Breaking News

သွေးစွန်းတဲ့ သီတင်းကျွတ်လပြည့်

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၆ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၅


သွေးစွန်းတဲ့ သီတင်းကျွတ်လပြည့် 

သီတင်းကျွတ်လပြည့်နေ့မှာ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတော့ ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားတွေမှာ လူစည်ကားနေပြီး ဝါတွင်း ၃ လတာ ပြီးဆုံးတဲ့ အခါသမယ အလုပ်ပိတ်ရက် ခရီးသွားလာကြတာ နေရပ်ပြန်ကြတာတွေ ရှိနေကြပေမယ့် အချို့သော ဒေသတွေမှာတော့ မျှော်လင့်မထားတဲ့ လေကြောင်းက ဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေကို ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး တောင်ကြီးတို့လို မြို့တွေမှာ စစ်ပွဲရဲ့ အငွေ့အသက်၊ အန္တရာယ် မကြုံတွေ့ကြရပေမယ့်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း တို့မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေက ထိခိုက်သေဆုံးမှု အနိဋ္ဌာရုံနဲ့ ပျက်စီးဆုံးရှုံးခြင်းတွေကို စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သယ်ဆောင်လာခဲ့တာ တွေ့ရပါတယ်။ 

ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစုဖြစ်တဲ့ မြန်မာနိုင်ငံအဖို့ သီတင်းကျွတ်လပြည့်လို ဘာသာရေးအရ အလေးအမြတ်ပြုတဲ့နေ့မှာတောင် အာဏာသိမ်း စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ရပ်နားခြင်း မရှိဘဲ အောက်တိုဘာ ၆ ရက်နေ့ နံနက်စောစော စီးစီးမှာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနဲ့ နမ္မတူမြို့တွေကို ဗုံးကြဲခဲ့ပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်TNLA က ထိန်းချုပ်ထားတဲ့ ဒီမြို့နှစ်မြို့မှာ နေထိုင်ကြတဲ့ တအာင်းပလောင်၊ ရှမ်းလူမျိုးတွေဟာ ဗုဒ္ဓဘာသာကိုးကွယ်သူတွေ ဖြစ်လို့ အခုလို သီတင်းကျွတ်လပြည့်နေ့ မှာ လေကြောင်းက တိုက်ခိုက်ခံရလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ပြီး ကြဲခံရတဲ့နေရာက နမ္မတူမြို့ရဲ့ မြို့မစျေး တည်ရှိတဲ့ ရပ်ကွက်ကိုဖြစ်တာကြောင့် အရပ်သားတွေနေထိုင်ကြတဲ့ လူနေစိပ်တဲ့ နေရာကို ပစ်မှတ်ထားတာလို့ ကောက်ချက်ချနိုင်ပါတယ်။ အမျိူးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သျှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြထားပါတယ်။ ဗုံးကြဲချိန်မှာ ရပ်ကွက်နေသူ အများစုက ဘုန်းကြီးကျောင်း သွားနေကြချိန်ဖြစ်လို့ ကံအားလျော်စွာ ထိခိုက်သေဆုံးမှု နည်းပါးခဲ့တာလို့ လည်း သတင်းမှာ ဖေါ်ပြထားပါတယ်။ 

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက နယ်မြေတွေကို ထိုးစစ်ဆင်ပြီး နောင်ချို နဲ့ ကျောက်မဲမြို့တွေကို အခုလပိုင်းတွေမှာ ပြန်လည် သိမ်းယူနိင်ခဲ့ရာက နောက်ထပ် ဆက်လက်ထိုးစစ်ဆင်ဖို့ ရည်ရွယ်ထားတဲ့ မြို့တွေဖြစ်တဲ့ သီပေါ၊ နမ္မတူတို့လို မြို့တွေကို လေကြောင်းက ဆက်လက်တိုက်ခိုက်နေတဲ့ သဘောလို့ ယူဆရပါတယ်။ အာဏာသိမ်း စစ်တပ်ဘက်က ၄င်းတို့ လေကြောင်းတိုက်ခိုက်မှုတွေ တိုက်ခိုက်တာဟာ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်တာလို့ အဖြစ်မှန်ကို ဖုံးကွယ်ဝါဒဖြန့်သည့်တိုင် တိုက်ခိုက်မှု အများစုက လူနေရပ်ကွက်တွေ၊ စစ်ဘေးရှောင်တွေ ခေတ္တခိုလှုံလေ့ရှိတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေ ဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

အချို့သော တိုက်ခိုက်မှုတွေက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ တည်နေရာ၊ လှုပ်ရှားမှုတွေကို သတင်းအချက်အလက် အတိအကျ ရရှိလို့ တိုက်ခိုက်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် အများစုက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ နေထိုင်နေကြသူတွေကို ကြောက်ရွံ့အောင်၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေရဲ့ အုပ်ချုပ်ရေး မတည်မငြိမ်ဖြစ်အောင် ရည်ရွယ် လုပ်ဆောင်တာ ထင်ရှားပါတယ်။ 

သီတင်းကျွတ်လပြည့်နေ့ နံနက် နမ္မတူ နဲ့ သီပေါမြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညပိုင်းမှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ကျေးရွာတရွာမှာ သီတင်းကျွတ်မီးထွန်း သပိတ် လုပ်နေကြတဲ့ ကျေးရွာလူထုအကြား ပါရာမော်တာလို့ ခေါ်တဲ့ ပန်ကာတပ် လေထီးယာဥ်နဲ့ ဒရော့ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ၂၀ ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိတယ်လို့ Mandalay Free Press သတင်းဌာနက ဖေါ်ပြထားပါတယ်။ 

PDF တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာမှာ ကျေးရွာလူထုက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ကျင်းပကြတဲ့ လူအုပ်ကို အခုလို ကောင်းကင်က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ စစ်လေယာဥ်၊ ရဟတ်ယာဥ် အသုံးပြုတာထက်  ပါရာမော်တာကို ပိုမိုအသုံးပြု တိုက်ခိုက်လာတာတွေ့ရပါတယ်။ မိုင် ၅၀ ဝန်းကျင် လောက်ထိ ဖြန့်ကျက် သွားရောက်နိုင်တဲ့ ပါရာမော်တာ နဲ့ အခုလို သီတင်းကျွတ်လပြည့်ည မီးထွန်း သပိတ်လုပ်နေကြတဲ့ လူထုအကြား ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ အခုလို PDF တွေထိန်းချုပ်ထားတဲ့ ကျေးရွာက ကျေးရွာလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို လက်နက်ကိုင် တပ်ဖွဲ့တွေကဲ့သို့ စစ်ရေးအရ ဗုံးကြဲသတ်ဖြတ်မှုဟာ စစ်ရာဇဝတ်မှုတရပ်၊ အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရပ်အဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့အများစုကိုသာ ထိန်းချုပ်ထားနိုင်ပြီး ဆက်သွယ်ထားတဲ့ ကျေးရွာတွေ၊ တမြို့နဲ့ တမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ မကြာခင် လပိုင်းမှာတော့ ကန့်ဘလူမြို့နယ်ဘက်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတချို့ကို ပြန်လည် ထိန်းချုပ်နိုင်ပေမယ့် အများစုက သက်ဆိုင်ရာ နယ်မြေအလိုက် PDF တပ်ဖွဲ့တွေ၊ မြို့နယ်/ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့တွေက စိုးမိုးထားတဲ့ အနေအထား ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး ၅ နှစ်နီးပါး ရောက်ရှိလာတဲ့ လက်ရှိအချိန် စစ်ကိုင်းတိုင်းကို အာဏာသိမ်းစစ်တပ် အနေနဲ့ ပြန်လည် စိုးမိုးနိုင်ခြင်း မရှိသေးပဲ လေကြောင်းတိုက်ခိုက်တာ၊ ပါရာမော်တာ နဲ့ မြို့အနီးအနား ဒေသက ကျေးရွာတွေကို တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့ နည်းဗျူဟာတွေနဲ့ NUG/PDF၊ ဒေသကာကွယ်ရေး လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်မှု အခြေမတည်နိုင်အောင် ကြိုးစားနေတာ တွေ့နေရတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်နီးပါးကြာမြင့်လာချိန် ၅ နှစ်မြောက် သီတင်းကျွတ်လပြည့် အခါသမယ မှာ မြို့ကြီးတွေမှာ လေကြောင်းအန္တရယ်၊ ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ် ကျရောက်ခြင်း မရှိပေမယ့် မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာတော့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အဦနဲ့ လူ့အသက်တွေ သေဆုံးကာ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးစေတဲ့ ပြင်းထန်တဲ့ ဒဏ်ရာရမှုတွေ နဲ့ ရင်ဆိုင် ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar