မောင်လူမွှေး - အသည်းကွဲ အောက်တိုဘာ
မောင်လူမွှေး - အသည်းကွဲ အောက်တိုဘာ
မိုးမခ ၊ အောက်တိုဘာ ၆ ၊ ၂၀၂၅
ခုအောက်တိုဘာဆို တစ်နှစ်ပြည့်ပြီ။ သူတို့ နေခဲ့တဲ့နေရာကို အမှတ်တရသွားကြည့်တော့ ပေါင်းပင်တွေလည်း ပေါက်လို့။ လူသူတွေလည်း မဲ့လို့။ တိတ်ဆိတ်ငြိမ်သက်မှုဟာ ကြီးစိုးလို့။ သူတို့ရဲ့အရိပ်အယောင်တွေကို စိတ်နဲ့ ပြန်ရှာကြည့်ပြီး မောင်လူမွှေး အလွမ်းဖြေရတယ်။
ပြီးခဲ့တဲ့နှစ်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်လူမွှေးနဲ့ ညီအစ်ကိုလို နေကြတဲ့ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတယ်။ ဒဏ်ရာတွေနဲ့ သူတို့ကို တင်ဆောင်သွားတဲ့ ကားနောက်ကို မောင်လူမွှေး ဆိုင်ကယ်နဲ့ အပြေးကလေး လိုက်သွားခဲ့တာတွေ၊ လမ်းမှာတင် အသက်မဲ့သွားတဲ့ သူတို့နှစ်ယောက်၊ တရှုပ်ရှုပ် ငိုနေတဲ့ ဆေးတပ်သားရဲမေနဲ့ ကူညီပေးနေတဲ့ လူငယ်တစ်ဦး စတဲ့ ပုံရိပ်တွေကို လတ်လတ်ဆတ်ဆတ် မြင်ယောင်လာတယ်။
ရဲဘော်နှစ်ဦး ကျဆုံးပြီလို့ သိလိုက်ရရချင်း မောင်လူမွှေး စိတ်ထဲမှာ ပထမဦးဆုံး ဝင်လာတာက ရဲဘော်နှစ်ဦးလုံးရဲ့ အမေတွေ ဖြစ်တယ်။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးလုံးဟာ သူတို့မိသားစုတွေမှာ အငယ်ဆုံးသားတွေ ဖြစ်တယ်။ အဲဒီထဲကမှာ ရဲဘော်ချစ်ကိုကိုရဲ့ အမေဟာ စစ်ရှောင်တစ်ဦးဖြစ်တယ်။ သူ့အမေဟာ သူ့သားကို သိပ်ဂရုစိုက်ပြီး သူ့သားကလည်း သူ့အမေရှေ့မှာဆို ကလေးတစ်ယောက်လို နေထိုင်ပြုမူတာ သတိထားမိခဲ့တယ်။
ရဲဘော်ချစ်ကိုကို ရဲ့ ရုပ်အလောင်းဘေးကနေ သူ့အမေဟာ တစ်ညလုံး မခွာခဲ့ဘူး။ သူ့သားမျက်နှာကိုပဲ အမြဲတမ်းစိုက်ကြည့်နေတာကို မောင်လူမွှေး တွေ့ခဲ့ရတယ်။ တဘက်ကလေးနဲ့ သူ့သားမျက်နှာလေးကို သုတ်လိုက်၊ သူ့ရဲ့မျက်ရည်တွေကို သုတ်လိုက်နဲ့ စစ်ပြေးဘဝနဲ့ သားတစ်ယောက်ဆုံးရှုံးရတဲ့ မိခင်ကို နှစ်သိမ့်ဖို့ စကားလုံးတွေ မောင်လူမွှေးမှာ မရှိခဲ့ပါဘူး။
မောင်လူမွှေးနဲ့ ချစ်ကိုကိုဟာ တမိုးအောက်မှာ နှစ်လလောက် အတူတူအိပ်စားနေခဲ့ကြရသေးတယ်။ အဲဒီတော့ ညဆို သူ့ရဲ့ရည်းစား ကောင်မလေးနဲ့ ဖုန်းပြောသံတွေကိုလည်း ကြားနေရတာပေါ့။ သူဟာ စိတ်သဘောထားပွင့်လင်းပြီး ဟာသဉာဏ်ရှိသူမို့ သူ့ကောင်မလေးနဲ့ စကားပြောရင် ရယ်စရာတွေ ပါတတ်တယ်။ ဒီလိုအခါတွေမှာ မောင်လူမွှေးတို့လည်း အိပ်ရာထဲကနေ ပြုံးနေရတာပေါ့။
ညနက်သန်းခေါင် ရောက်လို့ လူနည်းနည်းပါးတဲ့အချိန်မှာ မောင်လူမွှေးဟာ ချစ်ကိုကိုရဲ့ရုပ်အလောင်းဘေးမှာ ထိုင်နေတဲ့ သူ့အမေကို စကားတစ်ခွန်း သွားမေးရတယ်။ "သူ့ကောင်မလေး သိပြီးပြီလား.. အန်တီ" ဆိုတော့ ခေါင်းညိတ်ရင်း ဖုန်းလာလို့ ပြောလိုက်ပြီတဲ့။
ရဲဘော်ရဲ့ အမေ ငိုနေသလို၊ သူ့ချစ်သူကောင်မလေးလည်း ငိုနေခဲ့မှာပါ။ ရုပ်ကို မမြင်ဖူးပေမယ့် ချစ်ကိုကိုနဲ့ ဖုန်းပြောတဲ့အသံတွေကို ကြားဖူးနေတော့ မောင်လူမွှေး စိတ်ထဲမှာ ရင်းနှီးနေပါတယ်။ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် ဖုန်းခေါ်တတ်တဲ့ ကောင်မလေးဟာ အဲဒီနေ့ညနေ သူ့ချစ်သူဆီကို ဖုန်းအခေါ်မှာတော့ သူ့ချစ်သူကောင်လေးရဲ့ နောက်နောက်ပြောင်ပြောင် ထူးသံအစား သူ့ချစ်သူကောင်လေး မရှိတော့ဘူးဆိုတဲ့ သတင်းစကားကို ရုတ်တရက်ကြီး ကြားလိုက်ရရှာမှာပါ။ ချစ်သူကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ခွင့်မရတဲ့အတွက်လည်း သူ ထပ်ဆင့်နာကျင်ရမှာ သေချာပါတယ်။
ရဲဘော်ချစ်ကိုကိုဟာ သေနတ်ပစ် လက်ဖြောင့်သူဖြစ်သလို အင်မတန်ဖျတ်လတ်တဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ နာမည်နဲ့လိုက်အောင် လူချစ်လူခင်များသူလည်း ဖြစ်ပါတယ်။ အားနာကြီးတတ်လွန်းသူတစ်ယောက် ဖြစ်ပြီး ချွေတာတဲ့ အလေ့အကျင့်ရှိသူ ဖြစ်ပါတယ်။ အလုပ်ကို စနစ်တကျ အချိန်မှန်မှန်ပြီးမြောက်အောင် လုပ်တတ်သူလည်း ဖြစ်ပါတယ်။
"ကျနော် စာတွေ ရေးရမလား.. ။ ပေါက်မှာဗျ။ ကျနော် ရေးတဲ့စာရွက်ကို ဆေးလိပ် လိပ်သောက်ရင် ဆေးလိပ် မီးပေါက်မှာ" လို့ မောင်လူမွှေးကို နောက်ပြောင်ခဲ့တဲ့ ချစ်ကိုကို လူ့လောကမှာ မရှိတော့ပါ။ သူ့ကောင်မလေးက သူ့ကို တီတီတာတာ စကားတွေပြောတဲ့အခါ "လိုင်းပေါ်ကစာတွေကျက်ထားတာလား ကောင်းလိုက်တာ" လို့ နောက်ပြောင်တတ်တဲ့ ချစ်ကိုကိုဟာ နွေဦးတော်လှန်ရေးမှာ ချစ်သူကို ထာဝရစွန့်ခွာသွားပါပြီ။ သူ့အမေ စစ်ရှောင်နေတဲ့ အိမ်ကိုရောက်ရင် ရှိသမျှမုန့်တွေ အကုန်ထည့်ဆိုတဲ့ သူဟာ စစ်ဘေးရှောင်အမေကိုလည်း စွန့်ခွာသွားခဲ့ပါပြီ။ သူ့ရဲ့လှုပ်ရှားဟန်တွေ၊ သူ့ရုပ်အလောင်းကို တစိမ့်စိမ့်ကြည့်နေတဲ့ သူ့အမေရဲ့ မျက်ဝန်းတွေ၊ ဖုန်းထဲကနေ ကြားရတဲ့ သူ့ကောင်မလေးရဲ့ အသံတွေဟာ မောင်လူမွှေးရင်ထဲမှာ မက်မိုရီကဒ်ထဲသိမ်းထားသလို ရှိနေပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar