တာပလု - ဖိနပ်တွေနဲ့ အဆင်မပြေတဲ့ နှစ်ကာလ
Art - Aung Htet
ဖိနပ်တွေနဲ့ အဆင်မပြေတဲ့ နှစ်ကာလ
တာပလု
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၅
ဒီနှစ်ပိုင်းတွေမှာ ဖိနပ်တွေနဲ့ အဆင်မပြေတဲ့နှစ်တွေပဲလို့ ပြောရမယ်။ ဝယ်စီးတဲ့ဖိနပ်တွေထဲမှာ အဆင်ပြေပြေရှိခဲ့တယ်လို့ကို မရှိသေးတာ။ ဖိနပ်တွေနဲ့အဆင်မပြေတာ ဘာများလဲဆိုတာကို ဆက် စပ်ပြီးတွေးမိတယ်။
ပထမဆုံးတွေးမိတာက ခရီးတွေမသွားရတော့တဲ့နောက်ပိုင်း ဖိနပ်တွေနဲ့အဆင်မပြေတာ ပိုဖြစ်လာတယ်လို့ ခံစားမိလာတယ်။ တခါတရံမှ ဝယ်စီးတဲ့ဖိနပ်ဆိုပေမယ့် အဆင်မပြေတဲ့အကြိမ်ရေများလာတော့ ဘာများလဲဆိုတာ သတိထားမိလာတယ်။
ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်တော့ လုပ်နေတဲ့အလုပ်အကိုင်တွေ ရပ်ဆိုင်းသွားတယ်။ ခရီးသွားပြီး ရိုက်ကူးရေးလုပ်ရတဲ့အလုပ်လဲ ချက်ချင်းဆိုသလို ရပ်လိုက်ရတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်လူနာတွေ့တဲ့အထဲမှာ ချင်းပြည်နယ်၊ တီးတိန်မြို့က လူတယောက်လဲပါတယ်။ ရောဂါပိုးတွေ့ရှိတဲ့အကြောင်း ထုတ်ပြန်လာတော့ သွားခဲ့တဲ့ရပ်ကွက်ကလူတယောက်ဖြစ်နေတာ။ အဲ့ဒီရပ်ကွက်မှာပဲ မပြန်ခင်မနက်က မနက်စာတောင်စားခဲ့သေးတာ။
ပြန်လာရင်းလမ်းမှာပဲ ရုံးကလူကြီးတွေက ရုံးကိုမလာတော့ဘဲ ကွာရန်တင်းစင်တာကို တန်းသွားဖို့ အကြောင်းကြားတာကို ကြားလိုက်ရတာပါ။ အဲ့ဒီအချိန်ကစပြီး ခရီးသွားပြီး လုပ်ရတဲ့အလုပ်မှန်သမျှ ရပ်နားသွားရတော့တာပဲလို့ ပြောရမှာပါ။
ခရီးသွားရင်စီးနေကျဖိနပ်တွေလဲ တအေးတဆေး အနားယူခွင့် ရသွားကြပါတယ်။ တခါတခါ ခရီးတိုလေးသွားရတဲ့အခါ အနားယူနေတဲ့ဖိနပ်ကို ထုတ်စီးရတာမျိုးတော့ ရှိတာပေါ့။ ဒါကလဲ တခါတလေမှပါပဲ။
Work from home ဆိုထဲက ဖိနပ်ဆိုင်ဘက်မရောက်ဖြစ်တော့ပါဘူး။ အိမ်နေရင်းပဲ အလုပ်တွေလုပ်ရတာဆိုတော့ ဖိနပ်အတွက် စဉ်းစားနေစရာမလိုတော့ဘူးပေါ့။ အခုလိုမဖြစ်ခင်က ခရီးသွားရင်စီးရ မယ့်ဖိနပ်၊ ရုံးတက်ရင်စီးရမယ့်ဖိနပ်၊ အိမ်နေရင်းစီးရမယ့်ဖိနပ်၊ မီးဖိုချောင်ထဲစီးရမယ့်ဖိနပ်တွေရယ်လို့ စဉ်းစားရွေးချယ် ဝယ်ယူထားရတယ်။ အခုတော့ ဖိနပ်အတွက်အချိန်ပေးစရာမလိုတော့ပါဘူး။
ဖိနပ်တွေဝယ်တဲ့နေရာမှာ တကြိမ်တခါလောက်နဲ့ အဆင်ပြေပြေရှိခဲ့တယ်ဆိုတာနည်းပါတယ်။ ဒါက လုပ်နေကျအလုပ်မဟုတ်တဲ့အခါ လက်တန်းမဖြစ်တာမျိုးနေမှာပါ။
သတိရမိတဲ့ဖိနပ်ဝယ်ယူဖြစ်တဲ့အကြောင်းတွေထဲမှာ ခရီးသွားပြီး ရောက်ဖြစ်တဲ့မြို့တိုင်းလိုလိုမှာ ဖိနပ်ဆိုင်တော့ ရောက်ဖြစ်ကြတာပါ။ ဒီလိုဖိနပ်ဆိုင်တွေရောက်ဖြစ်တော့ ရောက်တဲ့နေရာတိုင်းမှာ ဖိနပ်ဝယ်ယူတယ်လို့တော့ မမှတ်ယူစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစမ်းဝတ်ကြည့်ပြီး ပြန်ချထားခဲ့တာများပါတယ်။
ခရီးထွက်ရင်ရောက်တဲ့မြို့မှာ တခုခုဝယ်စရာရှိရင် အဲ့ဒီမြို့ရဲ့ ဈေးကိုတော့ရောက်ဖြစ်တာပဲ။ ရိုက်ကူးရေးသမားဖြစ်တဲ့အတွက် ကင်မရာအတွက် ဓာတ်ခဲတော့ အနည်းဆုံးဝယ်ယူရလေ့ရှိတာပဲ။ ဒီလိုဝယ်ဖို့အတွက် ဈေးကိုရောက်ဖြစ်တာလဲ မဆန်းပါဘူး။
ဆန်းနေတာက ကိုယ်ဝယ်ရမယ့်ဆိုင်ကနေ ပြန်ထွက်တာမျိုးမဟုတ်ဘဲ ဖိနပ်ဆိုင်လေးတော့ရှာလိုက်ရမှဆိုတာမျိုးပါ။ ဒီတော့ ဖိနပ်ဆိုင်ရှိတဲ့နေရာကိုရည်ရွယ်ပြီး ရောက်တာရှိသလို မရည်ရွယ်ဘဲ ရောက်တာမျိုးလဲ ရှိခဲ့ပါတယ်။
တကယ်တော့ ဖိနပ်က လိုအပ်ပါတယ်။အထူးသဖြင့် ရိုက်ကူးရေးအတွက် ခရီးထွက်ရတဲ့သူတွေအဖို့တော့ ပိုပြီးတော့တောင် လိုအပ်တယ်လို့ ပြောလို့ရပါတယ်။
တခါတလေ တောလမ်းကိုခြေကျင်လျှောက်ပြီးမှ ရိုက်ကူးရမယ့်နေရာ ရောက်တယ်။ တခါတလေ တောင်တက်ပြီးမှ ရိုက်ကူးရေးလုပ်ရတာ။ တခါတလေတော့လည်း ကားပေါ်က ဆင်းဆင်းခြင်း အလုပ်နေရာ တန်းရောက်တာမျိုးပါ။ ဒီလိုအလုပ်လုပ်ရမယ့်နေရာ တန်းရောက်တာမျိုးဆို ခရီးဝေးဝေးလျှောက်စရာ မလိုတော့ဘူးပေါ့။
တောင်တက်ရတာ၊ ခရီးခပ်လှမ်းလှမ်းကို လျှောက်ပြီးမှ ရိုက်ကူးရေးနေရာ ရောက်တာဆို စီးလာတဲ့ဖိနပ်တွေက အသုံးဝင်တော့တာပါပဲ။ အဲ့ဒီလို ခရီးခပ်လှမ်းလှမ်းသွားရတဲ့နေ့ဆို အလုပ်ပင်ပန်းပါတယ်။ ကိုယ်လွတ်လက်လွတ် လွတ်လွတ်လပ်လပ်လျှောက်ရတာမဟုတ်လို့ပါ။
ကင်မရာနဲ့ ရိုက်ကူးရေးပစ္စည်းတွေလိုအပ်သလောက်ကို ကျောပိုးသွားရသေးလို့ပါ။ တည်းခိုတဲ့နေရာနဲ့ ဝေးတဲ့အတွက် အပိုပစ္စည်းတွေပါ သယ်သွားရသေးတာ။ တခုခုလိုလာရင်ပြန်ယူဖို့က မလွယ်သလို၊ အလုပ်အတွက်လဲ ကြံ့ကြာနိုင်သေးတာမဟုတ်လား။
အဲ့ဒီလိုနေရာမျိုးမှာ ဖိနပ်တွေကို အသုံးချရတာဆိုတော့ ခရီးစဉ် သုံးခုလေးခုလောက်ဆို ဖိနပ်တရံတော့ လိုလာတာပါပဲ။ လျှောက်ရတဲ့ ခရီးအကွာအဝေးနဲ့ လမ်းခရီး မညီမညာဖြစ်မှုက ဖိနပ်တွေကို အဓိက အားထားသွားလာရလို့ဖြစ်ပါတယ်။
ဒါကြောင့်လဲ ခရီးသွားရင်း ရောက်ရာမြို့တမြို့က ဈေးတခုမှာ ဖိနပ်ဆိုင်တော့ ရောက်ဖြစ်တယ်ဆိုတာပါ။ လက်ရှိစီးနေတဲ့ ဖိနပ်က စီးလို့ရသေးတယ်ဆိုပေမယ့် ခရီးစဉ် နောက်ထပ် နှစ်ခုလောက်ဆို စီးနေတဲ့ဖိနပ်ကို အနားပေးလိုက်ရတော့မှာကိုလဲ ကြိုတွက်ထားရပါတယ်။
ဖိနပ်လိုလာနိုင်တယ် ဆိုတဲ့အသိနဲ့ ကြိုဝယ်ဝာာမျိုးရှိသလို၊ လိုအပ်တော့မှပဲ အရေးပေါ် ပြေးဝယ်ရတာမျိုးလဲ ရှိတာပေါ့။ တခါတလေ မြို့တမြို့မှာစီးနေတဲ့ဖိနပ်က ရှေ့ဆက်စီးလို့မရတော့ဘူးဆို အဲ့ဒီမြို့မှာပဲ အသစ်ဝယ်မလား၊ နောက်ထပ်ခရီးဆက်ရမယ့် မြို့ရောက်မှပဲ ဝယ်မလားဆိုတာလဲ ချိန်ဆ ရပါတယ်။
ဖိနပ်တွေဝယ်ဖြစ်တာ၊ မဝယ်ဖြစ်လဲ စီးကြည့်ဖြစ်တဲ့အခါတွေလဲ မကြာခဏဆိုသလို ရှိနေတာဆိုတော့ အဲ့လိုကာလမျိုးမှာ ဝယ်စီးလိုက်တဲ့ဖိနပ်တွေက အဆင်မပြေတဲ့ဖိနပ်ဆိုတာမရှိသလောက်ပါပဲ။
ဝယ်လာပြီး အိမ်ရောက်မှ နည်းနည်းကြပ်နေတာ၊ ခြေဖနောင့်တိုနေတာ၊ အရောင်က တမျိုးကြီးဖြစ်နေတာ၊ ခြေဖဝါးနဲ့ အံဝင်ခွင်ကျ ဖြစ်မနေတာတွေနဲ့ ကြုံရတာနည်းပါတယ်။ ဒါကလဲ ဖိနပ်ဆိုင်ကို ခဏခဏရောက်ဖြစ်တဲ့ အကျိုးလဲ ပါမှာသေချာပါတယ်။
အခုတော့ ဖိနပ်တွေနဲ့ အဆင်မပြေတာများလာတယ်။ အိမ်ထဲမှာ အလုပ်လုပ်နေလိုက်တာ ၂နှစ်ကျော်လို့ ၃နှစ်နီးပါး ရောက်လာပါတယ်။ ခရီးဝေးဆိုလို့ အိမ်နားကဈေးလောက်ပဲ ရောက်ဖြစ်တာပါ။ ခရီးဝေးဝေးမသွားရတော့ အိမ်နေရင်းစီးတဲ့ ဖိနပ်နဲ့ပဲသွားလိုက်တာပါပဲ။
ပြည်ပကိုထွက်ဖို့ပြင်တော့ ဖိနပ်ကလေးတရံတော့ ဝယ်ဦးမှဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါနှစ်ကာလတခုကြာပြီးမှ ဖိနပ်ဆိုင်ရောက်ဖြစ်တာ။ နှစ်ကာလတခုဆိုတာ ၃ နှစ်ကျော်ကြာပြီးမှ ဖိနပ်ဆိုင်ကို ဖိနပ်ဝယ်ဖို့ရောက်ဖြစ်တာပါ။ ဒီ ၃ နှစ်ကာလမှာတော့ အိမ်နေရင်းစီးဖိနပ်အတွက်ပဲဆိုတော့ တော်ရုံသင့်ရုံ ဖိနပ်တရံလမ်းသွားရင်း တွေ့လိုက်တာနဲ့ ဝယ်လိုက်တာပဲ။
ဖိနပ်ဆိုင်ရောက်တော့ ပထမဆုံးဝယ်လိုက်တဲ့ဖိနပ်က ဝယ်ခါစတော့ အဆင်ပြေမယ်ထင်မိတာ။ အိမ်ရောက်တော့ ဝတ်ကြည့်လိုက်ချွတ်လိုက်နဲ့ အကြိမ်ကြိမ်ပြန်လုပ်ကြည့်မိတော့ အဆင်မပြေဘူးဆိုတဲ့ အကြိမ်ရေက ပိုများနေတာ။ နောက်ဆုံးတော့ ဖိနပ်တစ်ရံထပ်ဝယ်ရတဲ့အခြေအနေဖြစ်လာတော့တာပဲ။ ပြည်ပကို မထွက်ခင် ဖိနပ်နှစ်ရံ ဝယ်လိုက်မိသွားတယ်။
ပြည်ပကိုထွက်တော့ ဖိနပ်နှစ်ရံနဲ့ပါ။ တစ်ရံကိုအိတ်ထဲထည့်ပြီး တစ်ရံကိုတော့ စီးလာခဲ့တာပေါ့။ အဆင်မပြေတဲ့တစ်ရံကို ထားခဲ့ရအောင်လဲ ပေးစရာလူကမရှိ။ မထူးပါဘူး သယ်လာခဲ့မယ်ဆိုပြီး သယ်ချလာခဲ့တာ။
အဲ့ဒီနေ့က စီးလာတဲ့ဖိနပ်ကလည်း ကြာလေအဆင်မပြေလေ ဖြစ်လာတယ်။ ဖိနပ်ခွာမှာ ပလပ်စတစ်ကော် တောင့်တောင့်ကြီး ကွပ်ထားတာ။ ကြမ်းပြင်မာမာပေါ်မှာဆို လမ်းလျှောက်ရင် ဖိနပ်ခွာသံက တခွပ်ခွပ်နဲ့ကို ဖြစ်နေတာ။ လူရှေ့သူရှေ့လမ်းလျှောက်တဲ့အခါ ဖိနပ်ခွာသံမမြည်အောင် ကိုယ်ကိုဖော့ပြီး လျှောက်ရတော့တာ။
ကြာတော့ ကိုယ့်ဖော့ရတာ၊ အိတ်တွေကိုကျောပိုးရတာ၊ လက်ထဲမှာလဲ လက်ဆွဲစရာအထုတ်က ပါသေးတာဆိုတော့ ကြာကြာကိုယ်ဖော့ပြီး လမ်းလျှောက်ဖို့က မဖြစ်နိုင်ဘူး။ ဒီတော့မှပဲ ဒီဖိနပ်က စီးရတာအဆင်မပြေပါလားဆိုတာကို သိလိုက်ပါတော့တယ်။
တဖက်နိုင်ငံကိုရောက်တည်းက အဲ့ဒီဖိနပ်ကို တခါ၊ နှစ်ခါလောက်တော့ စီးဖြစ်လိုက်သေးတယ်။ နောက်ပိုင်းမစီးဖြစ်တော့ဘဲ ချောင်ထိုးထားလိုက်ရတာပဲ။ သူ့ကို ချောင်းထိုးထားပြီး တခါတခါထုတ်ကြည့်မိရင် စီးချင်စရာ ဖိနပ်အဖြစ် စိတ်ထဲပေါ်လာတယ်။
အရောင်ရယ်၊ ဖိနပ်ဒီဇိုင်းပိုင်းက ကြိုက်တဲ့အထဲ ပါနေတာဆိုတော့ စီးချင်စိတ်ဖြစ်မိတယ်။ ချောင်းထိုးထားခံရတော့ မထိ၊ မခိုက်၊ မပွန်း၊ မပဲ့ဘဲ သစ်လွင်တောက်ပနေတာပါ။
စီးချင်စိတ်ပေါ်လာတိုင်း သွားတော့မစီးရဲဘူး။ ကိုယ့်ဖော့ရမယ့်အရေး ပြန်တွေးမိတိုင်း စီးချင်စိတ်ပြန်ပျောက်သွားတာပဲဖြစ်ပါတယ်။
ပြည်ပရောက်တော့လဲ Work from home ပဲဆိုတော့ ဖိနပ်ကမလိုပြန်ဘူး။ တနှစ်ကျော်ကြာမှာတော့ ခရီးဝေးတခုသွားဖို့ဖြစ်လာတယ်။ ဒီတခါ ခရီးသွားဖို့ ဖိနပ်အတွက် စဉ်းစားရပြန်ပါတယ်။
ဖိနပ်ကိုအွန်လိုင်းကနေမှာလိုက်တယ်။ လူကိုယ်တိုင်မျက်မြင်တိုင်းထွာ ကိုင်တွယ်ရွေးချယ်တာတောင် အဆင်မပြေတဲ့ကိစ္စ။ အခုတော့ အွန်လိုင်းကနေမှာမယ်ဆိုတော့ အစွန့်စားကြီးစွန့်စားရမယ်ဆိုတာတော့ သိလိုက်ပါတယ်။ မထူးပါဘူးလေ မှာလိုက်တဲ့ဟာမတော်ရင် ချောင်းထိုးထားတဲ့တစ်ရံကို ထုတ်စီးရမှာပဲလို့ တွေးလိုက်တယ်။
အွန်လိုင်းပေါ်ကမမှာခင်မှာ အနီးအနားကဈေးမှာ ဝယ်စီးဖြစ်တဲ့ဖိနပ်တွေရှိခဲ့တယ်။ အိမ်စီးဖိနပ်တွေ ဖြစ်ဖြစ်သွားကြတာ။ လူတောသူတော စီးဖို့တော့ ဖြစ်မလာခဲ့ပါဘူး။
ဖိနပ်မှာထားတာ ရောက်လာတော့ ဖိနပ်က ခြေထောက်နဲ့ကြပ်နေတာဖြစ်နေရော။ စီးကြည့်တယ်၊ လမ်းလျှောက်ကြည့်တယ်။ အဆင်ပြေမှာပါလို့ပဲ တွေးလိုက်တယ်။
ခရီးသွားရတဲ့နေ့မှာပဲ လေယာဉ်ဆင်းတဲ့နေရာနဲ့ ကားငှားရမယ့်နေရာကို လမ်းလျှာက်သွားရတဲ့ အကွာအဝေးက နည်းမှမနည်းတာ။ စီးထားတဲ့ဖိနပ်က သက်တောင့်သက်သာ ဆိုရင်တော့ အဲ့ဒီအကွာအဝေးလောက်ကတော့ အသာလေးလျှောက်သွားလို့ ရနိုင်ပါတယ်။ အခုတော့ ကြပ်ထုတ်နေတဲ့ ဖိနပ်ကိုစီးပြီးသွားရတော့ အတော့်ကို အသိကအောက်နိုင်ပါတယ်။
လမ်းတလျှောက်မှာ နားနေစရာ ထိုင်ခုံတန်းလေးတွေ ချပေးထားတယ်။ အဲ့ဒီနေရာမှာ နှစ်ခါလောက် ခဏတဖြုတ်ဝင်ထိုင်ပြီး အနားယူလိုက်ရတယ်။ ဘယ်လိုမှ လမ်းဆက်လျှောက်လို့မရလို့။ အိမ်ပေါ်မှာ ဟိုလျှောက်၊ ဒီလျှောက်စီးကြည့်တာ အခုလောက်မှ မဝေးတာ အဆင်ပြေတယ်လို့ ထင်မိတာ။ စိတ်ထင်တာတွေက လွဲနိုင်ချေများတယ်ဆိုတာ ဒါမျိုးဖြစ်မှာပါပဲ။
ဒီလိုအချိန်မှာ ပြန်ပြီးသတိရမိတာက ဖိနပ်တရံကိုပါ။ အချိန်အကြာကြီး စီးဖြစ်တာ။ နောက်ဆုံး ခရီးတခုကအပြန်မှာ ဖိနပ်ခွာက အဖတ်တွေကွာသွားတဲ့အထိကို စီးဖြစ်လိုက်တဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။ တောတွေ၊ တောင်တွေကျော်ဖြတ်ခဲ့တာ၊ တည်ခင်းဧည့်ခံပွဲတွေတက်ခဲ့တာ၊ မြို့ပြကလမ်းတွေပေါ် သတင်းယူပြေးလွှားခဲ့ရတဲ့ အချိန်တွေမှာ သူနဲ့တသားတည်း ရှိခဲ့ကြတာပေါ့။
ဘယ်နေရာစီးစီးသင့်တော်တယ်။ လုံခြုံရာနေရာကိုလဲ ခေါ်ဆောင်ပေးတယ်။ လမ်းခရီး ဘယ်လောက်လျှောက်လျှောက်၊ အရေးနဲ့အကြောင်း ဖြစ်လာတဲ့အခါ အမြန်ဆုံးနည်းနဲ့ ပြေးခဲ့ရတဲ့အခါမှာလဲ တသားထည့်ရှိခဲ့ကြတာပါ။
ဖိနပ်တွေအကြောင်းပြောရင် ငယ်ဘဝပုံရိပ်တွေထဲက အဖေစီးခဲ့တဲ့ဖိနပ်တစ်ရံကိုလဲ သွားသတိရ တယ်။ အဖေက အဲ့ဒီဖိနပ်ကို သူအိမ်ထောင်ကျထဲက ဝတ်လိုက်တာ သူ့သားအကြီးကောင် အရွယ်ရောက်တဲ့အထိပါပဲ။
သူ့ဖိနပ်ကို တခါတလေ ကားဘီးဖိနပ်လို့ခေါ်တယ်။ တခါတလေတော့ ရာဘာဖိနပ်လို့ခေါ်တယ်။ ကားဘီးဖိနပ်လို့ခေါ်လဲ ခေါ်စရာပါပဲ။ ဖိနပ်ခွာမှာ ဘီးဟောင်းတခုရဲ့ ပန်းတွေရှိနေသေးလို့ပဲဖြစ်ပါတယ်။
အဲ့ဒီဖိနပ်ကို တခုတ်တရ သိမ်းထားလေ့ရှိပါတယ်။ သူ့ရဲ့ကားဘီးဖိနပ်က သည်းကြိုးတွေပဲ ခဏခဏလဲရတာ။ ဖိနပ်က ပါးသွားတာ၊ ကုန်သွားတာ၊ စီးမရအောင် ဖြစ်သွားတာမျိုးမှ မရှိတာ။ အဲ့ဒီဖိနပ်နဲ့ပဲ မိသားစုစားဝတ်နေရေး ဖြည့်ဆည်းခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသားဘဝက ဖိနပ်လဲစီးကြတဲ့ တူဝရီးတွေရဲ့အဖြစ်ကို ပြန်သတိရမိတယ်။ အိမ်က မြင်းကျယ်တံဆိပ်ဖိနပ်ပဲ ဝယ်ပေးတယ်။ အဲ့ဒီဖိနပ်က တော်တော်နဲ့ နောက်မြှီးမပါးတဲ့ ဖိနပ်ပါ။ တခါဝယ်ထားရင် တနှစ်လောက်စီးရတယ်။ မပြောက်ရင် ၂နှစ်လောက်စီးလဲရတယ်။
အဲ့ဒီဖိနပ်ကြီးနဲ့ ကျောင်းသွားရတာ သိမ်ငယ်လာတယ်။ ဦးလေးဖြစ်သူက ဆင်ကျယ်ဖိနပ်တရံ ဝယ်ထားတယ်။ သူ့ခြေအတိုင်းနဲ့ ဝယ်ထားတာဆိုတော့ သူ့ဖိနပ်ကိုစီးရင် နောက်မြှီးက တော်တော်လေးထွက်နေတာ။ အဲ့ဒီ နောက်မြှီးထွက်တဲ့ဖိနပ်ကိုပဲ မနက်ကျောင်းလာရင် သူ့ဖိနပ်ကိုယူစီးသွားတယ်။ ညနေကျောင်းပြန်ချိန် ဖိနပ်ပြန်လဲပြီး အိမ်ပြန်ပေါ့။ ဖိနပ်တွေနဲ့သိမ်ငယ်ခဲ့ဖူးတာတွေ ရှိခဲ့တာပါ။
ဖိနပ်တွေက လူတယောက်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် ခရီးဝေးကို သွားရသူအဖို့တော့ ပိုတောင်လိုအပ်ပါသေးတယ်။ ခရီးဝေးဝေးပဲ သွားသွား၊ ခရီးတိုပဲ သွားသွားပါ၊ ဖိနပ်ဆိုတာ ခရီးတခုရဲ့ အလိုအပ်ဆုံးအရာ ဖြစ်ပါတယ်။ ဖိနပ်မပါရင် ခရီးတိုလဲ လွယ်လွယ်ကူကူ မရောက်နိုင်သလို၊ ခရီးဝေးလဲ ရောက်နိုင်ဖို့ ပိုလို့တောင်မလွယ်ဘူး ထင်ပါတယ်။
မှတ်မိနေတဲ့ စကားလုံးလေးတခုရှိပါတယ်။ "အိမ်ပြင်ထွက်တာနဲ့ ဖိနပ်ကိုသေသေချာချာစီးပြီးမှ ထွက်ပါ။ ဘာလို့လဲဆိုတော့ အိမ်တံစက်မြိတ်ကျော်တာနဲ့ ခရီးဘယ်လောက်ဝေးဝေးသွားရမယ်ဆိုတာ မသိနိုင်လို့ပဲ"တဲ့။
သတိမထားဖြစ်တဲ့ အရာလို့ပြောလို့ရနိုင်သလို အလေ့အကျင့် မရှိခဲ့ဖူးဘူးလို့ ပြောလို့ရနိုင်ပါတယ်။ အိမ်ထဲကနေ အိမ်ပြင်ထွက်ဖို့အတွက် ဖိနပ်ကို ကောင်းကောင်းစီးရမယ်ဆိုတာပါ။ အိမ်ပြင်ရောက်တဲ့အခါ ခရီးဘယ်လောက်ဝေးဝေးသွားရဖို့ အရေးပေါ် ပေါ်လာမယ်ဆိုတာမသိနိုင်လို့ပါပဲ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
