Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၁ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၁ )

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၅

10/10/25 Diary in the Darkness - Friday


ကျွန်တော်တို့ မနိုင်လို့ သီးခံနေတာလား အောင်ပွဲကို မျှော်လင့်ပြီး ကြံ့ကြံ့ခံနေတာလား နှစ်ခုစလုံးပဲလား

မနက် နာရီကျော်လောက်နိုးတယ်။ ပါချုပ်ဆရာတော်ရဲ့ မေတ္တာသုတ် အနှစ်ချုပ် နားထောင်တယ်။


ညကကျန်တဲ့ဟင်းနွေးပြီး ထမင်းစားဖို့ပြင်တယ်။ မီးမလာတော့ အစီအစဉ်ပျက်တယ်။ တော်သေးတယ် ရေနွေးရှိနေလို့။ ကော်ဖီဖျော်တယ်။ ဆွမ်းတော်ကျ တရုတ်မရွေးထုပ် တစ်ထုပ်နဲ့ မနက်စာစားတယ်။ တရုတ်မရွေးထုပ်က စိတ်ဝင်စားဖို့ကောင်းတယ်။ လက်ညိုးလောက်ရှိတဲ့ အထုပ်ကလေး။ ပလပ်စတစ် လှလှကလေးနဲ့ ထုပ်ထားတာ။ အထဲက မရွေးကတော့ ရပ်ကွက်ဈေးမှာ ဗန်းခင်းရောင်းတဲ့ မရွေးပါပဲ။ 


ဒါပေမဲ့ တရုတ်ပြည်ကလာတဲ့မရွေးက အပေါ်ယဲကို ခရင်မ်သုတ်၊ မြေပဲခွဲခြမ်းရောင်စုံ လှလှလေးတွေဖြူးထားတယ်။ ရပ်ကွက်ဈေးထဲက မရွေးက တော့ မပြင်မဆင်။ အဝတ်ဗလာနဲ့ လုံးကြီးပေါက်လှ။ တရုတ်မရွေးက ဖက်ရှင်လှလှဝတ်ထားတဲ့ မော်ဒယ်မလေးလို ပိန်ပိန်ပါးပါး။ ရပ်ကွက်ထဲက မြန်မာမရွေးက ဆင်းရဲသားကလေးတွေအတွက်သွားရည်စာ။ တရုတ်မရွေးက ဧည်ကောင်းဆောင်ကောင်း လက်ဆောင်ကောင်း အဖြစ်တခန်းတနား။ တရုတ်မရွေးနဲ့ မြန်မာမရွေးက တရုတ်လူမျိုးနဲ့မြန်မာလူမျိုးတို့ကွာသလိုကွာနေသလားမသိ။ 


မိတ်ဆွေကြီး သမိုင်းဆရာဟောင်းဆီဖုန်းဆက်။ လက်ဖက်ရည်သောက်ဖို့ လမ်းလျှောက်ဖို့ အဖေါ်ညှိ။ ဆရာက မငြင်း။ လမ်းလျှောက်ရင်း ဆရာဆီက သတင်းထူးတွေကြားရ။ PPP ပါတီက ဒေါ်သက်သက်ခိုင်က ကိုမြခိုင်နဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ဆော်ကားစကားတွေပြောတယ်။ လူတွေရဲ့ မကျေနပ်သံတွေ ကျယ်လောင်နေတယ်လို့ပြောတယ်။


အိမ်ရောက်တော့ မိန်းမကလဲ ဒေါ်သက်သက်ခိုင်ကို လူတွေက လူမှုကွန်ယက်ပေါ်မှာ ဝိုင်းဆဲနေကြပြီ လို့ အားရဝမ်းသာပြောတယ်။ ဒီနေ့ တနေကုန် ဒေါ်သက်သက်ခိုင်ကိုဆဲတာတွေပဲ တွေ့နေရတယ်။ ရွေးကောက်ပွဲသတင်းလဲမှိန်သွားတယ်။ ဗူးလက်လှဆွေ အဖမ်းခံရတဲ့သတင်းလဲ နောက်တန်းရောက်သွားတယ်။ AA က မကွေးတိုင်ထဲက အရေးကြီးတဲ့ကာကင်းတခုကိုသိမ်းလို့ စစ်ကောင်စီတပ်သားတွေ ကဆင့်ကလျှားဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းလဲ မထင်မရှားဖြစ်သွားတယ်။


အရေးထဲ မိန်မ သူငယ်ချင်းက အာလူးတစ်ပိသာ တစ်သောင်းဈေးဖြစ်သွားလို့ ဖုန်းဆက်ပြီး‌ေပါက်ကွဲနေပြန်တယ်။ ဖုန်းထဲမှာ စကားပြောရင်သတိထား သူတို့က အသံဖမ်းပြီး နင့်ကို ပြသနာရှာလိမ့်မယ်လို့သတိပေးမှ စကားလမ်းလွှဲလိုက်ကြတယ်။


ကျွန်တော်တို့ မနိုင်လို့ သီးခံနေတာလား အောင်ပွဲကို မျှော်လင့်ပြီး ကြံ့ကြံ့ခံနေတာလား နှစ်ခုစလုံးပဲလား


အန်ကယ်တူမီး

10/10/25

အခန်းဆက်တွေ ဖတ်ချင်ရင်တော့ - 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar