ဂါဇာစစ်ဆင်ရေး အဆုံးသတ်နဲ့ မြန်မာ့ပြည်တွင်းစစ် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး အလားအလာ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၄ မြင်ကွင်း
မိုးမခ ၊ အောက်တိုဘာ ၁၅၊ ၂၀၂၅
ဂါဇာစစ်ဆင်ရေး အဆုံးသတ်နဲ့ မြန်မာ့ပြည်တွင်းစစ် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး အလားအလာ
အရှေ့အလယ်ပိုင်းက ပါလစ္စတိုင်းနဲ့ အစ္စရေးလ်ပြဿနာရဲ့ အဆိုးရွားဆုံး ကာလတဖြတ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ၂ နှစ်နဲ့ ၃ ရက်ကြာမြင့်တဲ့ ဟားမာ့စ် လက်နက်ကိုင်အဖွဲ့ ချေမှုန်းတဲ့ စစ်ဆင်ရေးက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ တခန်းရပ်ခဲ့ပြီဖြစ်ပါတယ်။
၂ နှစ်စွန်းစွန်းကာလအတွင်း အစ္စရေးလ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်ကြတဲ့ ပါလစ္စတိုင်းဒေသခံ ၇၀၁၀၀ အသက်ဆုံးရှုံးခဲ့ကြတယ်လို့ ဂါဇာဒေသက ကျန်းမာရေးဌာနရဲ့ စာရင်းဇယားအရ သိရှိရပါတယ်။ အဆိုပါ ၇ သောင်းကျော် အရေအတွက်ထဲ သတင်းမီဒီယာသမား ၂၁၇ ယောက်၊ UNRWA လို့ ခေါ်ဆိုတဲ့ ကုလသမဂ္ဂ အကူအညီပေးရေးဝန်ထမ်း ၁၇၉ ယောက်ပါဝင်ပြီး၊ အခြား အကူအညီပေးရေးအဖွဲ့ဝန်ထမ်း ၄၀ ကျော် ၅၀ နီးပါး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လေ့လာသူတွေရဲ့ ခန့်မှန်းမှုအရဆို သေဆုံးသူတွေရဲ့ ၈၀ ရာနှုန်းက အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၇ သောင်းစွန်းစွန်း မှာ ၂၀၀၀၀ ဝန်းကျင်က ကလေးငယ်တွေ ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေကို အချိန်နဲ့အမျှ မှတ်တမ်းတင်နိုင် ဖြန့်ဝေနိုင်တဲ့ နည်းပညာခေတ်လိုမျိုးမှာ အစ္စရေးလ်စစ်တပ်ရဲ့ ဗုံး၊ ဒုံးကျည်တွေနဲ့ မြေပြင်တင့်ကားတွေ ခေတ်မှီစစ်ရေးနည်းပညာ အားလုံးအသုံးပြုပြီးတိုက်ခိုက်တဲ့ စစ်ဆင်ရေးကို နေ့စဥ်နဲ့အမျှ ကိန်းဂဏန်းတွေ၊ ရုပ်သံတွေ၊ ဓါတ်ပုံတွေ၊ အင်တာဗျူးတွေ နဲ့ ၂ နှစ်ကျော်ကြာ သတင်း ထုတ်ပြန်နေခဲ့ပေမယ့်လည်း ရပ်တန့်အောင် တားဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။
မကြာသေးခင် လပိုင်းတွေမှာ လက်ရှိ အစ္စရေးလ် အစိုးရ၊ ဝန်ကြီးချုပ်၊ စစ်တပ်တို့ကို ဆန့်ကျင်မှု သပိတ်မှောက်မှု နဲ့ အစ္စရေးလ်နဲ့ မဟာမိတ်ဆက်ဆံရေး ရှိနေတဲ့ အနောက်ဥရောပ နိုင်ငံတချို့က ၂ နိုင်ငံမူဝါဒကို အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်ထွက်လာချိန်၊ ကမ္ဘာ့ကုလသမဂ္ဂမှာ အစ္စရေးလ် ဝန်ကြီးချုပ် မိန့်ခွန်းပြောချိန် နိုင်ငံစုံ ကုလကိုယ်စားလှယ်တွေ၏ သပိတ်မှောက်မှုကို ခံခဲ့ရပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုအကြောင်းအရာ အဓိပ္ပါယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေက ဂါဇာ ကမ်းမြောင်စစ်ဆင်ရေးဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ သတ်မှတ်ပြောဆိုသည့်တိုင် အစ္စရေးလ်စစ်တပ်၊ အစိုးရနဲ့ ဝန်ကြီးချုပ်တို့က စစ်ဆင်ရေးကို နောက်ထပ် လနဲ့ ချီ ဆက်လက်ဆင်နွှဲခဲ့သလို အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပ နိုင်ငံတချို့ကလည်း အစ္စရေးလ်ကို စစ်လက်နက်၊ စစ်ရေး နည်းပညာ အကူအညီပေးတာတွေ မရပ်ဆိုင်းခဲ့ကြပါဘူး။
၂၀၂၅ ခုနှစ်ထဲမှာတော့ အစ္စရေးလ်က ဂါဇာကို ရိက္ခာဖြတ်တောက်ပြီး အဲဒီဒေသမှာနေထိုင်နေတဲ့သူတွေ အခြားနေရာတွေ ရွှေ့ပြောင်းထွက်ခွာသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။ ရိက္ခာဖြတ်တောက်မှုကြောင့် ဂါဇာကမ်းမြောင်က ပါလစ္စတိုင်းအရပ်သားလူထုတွေ အနေနဲ့ အဟာရ ချို့တဲ့မှုကနေ အသက်သေဆုံးမှုတွေ ဖြစ်လာတဲ့ အခြေအနေမျိုးထိ ရောက်ရှိလာခဲ့တာပါ။
ဂါဇာကမ်းမြောင်မှာ အထက်ကလို အနေအထားရောက်ရှိလာချိန်မှာ အစ္စရေးလ်ကို အားပေးကူညီနေတဲ့ အနောက်ဥရောပ ဒီမိုကရေစီနိုင်ငံတွေက အစိုးရအဖွဲ့တွေက သိသိသာသာ မူဝါဒ မပြောင်းလဲသေးပါဘူး။
သို့သော် စစ်ပွဲကာလတလျောက်လုံးမှာ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေ က စည်းရုံးလှုံ့ဆော်မှုနဲ့ ဆန္ဒပြပွဲတွေ မြို့ကြီးတွေမှာ သီတင်းပတ်ကုန် အားလပ်ရက်တွေတိုင်း တနေရာမဟုတ် တနေရာမှာ ဖြစ်ပွားလာတာ၊ အချို့သော တက္ကသိုလ်တွေက အစ္စရေးလ်နိုင်ငံက တက္ကသိုလ်တွေနဲ့ အဆက်အသွယ်ဖြတ်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်လာတာအပြင် အစိုးရအဖွဲ့တွေအထဲ တဦးတလေက ကျင့်ဝတ်ပိုင်းဆိုင်ရာ အပြစ်မကင်းမှု ခံစားချက်မျိုး ခံစားလာရပြီး အစ္စရေးလ် အစိုးရကို တစုံတရာ အရေးယူဖို့ ပြောဆိုလာတဲ့ အခြေအနေမျိုးတွေ ပေါ်ပေါက်လာရပါတယ်။ ရိက္ခာပိတ်ဆို့ဖြတ်တောက် ခံထားရတဲ့ ဂါဇာကမ်းမြောင်ကို နိုင်ငံတကာက တက်ကြွလှုပ်ရှားသူတွေက ရေယာဥ်အုပ်စုတွေနဲ့ ရိက္ခာကူညီဖို့ လာရောက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်လာကြတဲ့ ဖိအားတွေလည်း အခုလို အစ္စရေးလ်ရဲ့ စစ်ဆင်ရေး ရပ်ဆိုင်းဖို့ ဖိအားတွေ ဖြစ်လာစေတာ ဖြစ်ပါတယ်။
လူဦးရေ ၂ သန်းကျော်မျှရှိတဲ့ ပါလစ္စတိုင်းတွေ အနေနဲ့ ဂါဇာကမ်းမြောင်ဟာ အကျယ်အဝန်းအားဖြင့် နိုင်ငံတချို့ရဲ့ ဒေသငယ်၊ မြို့နယ် ခရိုင်တခုထက်တောင် သေးငယ်ကောင်း သေးငယ်တဲ့ မြေဖြစ်ပေမယ့် ၄င်းတို့ရဲ့ မြေဆိုတဲ့ ဘာသာရေးယုံကြည်မှုဆိုင်ရာနဲ့ မွေးရာပါ အခွင့်အရေးဆိုင်ရာ ယုံကြည်မှုတွေက ဒီမြေကနေ ထွက်ခွာတိမ်းရှောင်ခြင်း မပြုဖို့၊ ဖြစ်လာတဲ့ ကြုံလာတဲ့ ဒုက္ခကို ခါးစည်းခံဖို့ စည်းနှောင်ထားတဲ့ သဘောလို့ ယူဆရပါတယ်။ အစ္စရေးလ် ရဲ့ ဂါဇာကမ်းမြောင် စစ်ဆင်ရေး ရဲ့ ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်က Greater Israel လို့ ဆိုတဲ့ ပိုမိုကျယ်ပြန့်ကြီးမားတဲ့ အစ္စရေးလ် နိုင်ငံ အိပ်မက်ကို ဟားမားစ်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို အကြောင်းပြုပြီး ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။
အစ္စရေးလ် အနေနဲ့ အထက်က ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်ကို မစွန့်လွှတ်သရွေ့ ဂါဇာကမ်းမြောင် ဒေသရဲ့ ငြိမ်းချမ်းရေးက တည်တံ့ဖို့ ခက်ခဲပါလိမ့်မယ်။ ဟားမာ့စ်အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြေလှန် စစ်ဆင်ရတာလို့ ဆင်ခြေပေးကောင်းပေးပေမယ့် ဒီစစ်ဆင်ရေး ကို အမိန့်ပေးတဲ့ အစ္စရေးလ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် နေတန်ယာဟု ရော တဖက်က ဂါဇာဒေသမှာနေထိုင်နေကြတဲ့ ပါလစ္စတိုင်းလူမျိုးတွေကပါ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ကို သိနေကြတာလို့ ယူဆနိုင်ပါတယ်။
ဒီယူဆချက်တွေ ယုံကြည်ချက် ရပ်တည်ချက်တွေကြောင့် အဆိုပါဒေသမှာနေထိုင်နေကြတဲ့ ပါလစ္စတိုင်းတွေ အချို့သောနိုင်ငံက စစ်ဘေးဒုက္ခသည်တွေလို မိမိဇာတိ၊ နေထိုင်ရာနယ်မြေကို ယာယီစွန့်ခွာပြီး တိမ်းရှောင်ခြင်း မပြုခဲ့ကြတာ တွေ့ရပါတယ်။ အတည်တကျ နေစရာ မရှိတဲ့ အနေအထား အဆောက်အဦတွေ အားလုံးနီးပါး ဗုံး၊ ဒုံးကျည်နဲ့ ဖျက်ဆီးပြီး အပျက်အစီးတွေပြည့်နေတဲ့ ဒေသကြီးဖြစ်သည့်တိုင် ရှိစုမဲ့စု အိမ်အသုံးအဆောင်တွေကို ကားစုတ်တွေ၊ လှည်းတွေ ပေါ်တင်ပြီး အသက်ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရင်း အံတုနေထိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။
မည်သို့ပင် ဖြစ်စေ အခုလက်ရှိ အခါမှာတော့ ဂါဇာကမ်းမြောင်က စစ်ဆင်ရေးကို နှစ်ဖက် အပြန်အလှန် ဓါးစားခံ၊ ဖမ်းဆီးပြီး တရားရုံးတင်ခြင်းမရှိတဲ့ ထိန်းသိမ်းသူတွေ လဲလှယ်ပြီး အပစ်ရပ် ငြိမ်းချမ်းရေး ယူခဲ့ကြပြီဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဘယ်လောက် တည်တံ့မလဲ ခိုင်မာမလဲဆိုတာတော့ ခုနေ ပြောဖို့စောနေသေးတယ်လို့ ယူဆရပါတယ်။
မြန်မာနိုင်ငံမှာလည်း နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုတာ ၁၀ နှစ်တင်းတင်းပြည့်တဲ့ အခမ်းအနား တရပ်ကို မနက်ဖြန် အောက်တိုဘာ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပပါလိမ့်မယ်။ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အချို့နဲ့ စစ်တပ်က စစ်အရာရှိကြီးတွေ နိုင်ငံရေးပါတီအချို့က ကိုယ်စားလှယ်တွေ အရပ်ဖက် အဖွဲ့အစည်းအချို့ တက်ရောက်ကြပါလိမ့်မယ်။
တဖက်မှာလည်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ ကရင်၊ တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်၊ ကရင်နီတို့မှာ တိုက်ပွဲတွေ နေ့စဥ်နဲ့အမျှ ဖြစ်နေသလို လက်ရှိ တိုက်ပွဲမဖြစ်တဲ့ ဒေသတွေကိုလည်း လေယာဥ်နဲ့ ဗုံးကြဲတာ ပါရာမော်တာ ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးအထိ ရောက်ရှိလာနေပြီ ဖြစ်ပေမယ့် အဆုံးသတ်နိုင်ဖို့ လမ်းမမြင်သေးတဲ့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်ခြင်းက မြုံနေတဲ့ ပြည်တွင်းစစ်မီးတောက်ကို အရှိန်ပြန်ရလာစေတာ ဖြစ်ပါတယ်။ အရှိန်နဲ့ပြန်တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးက စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းစေမယ့် အကြောင်းတချက်အဖြစ် အများက ယုံကြည်ကြပေမယ့်လည်း အာဏာသိမ်းတဲ့ စစ်တပ်ကို ယှဥ်ပြိုင်တိုက်ခိုက်နေကြတဲ့ မိမိတို့ အမျိုးသားလွတ်မြောက်ရေး ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ဘုံရည်မှန်းချက် နဲ့ ဘုံလုပ်ငန်းစဥ် တစုတစည်းထည်း တိုက်နိုင်ကြမှသာ မြန်မာ့လွတ်လပ်ရေးနဲ့ ကြိုးပမ်းမှု အတူပေါ်ထွက်လာပေမယ့် ဖက်ဆစ်စစ်တပ် အဖြစ် အသွင်ပြောင်းသွားတဲ့ အာဏာရှင် တပ်ကို အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။
သို့မဟုတ်ခဲ့ရင် ပြည်တွင်းစစ် ဝဲဂယက်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရဲ့ သံသရာထဲ တကျော့ပြီးတကျော့ လည်နေဦးမယ့် အနေအထားဖြစ်တယ်လို့မြင်မိပါတော့တယ်။
-
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar