Breaking News

မောင်လူမွှေး - အမည်းရောင်နယ်မြေက ဖြူစင်တဲ့သူတွေ

မောင်လူမွှေး - အမည်းရောင်နယ်မြေက ဖြူစင်တဲ့သူတွေ

မိုးမခ ၊ အောက်တိုဘာ ၁၂ ၊ ၂၀၂၅


ပြီးခဲ့တဲ့အပတ်က မောင်လူမွှေး တောတိုက်စစ်ရှောင်စခန်းတစ်ခုကို ရောက်ခဲ့တယ်။ သူတို့တွေ မောင်လူမွှေး လာတာကို ဝမ်းပန်းတသာကြိုဆိုကြတယ်။ သူတို့ နေတဲ့နေရာကို တော်တော်တန်တန်သူတွေ မလာရဲကြဘဲ မောင်လူမွှေးတို့က တကူးတက လာရောက်ပေးကြတဲ့အတွက် ဝမ်းသာတယ်လို့ သူတို့ ဖွင့်ပြောကြပါတယ်။ သူတို့တွေက သူတို့နေတဲ့နေရာကို အမည်းရောင်နယ်မြေလို့ ခေါ်ဝေါ်ကြပါတယ်။ သူတို့နေတဲ့ နေရာဟာ အာဏာသိမ်းဖက်ဆစ်စစ်တပ်ကို အားပေးထောက်ခံပြီး စပ်တပ် အထိုင်ချထားတဲ့ ပျူစောထီးရွာနဲ့ ကျည်တစ်ကမ်းသာသာမှာရှိတာမို့ အမည်းရောင်နယ်မြေလို့ သူတို့က ဆိုကြတာပါ။ 

သူတို့ကိုယ်တိုင် ခေါ်ဝေါ်ကြတဲ့ အဲဒီအမည်းရောင်နယ်မြေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့က ကာကွယ်ပေးထားပါတယ်။ သူတို့တွေဟာ တော်လှန်ရေးရဲဘော်တွေရဲ့ အကာအကွယ်နဲ့ တောင်သူလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ တကယ်တော့ အမည်းရောင်နယ်မြေက စိုက်ပျိုးမြေတွေဟာ မြေညံ့တွေ ဖြစ်တယ်။ စိမ်းလန်းနေတဲ့ လယ်ကွင်းတွေ မဟုတ်ဘဲ ဝါကျင်ကျင် လယ်လယ်ကွင်းတွေကိုသာ မောင်လူမွှေးတွေ့ခဲ့ရပါတယ်။ အနီးကပ်ကြည့်ရင် လယ်တွေဟာ သွေ့ခြောက်ပြီး ကောက်ပင်တွေက မညီမညာနဲ့ စပါးသီးနှံထွက်ပါ့မလား၊ သီးနှံထွက်ရင်တောင် အောင်ပါ့မလား မသေချာတဲ့ လယ်တွေဖြစ်ပါတယ်။


" ဒီနှစ်က နှမ်းက ဘာဆိုဘာကိုမှ မရခဲ့ဘူး။ ခုလယ်တွေလည်း မကောင်းဘူး။ ဆီက မရှိရင်လည်း တစ်ပေါက်နှစ်ပေါက်ခတ်စားရင်ရတယ်။ လယ်မကောင်းတော့ ဆန်ပြတ်ပြီး ငတ်မှာကြောက်တယ်လို့ " လို့ အမျိုးသမီးတစ်ဦးက မောင်လူမွှေးကို ပြောပါတယ်။ သူ့မျက်နှာကိုကြည့်လိုက်တော့ တကယ်ကို စိုးရိမ်တဲ့အရိပ်အယောင်တွေ ထင်ဟပ်နေတာကို မြင်ရပါတယ်။

တကယ်တော့ သူတို့တွေဟာ သူတို့ရွာနဲ့ သုံးမိုင်လောက်သာဝေးတဲ့ ပျူစောထီးရွာက ပျူစောထီးတွေ သူတို့ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးလို့ ခုလို တောတောင်ထဲကို ရောက်လာကြရတာဖြစ်တယ်။ အခု သူတို့ လက်ရှိရောက်နေတဲ့ နေရာကနေလည်း သူတို့ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ပျူစောထီးရွာကို လှမ်းမြင်ရပါတယ်။ တော်လှန်ရေးရဲဘော်တွေရဲ့ အကာအကွယ်နဲ့ မြေညံ့ညံ့ပေါ်မှာ သူတို့ လုပ်ကိုင်စားသောက်ကြရတယ်။

"ပဲကလည်း သူများတွေ အတင်းသုံးဆယ်ရရင် ဒီမှာတော့ ဆယ်တင်းလောက်ပဲ။ သူများတွေရဲ့ သုံးချိုးတချိုးလောက် ရတာ" လို့ ပဲခင်းထဲက ပဲပင်ခပ်လှီလှီတွေကို ငေးကြည့်နေတဲ့ မောင်လူမွှေးကို ပဲခင်းစိုက်ထားတဲ့ စစ်ရှောင်အမျိုးသားက ပြောတယ်။

မောင်လူမွှေးဟာ အဲဒီစစ်ရှောင်တောတိုက်က စာသင်ကျောင်းလေးကို အခြေအနေလာကြည့်ပြီး ဆရာ၊ ဆရာမလေးတွေကိုလည်း အချိန်ပိုင်း သင်တန်းပို့ချပေးဖို့ ဖြစ်တယ်။ ကျောင်းသားမိဘတွေနဲ့လည်း တွေ့ဆုံပြီး ပညာရေးရဲ့ သဘောသဘာဝနဲ့ ပညာရေးကို အားပေးကြဖို့ တိုက်တွန်းစကားပြောခဲ့ပါတယ်။

"ပညာရေးကတော့ ကိုယ်တိုင် ဝင်သင်ချင်ပေမယ့် သင်ပေးနိုင်တဲ့ အနေအထားမရှိဘူး ဆရာရေ။ ကျနော့မှာက တာဝန်တွေနဲ့ကိုး။ လုပ်အားလိုရင်တော့ အချိန်မရွေးလို့ သူတို့ကို ကျနော်ပြောထားပါတယ်။ ပညာရေးက ခုလို ဆရာတို့ လာလုပ်မှဖြစ်မှာ" လို့ တောတိုက်စစ်ရှောင်တွေ လုပ်ကိုင်စားသောက်နိုင်အောင် ရှေ့တန်းကနေ ကာကွယ်ပေးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ အရာရှိလေးက ပြောပါတယ်။ သူဟာ ပညာရေးတက္ကသိုလ် ဘီအီးဒီပထမနှစ် CDM ကျောင်းသား တစ်ဦးဖြစ်ပါတယ်။

စစ်ရှောင်တောတိုက်ဟာ ရန်သူနဲ့နီးသလို ဖုန်းလိုင်းဆက်သွယ်ရေးလည်း ခက်ခဲပါတယ်။ ဖုန်းဆက်သွယ်ချင်ရင် ဖုန်းလိုင်းမိတဲ့ ကုန်းကမူလေးတွေဆီသွားကြရပါတယ်။ တောတိုက်ရဲ့ ကျန်းမာရေးကိုတော့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်သားလေးက တာဝန်ယူပြီး ကုသပေးနေတာပါ။

"ဖျားနေတာကြီးကိုး ဆေးလာမကုပဲ ဖျားတဲ့အတိုင်းကြီး ပေခံနေတဲ့ သူတွေ ရှိသေးတာဗျာ။ ခဏခဏ အလကားကုနေရတော့ အားနာတာတွေပေါ့"  လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ အရာရှိလေးက စိတ်မကောင်းတဲ့ မျက်နှာနဲ့ မောင်လူမွှေးကို ပြောပြပါတယ်။ ဆေးတပ်သားက ဆေးကုသပေးတဲ့အခါမှာ ကိုယ်တတ်နိုင်သလောက် အလှူငွေထည့်လို့ရသလို အလှူငွေမထည့်ဘဲလည်း ကုသပေးနေတာပါ။ အလှူငွေမထည့်နိုင်တဲ့သူတွေက လာမကုသဘဲနေမှာစိုးလို့ သူတို့ရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်တယ်လို့ ဆေးတပ်သားလေးက ပြောပြပါတယ်။ စစ်ရှောင်တောတိုက်မှာ ဆေးတပ်သားလေး သူနိုင်သလောက်ကုသပေးပြီး သူ မနိုင်တဲ့ကိစ္စတွေကိုတော့ လူနာဘယ်လောက်ပဲ ရောဂါပြင်းထန်နေနေ သူတို့နေရာကို ဆေးကုသပေးသူတွေ မလာရဲတာကြောင့် လူနာကိုပဲ ခက်ခက်ခဲခဲသယ်ဆောင်ကုသကြရပါတယ်။

မောင်လူမွှေး ရောက်ခဲ့တဲ့ စစ်ရှောင်တောတိုက်ဟာ ရွာတွေနဲ့ ဝေးလွန်းတာကြောင့် စစ်ရှောင်ကူညီရေးအထောက်အပံ့တွေကို တခြားစစ်ရှောင်တွေလို မရကြရှာပါဘူး။ စိုက်ပျိုးမြေညံ့တယ်။ ဆက်သွယ်ရေးနှင့် ကျန်းမာရေးခက်ခဲတယ်။ ပညာရေးစနစ်ကျမှုလည်း မရှိသေးပါဘူး။ ဒါ့အပြင် ရန်သူနဲ့လည်း နီးတဲ့ ရှေ့တန်းနယ်မြေလည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် သူတို့နေတဲ့ နေရာကို အမည်းရောင်နယ်မြေလို့ သူတို့ကိုယ်သူတို့ ခေါ်ကြတာဖြစ်မှာပါ။

အဲဒီအမည်းရောင်နယ်မြေမှာနေကြတဲ့ သူတွေဟာ တော်လှန်ရေးစိတ်အားထက်သန်ကြသူတွေ ဖြစ်တယ်။ တော်လှန်ရေးအတွက် မစို့မပို့ရတဲ့ သီးနှံလေးတွေထဲကနေ ရက်ရက်ရောရော ကူညီကြသူတွေ ဖြစ်သလို လူကိုယ်တိုင်လည်း အချိန်မရွေး ပါဝင်ဆောင်ရွက်ကြသူတွေ ဖြစ်တယ်။ တကယ်တော့ သူတို့ဟာ အမည်းရောင်နယ်မြေက ဖြူစင်တဲ့ပြည်သူတွေ ဖြစ်တယ်။ တော်လှန်ရေးအတွက် အားကိုးရတဲ့ပြည်သူတွေဖြစ်လို့ မောင်လူမွှေး လေးစားတယ်။ သူတို့အတွက် ဘာတွေများ မောင်လူမွှေးတို့ လုပ်ပေးနိုင်မလဲ။ ကြိုးစားရုန်းကန်ကြရဦးမှာ ဖြစ်ပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar