Breaking News

တော်လှန်ရေး ရေချိန် ကျဆင်းလာနေပြီလား

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၅ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၂၅


တော်လှန်ရေး ရေချိန် ကျဆင်းလာနေပြီလား 

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၄ နှစ်ခွဲကျော် ၅ နှစ်နီးပါးကာလ ရောက်လာချိန်၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ NLD ပါတီက ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တွေအများစု ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF လို့အမည်ပေးထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီး စစ်ရေးနည်းလမ်းနဲ့ တိုက်ခိုက်လာတာ ၄ နှစ်ကျော် ရောက်ရှိလာချိန်မှာ လက်နက်ကိုင် တော်လှန်ရေးရေချိန် ကျဆင်းလာပြီလား ဆိုတဲ့ မေးခွန်းနဲ့ သံသယတွေ ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ်ကုန် အထိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှု ၊ NUG/PDF တပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေက အမြင့်ဆုံးရောက်ခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အောင်မြင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေလည်း အမြင့်ဆုံးအဆင့် နဲ့ တော်လှန်ရေးရေချိန် ထိပ်ဆုံးရောက်ခဲ့တာ တွေ့ရပါလိမ့်မယ်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်၊ ချင်းနဲ့ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့ နိုင်ငံရဲ့ နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေ အရှုံးနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ကြရတာ တွေ့ရပါတယ်။ မြို့တွေ စစ်တပ်စခန်းတွေ၊ တိုင်းစစ်ဌာနချုပ်တွေ အထိ လက်လွှတ်ဆုံးရှုံးခဲ့ကြရတာ တွေ့ခဲ့ရတာပါ။ အဆိုပါ အခြေအနေက လအနည်းငည် တန့်နေခဲ့ပြီး စစ်ကောင်စီ ဘက်က နည်းပညာ ဖြည့်ဆည်းခြင်း၊ လူအင်အား ဖြည့်ဆည်းနိုင်ခဲ့ခြင်းနဲ့ စစ်ရေး ဗျူဟာတွေကို ပြန်သုံးသပ်ပြီး စစ်ဆင်ရေးတွေ ပြန်လည် လုပ်ဆောင်လာခဲ့တာပါ။ 

စစ်မှုထမ်းဥပဒေရဲ့ အကျိုးရလဒ် အဖြစ် ဆုံးရှုံးသွားတဲ့ လူအင်အား ကို မြန်ဆန်စွာ ဖြည့်တင်းနိုင်ခဲ့သလို ဒရုန်း၊ ဒရုန်းသုံးလှိုင်းတွေ တားဆီးနှောင့်ယှက်တဲ့ နည်းပညာတွေ၊ ဒရုန်း လက်နက်၊ ခဲယမ်း စတာတွေကို ပြင်ဆင် ဖြည့်ဆည်းပြီး ၁၀၂၇ စစ်ဆင်ရေး အစပိုင်းမှာ ဒရုန်းဒဏ် အလူးအလဲခံခဲ့ကြရတဲ့ အာဏာသိမ်းစစ်တပ်က ၂၀၂၅ ခုနှစ်ထဲမှာတော့ ၄င်းတို့က နည်းပညာအားဖြင့် ပစ္စည်းဝယ်ယူနိုင်စွမ်းအားဖြင့် အပြတ်အသတ်အသာစီး ရတဲ့ အခြေအနေ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

အခု ရေးသားဖေါ်ပြခဲ့သလို အလူးအလဲ ခံစစ်ကနေ ထိုးစစ် ပြန်ဆင်လာနိုင်ဖို့ အခုလို လူအင်အား၊ လက်နက်၊ ခဲယမ်း၊ နည်းပညာအင်အားတွေချည်းတော့ မဟုတ်ပါဘူး။ အဆိုပါ လက်နက်ခဲယမ်း၊ နည်းပညာတွေကို ရောင်းချပေးမယ့် သံတမန်ရေးအရ နောက်က ရပ်ခံကူညီမယ့် အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့လို အင်အားကြီးနိုင်ငံတွေရဲ့ သံတမန်ရေး ကူညီအားပေးမှုတွေကလည်း စစ်ကောင်စီကို အတိုင်းအတာတခုထိ အင်အားပြန်လည် ပြည့်လာစေတာဖြစ်ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကလည်း နိုင်ငံတကာ နဲ့ သံတမန်ရေး အဆက်အသွယ် ပြန်လည်ရရှိစေဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်/ စိုးမိုးနယ်မြေအချို့မှာလည်း ငလျင်ဘေး ကျရောက်သည့်တိုင် နိုင်ငံတကာ အကူအညီတွေ ဆက်သွယ်ရယူနိုင်တဲ့ လမ်းကြောင်းမျိုး မရှိခဲ့ပါဘူး။ အာဏာသိမ်း စစ်ကောင်စီကသာ Defacto အစိုးရ အနေနဲ့ နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းတွေက ဆက်သွယ်ကူညီပေးခဲ့တာတွေ့ရပါတယ်။ 

ငလျင်ဘေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲ စတာအကြောင်းအချက်တွေ အပေါ်မှာ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ ကောင်းစွာ အမြတ်ထုတ်နိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ မတ်လကနေ စက်တင်ဘာလတွေ အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ပြည်ပ ခရီးစဥ် ၁၀ ကြိမ်နီးပါး သွားရောက်ခဲ့တာ တွေ့ရပါလိမ့်မယ်။ ထိုင်းနိုင်ငံ၊ ရုရှား၊ ပီကင်းနဲ့ ယခင်ဆိုဗီယက် ပြည်ထောင်စုဝင်ဟောင်း နိုင်ငံတချို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သီတင်းပတ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေလည်း နေပြည်တော်ကို သွားရောက်ခဲ့တာတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားအပြီး နှစ်အတန်ကြာ နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင် ဖိတ်ကြားမှုနဲ့ သွားရောက်မှုတွေ လုပ်ဆောင်ခြင်း မရှိဘဲ ဖယ်ကျဥ်ထားမှုက သဘာဝဘေး အန္တရာယ်ကြောင့် ပျက်ပြယ်သွားခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီလို သံတမန်ရေး ဆိုင်ရာ အနေအထား ပြောင်းလဲမှုတွေနဲ့ ပြည်တွင်းမှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး နယ်စပ်ကုန်သွယ်မှုကို လက်နက်အဖြစ် အသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖြစ်စေချင်တဲ့ အခင်းအကျင်းထဲ ဖိအားပေးမှုတွေက အာဏာသိမ်း စစ်ကောင်စီကို စိတ်ဓါတ်ရေးအရ အားတက်စေခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အားလျော့လာခဲ့တာ တွေ့ရပါတယ်။ 

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ မှာ ၂ ဖွဲ့သာ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ အနေအထား ရောက်ရှိခဲ့သလို ရှမ်းမြောက်ဒေသက တိုက်ပွဲတွေကို ရှမ်းတောင်၊ မြန်မာနိုင်ငံ အလယ်ပိုင်း ၊ ကရင်နီ (ကယား) ပြည်တို့က အခြားသော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေက ပါဝင်တိုက်ခိုက်ပေးခဲ့ကြတဲ့ ၂၀၂၃ အကုန်နဲ့ ၂၀၂၄ ခုနှစ်တွေက အခြေအနေတွေ မရှိတော့တာ တွေ့ရပါလိမ့်မယ်။ အခုလို ပူးပေါင်း တိုက်ခိုက်မှုတွေ နည်းပါးသွားရတဲ့ အကြောင်းရင်းက လက်နက် ခဲယမ်း မလုံလောက်မှုကြောင့် သို့မဟုတ် ပူးပေါင်း စစ်ဆင်ရေးတွေရဲ့ အကျိုးရလဒ် အပေါ် မဟာမိတ်တွေအကြား သဘောတူညီမှု မရှိတဲ့ အချက်တွေလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

၂၀၂၄ နှစ်လယ် နဲ့ နှစ်ကုန်ပိုင်းကို လွန်မြောက်ပြီးနောက်မှာ လက်နက်ကိုင် တော်လှန်ရေး ရေချိန်က တန့်နေခဲ့သလို ၂၀၂၅ နှစ်လယ်ပိုင်းမှာ အကျပိုင်းကို ဆင်းလာခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကြောင့် ရှမ်းမြောက်က မြို့တချို့ လက်လွှတ်ဆုံးရှုံးရသလို ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ပြည်တို့မှာ မြို့တချို့ တပ်စခန်းတချို့ ပြန်လည် လက်လွတ်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစပ်က စစ်မျက်နှာတွေမှာသာ စစ်ကောင်စီတပ်တွေ ရှေ့မတိုးနိုင် ဖြစ်နေပြီး ကချင်ပြည်နယ် ဗန်းမော်မြို့မှာ KIA ရဲ့ စစ်ရေးဖိအားကို ပြန်တွန်းလှန်နိုင်လာတာ တွေ့ရသလို ဖားကန့် ကို စစ်ကောင်စီ စစ်ကြောင်း ပြန်လည်ဝင်ရောက်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 

သံတမန်ရေး နဲ့ လက်နက်ကိုင် စစ်ပွဲတွေမှာ တန့်နေတဲ့ အခြေအနေနဲ့ ဆုတ်ပေးနေရတဲ့ အခြေအနေတွေက လတ်တလော အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် တော်လှန်ရေး ရေချိန်ကျလာနေပြီလားဆိုတဲ့ စိုးရိမ်မှုတွေလည်း စစ်အာဏာရှင် ဆန့်ကျင်တဲ့အင်အားစုတွေ ဘက်မှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ 

၄ နှစ်ကျော် ၅ နှစ်တာ အတွင်း အရှိန်အဟုန်နဲ့ ရှေ့တိုးခဲ့ကြ အာဏာရှင်စစ်တပ်ကို ဖိအားပေးခဲ့ကြ အပြီးသတ် အောင်ပွဲကို မျှော်လင့်ချက်ရောင်ခြည် သမ်းစ ပြုရာကနေ တော်လှန်ရေး ဒီရေက ပြန်လည် လျော့ကျလာခဲ့ရတာ တွေ့ရပါတယ်။ 

လက်နက်ကိုင် တော်လှန်ရေး တရပ်အဖို့ ၅ နှစ်တာ ကာလဟာ ကြာရှည်တယ်လို့ မဆိုနိုင်သော်လည်း ဒီထက် ကြာရှည်တဲ့ စစ်ပွဲကို ဆင်နွှဲဖို့ ရာမှာ ရုပ်ဝတ္တု၊ ငွေကြေး၊ လူအင်အားနဲ့ တော်လှန်ရေးကို ထောက်ခံပံ့ပိုး ပေးနေကြရတဲ့ လူထု အဖို့လည်း ခံနိုင်ရည် အကန့်အသတ် ရှိနေတဲ့ အချက်ကို မငြင်းနိုင်ပါဘူး။ 

မကြာသေးခင်က BPLA ခေါင်းဆောင် မောင်ဆောင်းခက လူထုကို အောင်ပွဲခံမယ့် နေ့၊ လ၊ ခုနှစ်တွေနဲ့ စည်းရုံးပြောဆိုတာမျိုး မလုပ်သင့်ဘူးလို့ မှတ်ချက်ပေး ပြောဆိုခဲ့ပြီး အောင်ပွဲက ရမှာ သေချာပေမယ့် ဘယ်နေ့ ဘယ်လ ဘယ်နှစ်ရယ်လို့ စိတ်ဓါတ်တက်ကြွအောင် ပြောဆိုစည်းရုံးတာမျိုးက လူထုကို လိမ်ညာတဲ့ သဘော ဖြစ်လိမ့်မယ်လို့လည်း မှတ်ချက်ပေးသွားတာ တွေ့ရပါတယ်။ 

မောင်ဆောင်းခ မပြောမီကတည်းက အချို့သော ပြည်သူလူထု အနေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး ရေချိန် ပြောင်းလဲလာနေတာကို အကဲခတ် သဘောပေါက်တန်သလောက် သဘောပေါက်ပြီး ဖြစ်ကြပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar