက်ပစ္စည်း ဖြစ်တဲ့ ငါး၊ ပုစွန် အစရှိတဲ့ ရိက္ခာတွေ ထုတ်လုပ်ဖို့ မြေယာတွေလည်း အဆင်သင့် ပင်လယ်ကမ်းရိုးတန်းလည်း ရှိပေမယ့် ပြည်တွင်းစစ် ဖြစ်ပွားနေဆဲ အခြေအနေတွေက လူထုကို အထက်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်ခွင့် မပေးဘဲ ကန့်သတ်တားမြစ်ထားတာ ဖြစ်ပါတယ်။ အရွယ်ကောင်း အမျိုးသားတွေကို စစ်မှုထမ်းအဖြစ် အဓမ္မဆွဲသွင်းခံနေကြရတဲ့ အဖြစ်ကလည်း ဒေသတွင်းက နိုင်ငံတွင်းက လုပ်အားအရင်းအမြစ်တွေ ပြည်ပကို ယိုစီးအောင် တွန်းပို့နေတဲ့ အနေအထားဖြစ်ပါတယ်။ 

တဖက်မှာ အလုပ်လုပ်ကိုင်နိုင် ရခိုင်ပြည်နယ်မှာ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ဖို့ အခြေအနေမပေးတာ၊ အခွင့်အလမ်းရှိရာကို ရွှေ့ပြောင်းသွားကြတာ စတဲ့ အနေအထားနဲ့ ကြုံတွေ့နေရချိန်မှာ အခြားသော ပြည်နယ်တိုင်းဒေသတွေမှာလည်း အလားတူ အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာပါ။ ကရင်နီ (ကယား) ပြည်က မြို့နယ်အတော်များများမှာ တိုက်ပွဲကြောင့် သို့မဟုတ်ရင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးတိမ်းရှောင်သူတွေ သောင်း၊ သိန်းဂဏန်းထိ ရှိနေပြီး မိမိတို့ စိုက်ပျိုး မွေးမြူနိုင်တဲ့ နေရာကို စွန့်ခွာခဲ့ရလို့ စုဆောင်းထားတဲ့ ရိက္ခာ နဲ့ အခြားပြင်ပ အကူအညီတွေကို မျှော်လင့်အသက်ရှင် နေထိုင်ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ နကိုကတည်းက ရေမြေ အနေအထားအရ သယံဇာတ များများစားစား ထွက်ရှိတဲ့ နေရာမဟုတ်သလို စိုက်ပျိုးရေး အားဖြင့်လည်း ကောင်းမွန်တဲ့ ဒေသမဟုတ်ပါဘူး။ ဧရာဝတီတိုင်း၊ မကွေး၊ စစ်ကိုင်းတိုင်းတို့လို မြစ်ဝှမ်းလွင်ပြင်တွေမှာ ရှိတဲ့ဒေသမဟုတ်လို့ ရိက္ခာအတွက် လုံလောက် ပိုလျှံအောင် ထွက်ရှိတဲ့နေရာဒေသ မဟုတ်တဲ့ဒီဒေသမှာ စစ်ဘေးရှောင်ရတဲ့ အနေအထား လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်တွေ စွန့်ခွာပြီး တောထဲ တောင်ထဲ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ အခြေအနေမှာ ရိက္ခာလုံလောက်ဖို့ ခက်ခဲလှပါတယ်။ လက်ရှိ ကရင်နီ (ကယား) ပြည်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်စိုးမိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက အခွန်အကောက် တလကို ကျပ် သိန်း ၇ သောင်းခန့်ကောက်ယူရရှိပေမယ့် ၆၀ ရာနှုန်းက စစ်ရေးအသုံးစရိတ် အဖြစ် အသုံးပြုနေရတယ်လို့ KNDF ရဲ့ ဒုဦးစီးချုပ်ဖြစ်သူ မာဝီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မှာကျင်းပတဲ့ ကရင်နီ ရိုးရာပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီနေ့ခေတ် ငွေကြေးတန်ဖိုးနဲ့ ကျပ်သိန်း ၇ သောင်း ဟာ များတယ်လို့မဆိုသာပေမယ့် အဆိုပါ အခွန်အကောက် ရတဲ့ ငွေတွေကို လက်နက်ကိုင်အဖွဲ့ အသီးသီးကို ပြန်လည်ခွဲဝေပြီး သုံးစွဲကြရတယ်လို့လည်း ဆိုပါတယ်။ 

ကရင်နီ(ကယား) ဒေသက စစ်ဘေးရှောင်သူတွေ ခက်ခဲကြပ်တည်းသလိုဘဲ လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်သူတွေ၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်က စစ်ဘေးတိမ်းရှောင်သူတွေရဲ့ ဘဝတွေလည်း ခက်ခဲကျပ်တည်းကြတာ တွေ့ရပါလိမ့်မယ်။ 

ယမန်နှစ် နှစ်လယ်ပိုင်းက TNLA က တိုက်ခိုက်သိမ်းယူခဲ့တဲ့ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို ယခုခါ စစ်ကောင်စီတပ်က ပြန်ပြီးထိုးစစ်ဆင်ကာ သိမ်းလာတဲ့ အခါ အဆိုပါဒေသက ကျေးရွာက လူထုအနေနဲ့ ဒုတိယအကြိမ်မြောက် စစ်ဘေးတိမ်းရှောင်ကြရပြန်တာ ဖြစ်ပါတယ်။ မြို့တွေ မီးလောင်ပျက်စီးတာတွေ သတင်းတွေမှာ မြင်တွေ့ကြရပေမယ့် ကျေးရွာတွေ ပျက်စီးတာ မီးလောင်တာတွေကို သတင်းတွေက များများစားစား မဖော်ပြနိုင်ကြပါဘူး။ လတ်တလော မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကချင် နဲ့ စစ်ကိုင်း အစပ် ကသာခရိုင် ဗန်းမောက်လို ဒေသတွေမှာလည်း စစ်ဘေးရှောင်တွေ ထပ်မံတိုးပွားလာပါတယ်။ မိမိနေထိုင်ရာ ရွာ၊ မြို့၊အိမ်ကို စွန့်ခွာခဲ့ရာမှာ နေအိမ်၊ ပိုင်ဆိုင်မှု နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပါ ပျက်စီး ဆုံးရှုံးကြရတာ ဖြစ်ပါတယ်။ ဒီဆုံးရှုံးမှုတွေကို အချိန်တိုတိုအတွင်း လွယ်လွယ်ကူကူနဲ့ ပြန်လည် ဖြည့်ဆည်းဖို့ မလွယ်ကူတော့သလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင် ခံစားရမှုတွေကတော့ ပိုပြီးကုစားရ ခက်ခဲတာလည်း ဖြစ်ပါတယ်။ ဒီ ကျပ်တည်းခက်ခဲမှုတွေကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက် တစွန်းတစမျှ ရှာမတွေ့တဲ့အခါ ဘဝကို လက်မြှောက်အရှုံးပေးတဲ့ အဖြစ်တွေလည်း ပိုမိုများပြားလာတာကို တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar