မောင်လူမွှေး - ပညာနှင့် သဒ္ဓါ
မောင်လူမွှေး - ပညာနှင့် သဒ္ဓါ
မိုးမခ ၊ နိုဝင်ဘာ ၃ ၊ ၂၀၂၅
ကထိန်ရာသီ ဆိုတော့ မောင်လူမွှေးတို့ တော်လှန်နယ်မြေမှာ ကထိန်ပွဲတွေ သူ့နည်းသူ့ဟန်၊ သူ့အိုးသူ့ဆန်နဲ့တန်အောင် ခြိမ့်ခြိမ့်သဲကျင်းပကြတာ တွေ့ရတယ်။ ထီး၊ဖိနပ်၊သင်္ကန်းကပ်တဲ့သူတွေလည်း တော်တော်များကြတာကို ဘုန်းကြီးကျောင်းက ဓာတ်စက်နဲ့ ကြေညာတဲ့ အသံကို နားထောင်ရင်း သိရတယ်။ ခေတ်ကာလအလျောက်ဆိုတော့ ကထိန်မှာ ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်ချင်တဲ့သူတွေက အခြားကဝယ်စရာမလို။ ကထိန်ခင်းမယ့် ဘုန်းကြီးကျောင်းမှာပဲ မများလှတဲ သတ်မှတ်စျေးနူန်းနဲ့ ဝယ်ပြီးကပ်လို့ရအောင် ဂေါပကတွေက စီစဥ်ပေးကြတယ်။ ကုန်ကျစရိတ်သက်သက်သာသာနဲ့ ကုသိုလ်များများရအောင် စီစဥ်တတ်ကြပေရဲ့။
မောင်လူမွှေးကတော့ ကိုယ်နေတဲ့နေရာက ရွာဘုံကထိန်အတွက် အထွေထွေအသုံးအတွက်ဆိုပြီး လှူဒါန်းတော့ သင်္ကန်းကပ်တဲ့သူတွေလောက် ကုသိုလ်မများလောက်ဘူးထင်ပါရဲ့။ ဒီနှစ်ဟာ စစ်ရှောင်ကျောင်းတွေမှာ ပညာရေးဆွေးနွေးပွဲတွေ၊ သင်တန်းတွေ ဆက်တိုက်လုပ်နေရတာ၊ စာသင်ကြားနေရတာနဲ့ ကထိန်ပွဲတွေနဲ့ မောင်လူမွှေး ရက်စက်မဆုံနိုင်ဘူး ဖြစ်နေတာ သတိထားမိတယ်။
မောင်လူမွှေးနေတဲ့ နေရာက ကထိန်ပွဲနေ့မှာ တောတိုက်စစ်ရှောင်ကျောင်းတစ် ကျောင်းမှာ မောင်လူမွှေးတို့ ရှိနေခဲ့တယ်။ နောက် မောင်လူမွှေး အဖေရဲ့အစ်ကို ဖလတ်တို့ ခင်းတဲ့ ကထိန်ပွဲကြီးနေ့ကျတော့လည်း မောင်လူမွှေးဟာ တောင်ခြေက စစ်ရှောင်ကျောင်းကလေးကို ရောက်နေပြန်တယ်။ ဖလတ်တို့လင်မယား ညားခါစကတည်းက ခင်းချင်နေခဲ့တဲ့ ကထိန်ကို သူ့သားနဲ့သမီး ကျေးဇူးကြောင့်ခင်းနိုင်ခဲ့ပြီ။ မောင်လူမွှေးတော့ မသွားနိုင်ခဲ့။ မောင်လူမွှေးနဲ့ ရင်းရင်းနှီးနှီးရှိတဲ့ စစ်ရှောင်စခန်းတစ်ကလည်း ကထိန်ပွဲကို မဏ္ဍပ်ကြီးကြီး ထိုးပြီးကျင်းပကြတယ်။ သူတို့ကတော့ ပညာရေးကိစ္စတွေနဲ့ အလုပ်များတဲ့ မောင်လူမွှေးကို နားလည်ပြီးသားမို့ မလာနိုင်ကြောင်းပြောတာကို လွယ်လွယ်ကူကူလက်ခံကြပါတယ်။
ကိုယ်နေတဲ့ ရပ်ရွာရဲ့ ကထိန်ပွဲ၊ အမေ့ရွာရဲ့ ကထိန်ပွဲ၊ အဖေ့အစ်ကိုရဲ့ ကထိန်ပွဲ၊ စစ်ရှောင်စခန်းရဲ့ ကထိန်ပွဲတွေကို လွဲခဲ့တဲ့ မောင်လူမွှေးဟာ ကထိန်တစ်ခုနဲ့တည့်တည့်တိိုးမိပါတော့တယ်။ မောင်လူမွှေး ဇာတိရွာကို ညနေပိုင်းရောက်ရောက်ချင်း ကထိန်ပွဲအတွက် ဘုရားပင့်ပြီး တန်းစီပြန်လာတဲ့ မောင်လူမွှေး ဆွေမျိုးတွေနဲ့ တိုးပါတော့တယ်။ " ငါ့တူလာတော့ ဝမ်းသာသွားတာအေ" တဲ့ ။ နောက်နေ့ ကထိန်ခင်းမယ့် ကထိန်ဒါယိကာမထဲကတစ်ယောက်ဖြစ်တဲ့ မောင်လူမွှေး အဒေါ်က ပြောပါတယ်။
တကယ်တော့ မောင်လူမွှေးကထိန်လာတာမဟုတ်ပါ။ ဇာတိရွာနဲ့ လေးငါးမိုင်ဝေးတဲ့ စစ်ရှောင်ကျောင်းကလေးက ဆရာ၊ဆရာမတွေကို သင်တန်းနှစ်ရက် ပို့ချဖို့ လာတာဖြစ်ပါတယ်။ သင်တန်းပို့ချဖို့လာရင်း ဆွေမျိုးတွေနဲ့ ညပိုင်းတော့တွေ့နိုင်တာပဲဆိုပြီး အိပ်ဖို့သက်သက်လာတာသာဖြစ်တယ်။ ဒါကြောင့် ကထိန်ခင်းတဲ့ရက်မနေနိုင်ပါ။ စစ်ရှောင်ကျောင်းကလေးကို မနက်အစောကြီးထသွားရမှာ ဖြစ်ပါတယ်။ ဒီတော့ မောင်လူမွှေး အစ်မတွေ၊ အဒေါ်တွေစုပေါင်းခင်းတဲ့ ကထိန်နဲ့လည်း တေ့လွဲ လွဲပြန်ပါတယ်။
ကထိန်ပွဲတွေနဲ့လွဲပေမယ့် ကထိန်ပွဲတွေကို မောင်လူမွှေး သိပ်ကို အားကျပါတယ်။ ခေတ်ကာလ မကောင်းလို့ ကျပ်တည်းနေတဲ့ကြားက သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြတယ်။ ပြီးတော့ တရွာလုံး ညီညီညွတ်ညွတ် စိတ်အားတက်ကြွစွာပါဝင်ကြတယ်။ ကျန်တဲ့နေရာမှာသာ ကွဲချင်ကွဲမယ် ကထိန်ပွဲမှာ စည်းလုံးကြတယ်။ ဒါကြောင့် ကထိန်ပွဲတွေဟာ ပြီးမြောက်အောင်မြင်ကြတယ်။
မောင်လူမွှေးတို့ ပညာရေးမှာလည်း ကထိန်ပွဲရဲ့ ဆယ်ပုံတစ်ပုံလောက် သဒ္ဓါတရားရှိကြရင်၊ ဝိုင်းဝန်းကြရင် သိပ်ကောင်းမှာပဲလို့ မနက်ဖြန်ကထိန်ပွဲရဲ့ ဒါယိကာမဖြစ်တဲ့ အစ်မအိမ်မှာ အိပ်နေရင်း တွေးနေမိတယ်။ ကထိန်ဆိုတာ အကျိုးပေးမြဲမြံခိုင်ခန့်တဲ့အလုပ် လို့လည်း ဆိုနိုင်ကြောင်း မောင်လူမွှေးဖုန်းထဲက ပါဠိအဘိဓာန်မှာ တွေ့ရတယ်။ ဒါကြောင့်လည်း ကထိန်ခင်းကြပေတာကိုး လို့ တွေးမိတယ်။ ဒါဆိုရင် ပညာရေးကရော အကျိုးပေးမြဲမြံခိုင်ခံ့တဲ့ အလုပ်မဟုတ်ပေဘူးလားလို့ ဆက်တွေးမိပြန်တယ်။ ပညာရေးအပေါ်မှာ ယုံကြည်မှု သဒ္ဓါတရားနည်းနေသေးလို့ ပါဝင်မှုနည်းနေကြသေးတာနေမှာပဲလို့ ကိုယ့်ဟာကိုယ် အဖြေထုတ်မိတယ်။ ပညာကို မယုံကြည်တဲ့ လူမျိုးဟာ..ဆိုပြီး ဆက်တွေး၊ ဆက်ရေးရအောင်ကလည်း မောင်လူမွှေးဟာ ဂျွန်ရပ်စကင်းမဟုတ်။ ဆရာကြီးဦးအောင်သင်းလည်းမဟုတ်။ ဒီတော့ မနက်လင်းတာနဲ့ တောကျောင်းဆရာပီပီ စစ်ရှောင်ကျောင်းကို ချီတက်ပြီး ဆရာလေး၊ဆရာမလေးတွေနဲ့အတူ သဒ္ဓါတရားနည်းနေသေးတဲ့ ပညာရေးအပေါ် လူတွေယုံကြည်ကြဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar