Breaking News

မောင်ဘဦး - ပုံမလာ၊ မုံရွာက

မောင်ဘဦး - ပုံမလာ၊ မုံရွာက

မိုးမခ ၊ အောက်တိုဘာ ၁၂ ၊ ၂၀၂၅



"ပုံမလာ... မုံရွာက... ။"

ငယ်ငယ်က အတော်ခံပြင်းမိသည့် စကား။ မုံရွာသားစစ်စစ် မဟုတ်ပေမင့် စစ်ကိုင်းတိုင်းဒေသကောလိပ်၊ မုံရွာမှာ တက်ခဲ့ရသူမို့၊ ရန်ကုန် သမိုင်းကျောင်းဆောင်ဝန်းကျင်၊ ကင်တီးတွေအကြား၊ သည်စကားမျိုးကြားရလျှင် မိမိကိုပင် ရည်ရွယ်ပြောဆိုဘိသည့် အလား၊ အလိုလို ခံပြင်းမိသည်။ တဆက်တည်းပင်၊ ဟားကြသူကို စိတ်မဝင်စား။ အဟားခံရသူကို သတိထားမိသည်။ ပြောသူထက် အပြောခံရသူကို သတိထားကြည့်မိသည်။ သနပ်ခါးဘဲကြားရိုက်၊ ခါးကတန်းလန်း၊ အပွင့်ရိုက်ထဘီ ညှပ်ဖိနပ်ကိုယ်စီနှင့် မုံရွာဒေသကောလိပ် တစ်ခုတည်းက ထွက်သည့် အဆောင်သူ ခပ်တုတ်တုတ် ခပ်ကြမ်းကြမ်းတွေ။

"... နင်တို့ကြောင့် ဒို့မှာ အပြောခံလိုက်ရသလေ။ တကယ်ဆို ရန်ကုန်ရွှေမြို့တော်ကြီးပင် ရောက်နေပြီကဘဲ၊ မိတ်ကပ်တွေ သရီးစတက်တွေ ဒေါက်မြင့်ဘိနပ်တွေ ခေါက်ထီးတွေ စလင်းဘက်တွေနဲ့ နေကြပါတော့လား ...။ အဟား မခံကြရအောင်... ။"

ဤစကားတွေကို သူတို့တော့ သွားမပြောရဲ။ မကြေနပ်တာတွေကို စိတ်ထဲမှာသာ ထားရသည်။ ကျောင်းမတက်သည့်အချိန်၊ စာအုပ် ငှားဖို့က ရှိသေးသည်။ စာတိုက်မှ ငွေလွှဲမရောက်လျှင်လည်း သူတို့ဆီက ချေးရဦးမည် လေ။

သူတို့တွေကလည်း၊ ကိုယ့်အရပ် ကိုယ့်ဒေသ အထက်ချင်းတွင်း အောက်ချင်းတွင်းက၊ ချင်းတွင်း-မောင်နှမ၊ အချင်းချင်း ယိုင်းပင်းကြပါသည်လေ။ ဖဲရှုံးလို့ မဆပ်နိုင်ရင်လည်း အကြွေးပြန်မတောင်း။ ကျောင်းပိတ်ရက်အိမ်အပြန် ရထားလက်မှတ် တန်းစီပေးရုံ၊ သံသေတ္တာ ဝိုင်းမ,ပေးရုံ၊ ပြည်လမ်း ကျောင်းပေါက်ဝ၊ သုံးဘီး ငှားပေးရရုံသာ။

သူတို့မှာလည်း ဇာတိပုည - ဂုဏ်မာနတွေနှင့်။ မိမိတို့က မူးမူးရူးရူး ပေပေတေတေဆို မကြိုက်၊ ကျောင်းဆွေးဆွေး လူဆွေးဆွေးဆို သူတို့ မလိုလား။ အထူးအားဖြင့် မလိမ်မကောက်၊ သူတပါးအပေါ် မညွန့်တတ် မကြောတတ်သူကိုသာ သူတို့လိုလားသည်။

လုပ်ငန်းခွင်ဝင်ရာကျပြန်တော့ ရာထူး ကြီးကြီး ငယ်ငယ်၊ ဖော်ရွေကြ ခင်မင်ကြ၊ စောင့်ရှောက်ကြ ဖေးမကူညီကြပါသည်။

ဒါကတော့ ၁၉၇၀-၈၀၊ ပြည်သူတွေ၏ စာရိတ္တကောင်းလေးတွေ လုံးဝ အဖျက်အဆီး မခံကြရသေးခင်၊ ၆၂ခုနှစ် စစ်အာဏာသိမ်းပြီးခါစ 'မှောင်ခိုခေတ်'ထ,သည့် အချိန်လေး‌လောက်က ဖြစ်ပါ၏။ ရိုးရာဓလေ့နှင့် ပါလီမန်ဒီမိုကရေစီစနစ်၏ အရှိန်တွေကလည်း အထိုက်အလျောက် ကျန်သေးသည်လေ။

သည်ကနောက်၊ တဖြည်းဖြည်း ပြောင်းလဲလာပါလေ၏။ ဘာတွေ ပြောင်းလဲလာပါသနည်း။ တိုင်းပြည်မှာ ကုန်သွယ်ရေး တံခါးပိတ်ဝါဒကို ကျင့်သုံးမှုကြောင့် ရုပ်ပစ္စည်းတွေမှာ ခိုးကြောင်ခိုးဝှက်၊ ကောင်းစွာ မတိုးတက်ချင်။ လယ်လုပ်သူ လယ်ပိုင်ခွင့် (အမှန်မှာ လယ်လုပ်ပိုင်ခွင့်) ရသည်ဆို၍၊ မောင်ဘဦးတို့ ဘိုးဘွားမိဘတွေမှာ ရှေးယခင်က ယာအငှား 'ယာစု'ပေး လုပ်ခဲ့ကြရလေငြား၊ 'ဘွားခနဲ' ယာပိုင်ဖြစ်သွားသလိုလို။ တဖန်၊ ပိုင်ပေသော်ငြား၊ စီမံကိန်းသီးနှံဆိုပြီး ဒေသနှင့် သင့်မသင့် ကိုက်ညီမညီကို မကြည့်။ သူတို့စစ်အစိုးရ စာချုပ်ပါအတိုင်း၊ ဆန်ဂျုံ အစိုက်ခိုင်း၊ စီမံကိန်းအရ အသွင်းခိုင်း။ မစိုက်နိုင်လျှင် ဝယ်သွင်း။ တဖြည်းဖြည်းချင်း ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲတွင်း နက်လာလေ၏။ ဝယ်သွင်းရ၍ စံချိန်စံညွှန်း အရည်အသွေး အလေးချိန်ကတ္တား၊ စိတ်ပိုင်းဆိုင်ရာ စာရိတ္တများပါ ခြစားလာလေ၏။

နောက်ပိုင်း၊ အလကားပိုင်ဆိုင်ခွင့်ရသည့် ယာမြေကိုရောင်း၊ ရက်ကန်းလုပ်ငန်းသို့ ပြောင်းခဲ့ကြလေသတည်း။ အချို့ကား ယာမြေကိုရောင်း၊ 'ကုန်ကူးသည်'ဟု ထိုစဉ်က ဆိုကြသော 'မှောင်ခိုကုန်သည်'အဖြစ်သို့ ပြောင်းလဲခဲ့ကြ လေသတည်း။

ရက်ကန်းလုပ်ငန်းတွင် မိရိုးဖလာ ဗမာချည် နှစ်နံစပ်နှင့် မိသားစု စားဝတ်နေရေးကမလွယ်။ ကုန်သွယ်ရေး ချည်ထည်စီမံကိန်း ပေါ်လာလေ၏။ ၂/၈၀ မာဆရိုက်ချည်ထုပ် ပေး။ ဆေးရောင် ဓာတ်ဆေးမှုန့် ပေး။ ဆေးဆိုး ရက်ကန်းချည်၊ ရက်ကန်း ရက်လုပ်ပြီး အထည်ပြန်သွင်း။ အစက အနည်းအကျဉ်း ကိုက်သေးကြငြား၊ ကုန်သွယ်ရေးမှာ အထည်ချည်မျှင် အပင် ဝင်၊ မဝင် မှန်ဘီလူးနဲ့ ကြည့်၊ အပင်မဝင်လျှင် 'ဖိုင်းချ' ဒဏ်ရိုက်ကြလေ၏။ မှန်ဘီလူးကွက် တလက်မလျှင်၊ ချည်ပင် ဝင်မဝင်က သူတို့သဘော။ သည်တော့၊ မျက်နှာသာရစေကြောင်း၊ သူတို့ကို ကျွေးရမွေးရ ပေးရကမ်းရ၊ စာရိတ္တ ပြောင်းကြရပြီ။ ထုတ်ပေးသော မာဆရိုက်ချည်အစား တမူး,မိုးလေးဖက်မှ ကုလားပြည် - ၁/၄၀ ချည်ထုပ်များ ကြားညှပ်၊ ဟိုက်ဒိုး,ကော့စတစ် 'ဘေယာ(BAYER)-ဆိုးဆေးသံဗူး'၊ ချုပ်ဆေး၊ ဓာတ်ဆေးအစား ဒါရိုက်ဆိုးဆေး ပြောင်း။ စာရိတ္တမကောင်းအောင် သင်ပေးကြပြန်လေပြီ။ ဤသို့ဖြင့် ကုန်သွယ်ရေးက ပေးသည့် ချည်ထုပ်သည်(သယ်) ဆေးမှုန့်သည်(သယ်)၊ လူလတ်တန်းစား သူဌေးသူကြွယ်လေးများ အလျှိုအလျှို ပေါ်ပေါက်လာကြလေ၏။ သူတို့ကိုတော့ မဖမ်း။ ပေးကမ်း ပေါင်းသင်းထားကြရ ပေသကိုး။

မှောင်ခို ခေတ်ဖြစ်၍ မော်လမြိုင် ဘိတ်၊ ကျိုင်းတုံ၊ တာချီလိတ်၊ မြစ်ကြီးနား၊ တမူး မိုးလေး(မိုရေး)၊ ကလေးဝ ခန္တီး၊ နယ်စပ်မြို့လေးများ နာမည်ကြီးလာလေ၏။ နယ်စပ်ဂိတ်လေးများ စားပေါက်ချောင်လာကြလေ၏။ ချောင်မည်လေ၊ အရည်အသွေး မီ မမီ၊ ပြည်သူတွေအသက်အန္တရာယ် ကင်း၊မကင်းက အရေးမကြီး။ မှောင်ခိုပစ္စည်း ကားတစီးတိုက်ကို စီ ၆၀ တိတ်ခွေလေး တခွေ၊ ကက်ဆက် အသေးတလုံးမျှဖြင့်၊ ဝင်စေ။ တင်သွင်းစေ။ (ယနေ့ခေတ်ဆိုလျှင် ဆိုလာပြားလေးတချပ်သာပေး၊ သွင်းစေ။) ဒီရာထူးနေရာ မပြောင်းရွှေ့ရဖို့ တန်စိုးလက်ဆောင်အတွက်က ရှိသေး။

မှောင်ခိုခေတ်ဖြစ်သည့်အားလျော်စွာ ‌အကျင့်စာရိတ္တများလည်း တစတစ မှောင်ခိုလာကြလေ၏။ ဌာနဆိုင်ရာ လာဘ်ပေးလာဘ်ယူများလည်း အထိုက်အလျောက် ပေါ်လာ၏။ အထက်လူကြီးကို ဂါတတ်လာကြ၏။

"လုပ်ခ,လစာ၊ လုပ်ပိုင်ခွင့်, ရပိုင့်ခွင့်အခြေခံသာ၊ တတိုင်းတပြည်လုံး တပြေးတည်း တညီတည်း ဖြစ်နေပါမူ၊ အဘယ်သူ အဘယ်ဝန်ထမ်းသည်၊ ထိုအရပ် ထိုဒေသတို့သို့၊ သွားချင်ကြ၊ မသွားချင်ကြ၊ 'နှစ်ခွထွက်စရာ'၊ ပဇာမှာ ရှိပါတော့အံ့နည်း။"

ယခုမူ ထိုသို့မဟုတ်အောင် အာဏာသိမ်းစစ်ကောင်စီ စစ်အစိုးရက တဖြည်းဖြည်း ဖျက်ဆီးပြလာချေပြီ။ ဘူတာရုံပိုင်ချင်း အတူတူ၊ မုံရွာဘူတာရုံထက်၊ မြစ်ကြီးနားဘူတာရုံမျိုးသို့သာ ရုံပိုင်အဖြစ် သွားရောက် လုပ်ကိုင်ချင်လာကြသည်။ ('မုံရွာ - ပုံမလာဘူး' လေ။) ဦးစီးဌာနချင်းအတူတူ လာဘ်ယူလို့ကောင်းသည့် ဌာနမျိုးသာ ရလိုလာကြသည်။ ကောင်စီဥက္ကဋ္ဌချင်းအတူတူ၊ ချင်းပြည်နယ်တော့ မယူလို။ စစ်ကိုင်းတိုင်းအတွင်းမှာပင် စားကွက်လုပ်ကွက် ကောင်းသည့်မြို့၊ စားပေါက်ချောင်သည့်မြို့ကိုသာ ယူလိုသည်။ ယူချင်လျှင် ပေးလေလော့။

တဖန်၊ အပြစ်ပေး ဒဏ်ခတ်သည့် အနေ၊ စားကွက် လုပ်ကွက်မရှိရာသို့ ပို့။ ဤသို့ဖြင့် လုပ်ကွက်စားကွက် မရှိရာ၊ ဖြူစင်ရိုးသားလှသည့် မြို့ရွာကလေးများသည် 'မဲဇာ'အဖြစ်သို့ စစ်အစိုးရမှ ပြောင်း ...။ (ပြည်သူ့)ဝန်ထမ်းအပေါင်း စာရိတ္တ ချို့တဲ့စေ ...။ မြို့အချင်းချင်း ကွာဟချက် များကြစေ... ။ ပြည်သူတွေ ကြည့်ထားကြ။ လိုက်လုပ်ကြ။ အတုယူ အတုခိုးကြပါကုန်လော့...။

'သံသာရ ဝဋ္ဋဒုက္ခတော၊ မောစနတ္ထာရ'၊ ကြွေးကြော်ပြီး ချီတက်လာကြသည့် ပုဂ္ဂိုလ်များ...။ စာရိတ္တသီလ၊ ဝါရိတ္တသီလ၊ အသေးစိတ် မဟောကြ၊ မပြောကြ၊ မပြကြစေနှင့်။  စာရိတ္တသီလ၊ ဝါရိတ္တသီလ၊ မကျင့်သုံးကြသူများကို ကဲ့ရဲ့ရှုတ်ချဖို့၊ မဟော မပြကြလေနှင့်။ ဒါနခန်းလောက်သာ အကြမ်းဖျင်း ချီးမွမ်းဟောပြောပြကြစေ။ သည့်အတွက်၊ 'ခြင်း'ကပ်ပြမယ်ဟေ့... ။ ကြည့်ထားကြ...။ လိုက်လုပ်ကြ...။ (ချဉ်းကပ်ရန် မဟုတ်၊ လှူဖွယ်ပစ္စည်းကို ခြင်းတောင်းထဲ ထည့်၍ ကပ်ကြလေ၏။ တချို့တွေ ယခုတိုင် လိုက်လုပ်ကြလေ၏။) လိုချင်တဲ့ဘွဲ့များ ပေးသနားလိုက်ကြဟေ့... ။ 'သံသာရဝဋ္ဋ ဒုက္ခတော'တွေ စာဖြေ၊ ခိုးချ၊ မမြင်ချင်ယောင် ဆောင်လိုက်ကြဟေ့... ။

ဒါက၊ ၆၂မှ ၈၈ နေဝင်းစန်းယု စစ်အာဏာ ကာလ၊ အကြမ်းဖျဉ်း‌ရေးခြယ်ပြခြင်းသာဖြစ်ပြီး၊ ၈၈-မှသည် ၉၀၊ ၂၀၀၀၊ ၂၀၂၀ အထိ စစ်အာဏာရှင်တို့၏ အသီးသီးအသကအသက၊ စာရိတ္တဖျက်ဆီး လာခဲ့ကြပုံတွေ၊ အထိုက်အလျောက် သိကြပြီး ဖြစ်ပေမည်မို့၊ ပြည်သူလူထုစာရိတ္တ၊ ခြစားကျိုးပဲ့ပြီးဖြစ်သည်ကို သိမြင် သဘောပေါက်ကြစေ။

ယနေ့ ၂၀၂၁-၂၀၂၅၊ 'မအိုးလေ-မအလ'ခေတ်တွင်မတော့ ဖျက်ဆီးစရာ စာရိတ္တကတော့ဖြင့် ကုန်သလောက်နီးနီး ဖြစ်နေပြီမို့ ဆက်လက်၍ ဖျက်ဆီးစရာမှာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်သာ ရှိကြတော့သည်။ ရှိတာကိုပင် ဖျက်ဆီးသတ်ဖြတ်နေကြလေချေပြီတည်း။

သီတင်းကျွတ်လပြည့်နေ့ညက မုံရွာ-ချောင်းဦး နယ်အစပ်၊ 'ဘုံတို'ရွာတွင် ရိုးရာဓလေ့ ဆီမီးပူဇော်ပွဲကျင်းပနေသည့် လူအုပ်ထဲသို့ ပါရာမိုတာဖြင့် ၁၂၀-မမ ဗုံး၂လုံး ကြဲချသွားခဲ့၏။ ကယ်ဆယ်ရေးပြုလုပ်နေစဉ် ထပ်မံ၍ ဗုံး ၂ လုံး ကြဲချပြန်၏။ အပြစ်မဲ့ ကလေးသူငယ် လူရွယ်လူလတ် ၂၀ကျော် သေကြရ၏။ ထိခိုက်ဒဏ်ရာရသူ များပြားလှ၏။ သေဆုံး၊ ဒဏ်ရာရသူ အများစုမှာ အသက် ၁၀နှစ်ဝန်းကျင် ကလေးငယ်အများစု ဖြစ်ပြီး၊ သေဆုံးရုပ်အလောင်းများကို တစစီ ကောက်ယူ စုဆောင်းကြရ၏။

နမခအတွင်း အောင်ပွဲခံကြ လေ၏။ စစ်အာဏာရှင်တို့အဖို့ ဤသို့ လုပ်ရက်ကြသည်မှာ မထူးဆန်း။ ၂၀၁၀ သိန်းစိန်‌ခေတ်၊ တန်ဆောင်မုန်း လပြည့်ညကြီးတုန်းကလည်း၊ ချင်းတွင်းမြစ်နောက်ဖက်ကမ်း၊ လက်ပန်တောင်း သံဃာတော်ကို 'မီးသင်္ကန်း' ကပ်ခဲ့သေးသည်လေ။ 'မအိုးလေ-မအလ'၊ သကောင့်သားခေတ်မှာလည်း ပဲခူး၊ ဝင်းနိမ္မိတာ ဆရာတော်ကို သေနတ်နဲ့ပစ်သတ်ပြီး၊ 'မဟုတ်ပါဘူးဟု ပြောဆို၊ ပီဒီအက်ဖ်ကို လွှဲချ၊ လုပ်ကြံဇာတ်ခင်းမည့်အကြံ ကြံစည်ခဲ့ကြသေးသည်ပဲ။ မန္တလေးနန်းတွင်းထဲ သက်သေဆရာတော်ကို ဇွတ်အတင်းအဓမ္မ မုသာဝါဒ ပြောဆိုပြဖို့ ခိုင်းခဲ့ကြသေးသည်လေ။ ပါရာဇိက ကျစေပေါ့။ အဆိုပါရဟန်းက မုသားမဆို၊ အမှန်ကိုသာ ပြောပြခဲ့ပါသည်။

ထူးဆန်းလေသည်က၊ အထက်က လူသတ်ပွဲကြီးနှင့် တချိန်တည်း တပြိုင်တည်း၊ သီတင်းကျွတ် လပြည့်ညကြီး။ တနည်းအားဖြင့်၊ မုံရွာမြို့ပေါ်၌၊ 'ကန်သာယာ ဖွင့်ပွဲကြီး'၊ 'ကျောက္ကာလမ်း မီးထွန်းပွဲတော်ကြီး'၊ ခြိမ့်ခြိမ့်သည်း ကျင်းပ၊ သီပေါမင်းလက်ထက်က ပွဲသဘင် ခံနေစဉ်၊ မင်းညီမင်းသားတွေကို လုပ်ကြံသလိုမျိုး၊ စစ်ကောင်စီ အချိုး ချိုးပြသည်ကို ဆိုလိုပါ၏။

မြို့ခံ‌တွေကလည်း 'ပွဲကြိုက်ခင်'ထဲကလို -

"[အို...၊ သွားလိုက်ကြတာ ...၊ လူတွေ မနည်း(အဲဟဲ..)...။]"

"[ဆယ်ဖီ...၊ တွဲလို့ ဆွဲကြ...၊ သောက်ကောင်... မ,တွေ...။]"

*(လာလေ..၊ စောစော သွားမှ...၊ ဒို့နေရာ... ရမယ်။)

သည်မှာတင်၊ မောင်ဘဦးရင်ထဲ၊ 'ထောင်းခနဲ' ဒေါပွမိလေ၏။ သီတင်းကျွတ်လပြည့်ညမှ ယခုဤစာ မရေးမီ အချိန်လေးအထိ၊ ၄ရက် ၄ညတိတိ။ "... ဟုတ်ပါ့ဟာ...။ တကယ့်ကို 'ပုံမလာ - မုံရွာ' ထဲက ပါဘဲလား ...။"

သို့သော်ငြားလည်း အမေစုက "မုံရွာက လိမ္မာတယ်"ဟူ၍လည်း ဆိုခဲ့ဖူးပြန်ပါ၏။ အကြောင်းရင်းက အသို့နည်း။

အထက်က စာရိတ္တ,ဝါရိတ္တ ချိုးဖဲ့ခြစား၊ မည်သို့ပင် အသွင်ပြောင်းလဲ ပစ်ပါလေငြား၊ ပြည်သူအများ၏ ရင်ထဲကဆန္ဒကိုကား၊ ခြမစားနှိုင်ကြသေး။ မြို့လူထုမှာ၊ 'အသိ, အလိမ္မာ, ဉာဏ်ပညာ, ဝိဇ္ဇာ, အမောဟ' ဟူသည့် ဉာဏ်အရာ မချို့တဲ့ကြပါသေး။ ၉၀-ရွေးကောက်ပွဲ... ။ လူကိုမကြိုက်လှငြား၊ ပါတီ၏ အခြေခံမူကိုထောက်၊ သောက်သောက်လဲ အင်နယ်ဒီကို မဲပေးခဲ့ကြ၏။ ၂၀၁၀ ကြားဖြတ်။ အင်နယ်ဒီကိုသာ အပြတ်အသတ် မဲပေးခဲ့ကြပြန်ပါ၏။ ၂၀၁၅ အယ်နယ်ဒီအစိုးရဖြစ်အောင် အင်နယ်ဒီကိုဘဲ သောင်ပြိုကမ်းပြို မဲပေးခဲ့ကြပါ၏။ ၂၀၁၅ ကြားဖြတ်၊ အင်နယ်ဒီသာ အပြတ်အသတ်။ ဟော...။ ၂၀၂၀ ရွေးကောက်ပွဲ... ။ အင်နယ်ဒီကိုဘဲ ခြိမ့်ခြိမ့်သည်း မဲပေးခဲ့ကြ ပြီးပြီ။ "ရေကြည်ကြည် မြက်နုနုမှာ အင်နယ်ဒီကသာ ပေးနှိုင်မည် ဖြစ်လေသည်" ကိုး။

"... မအိုးလေ အာဏာသိမ်းသွားလို့သာ...။ နို့မို့ဖြင့်ကွာ...၊ မြန်မာတပြည်လုံး၊ ရုပ်ပိုင်း စိတ်ပိုင်းအကုန်လုံး၊ တောက်ပြောင်ဝင်းထိန် အရှိန်ရနေပြီပေါ့...။ ကမ္ဘာ့အလယ် ဝင့်ထည်နေပြီပေါ့...။ အခုတော့...။ တောက်...။ ဟင်း...။"

သက်ပြင်းကိုချ။ သက်ရှိသတ္တဝါတိုင်း၏ လိုအင်ဆန္ဒ သဘောသဘာဝအရ၊ ရေကြည်ရာ မြက်နုရာ၊ ရှာကြဖွေကြ ရပြန်ချေပြီ။ မြို့နယ်၊ ခရိုင်၊ တိုင်းအတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး၊ သူတလူငါတမင်း ဝိဝါဒငြင်းခုံနေကြလျှင်ဖြင့် ပြည်သူများအဖို့ အဘယ်ကို ကိုးယိုးရမည်မသိ။ ရေမကြည်မြက်မနု။ ထွက်ပေါက်တခု လိုချေပြီ။

တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး၊ တပေါင်းတစည်းတည်း၊ စုစုစည်းစည်း၊ သိပ်သိပ်သည်းသည်း၊ ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင်၊ "ရှိနေကြပြီဟေ့" ဆိုလျှင်...၊ ရေကြည်၍ မြက်နုပါလေပြီ။ အဘယ်ကိုမှ ရွှေ့ပြောင်းစရာ မလို။ မြို့မုံရွာ၊ 'ပုံ' လာကြပါလိမ့်မည်။ မြို့မုံရွာ၊ အဟုတ် 'လိမ္မာကြ'ပါလိမ့်မည်။ လက်သုံးချောင်း ရဲရဲတောက် ထောင်ကြပေလိမ့်မည်။

စစ်အာဏာရှင်ကို အမြစ်ပါမကျန် သုတ်သင် တော်လှန်ကြသည့် အဖွဲ့အစည်းများကသာ စုစုစည်းစည်း တပေါင်းတစည်းတည်း ညီညီညွတ်ညွတ် တိုင်တိုင်ပင်ပင် တလုံးတည်း တခဲတည်း တစိတ်တည်း တဝမ်းတည်း ဖြစ်ကြပါလျှင်၊ လူထုသည်လည်း တလုံးတည်း တခဲတည်း၊ လိမ္မာကြပါလိမ့်မည်။ 'မုံရွာ - ပုံလာကြပါလိမ့်မည်' ...လေ။

တော်လှန်ရဲဘော်၊ တော်လှန်ပြည်သူ အားလုံး ညီညွတ်ကြပါစေ။

သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

မောင်ဘဦး

(၈၇၊ ကျွတ်ဆန်း ၄)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar