သတင်းအချက်အလက်တွေရဲ့ တန်ဖိုး
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၅
သတင်းအချက်အလက်တွေရဲ့ တန်ဖိုး
နေ့စဥ် အင်တာနက်အွန်လိုင်းပေါ်မှာ မြန်မာဘာသာနဲ့ သတင်းတွေ ဖတ်ရှုလို့ မနိုင်လောက်အောင် များပြားစွာတွေ့နေရတာ ဖြစ်ပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်တဲ့သတင်း၊ နိုင်ငံရေး သတင်း၊ လက်နက်ကိုင် တပ်တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေးသတင်း၊ ရာဇဝတ်မှုသတင်း၊ အလစ်အငိုက် လုပ်ကြံတိုက်ခိုက်မှု သတင်းနဲ့ အစိုးရ အမည်ခံထားတဲ့ သူတွေ ထုတ်ပြန်တဲ့ အမိန့်၊ ညွှန်ကြားချက် စတဲ့ အကြောင်းအရာတွေက နေ့စဥ်နဲ့အမျှ ဖတ်ရှုမကုန် နိုင်လောက်အောင် တွေ့နေကြရတာ ဖြစ်ပါတယ်။
ဒီနေ့ ည ဖတ်ရှုမိတဲ့ သတင်းတပုဒ်က နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျူစောထီး တယောက်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တဖွဲ့က စောင့်ပြီး လုပ်ကြံပစ်ခတ်လို့ သေဆုံးသွားတဲ့ သတင်းဖြစ်ပါတယ်။ အဖြစ်အပျက်က မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ဖြစ်ပွားခဲ့တာပါ။ ဒီသတင်းကို ဖတ်ရှုပြီးနောက် ဖေ့စ်ဘွတ်မှာ ဆက်လျှက်တွေ့ရတဲ့ ပို့စ်ကတော့ ဗန်းမောက်မြို့နယ်က ကတူးရဟန်းတော်များ၊ ကတူးစာပေယဥ်ကျေးမှုအဖွဲ့နဲ့ ကတူးလူငယ်များ အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ထုတ်ပြန်တဲ့ မေတ္တာရပ်ခံစာ ပို့စ်ဖြစ်ပါတယ်။ အဆိုပါ မေတ္တာရပ်ခံစာပါ အကြောင်းအရာက ကတူးစစ်ဘေးရှောင်များ နေရပ်ပြန်ရေး နဲ့ပတ်သက်၍ ကတူးအရပ်ဘက်အဖွဲ့အစည်းများက မေတ္တာရပ်ခံခြင်း ဖြစ်ပြီး မကြာသေးခင်က ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ကြောင့် နေအိမ်တွေ၊ ကျေးရွာတွေကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်လာရတာဖြစ်လို့ ရိက္ခာ၊ အသုံးအဆောင်၊ အဝတ်အစားလုံလောက်အောင် သယ်ဆောင်နိုင်ခဲ့ခြင်း မရှိဘဲ အချိန်ကြာလာတာနဲ့ အမျှ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရကြောင်းနဲ့ ဒိထက်ပိုအရေးကြီးတဲ့ အရာက ၄င်းတို့ရဲ့ စပါးခင်းများ ရိတ်သိမ်းချိန် ရောက်ရှိနေပြီဖြစ်လို့ စပါးရိတ်သိမ်းနိုင်ဖို့ ၂ ဖက် သောလက်နက်ကိုင် အဖွဲ့တွေကို မေတ္တာရပ်ခံတဲ့ ထုတ်ပြန်စာဖြစ်ပါတယ်။ ခုချိန်မှာ စပါး မရိတ်သိမ်းနိုင်ခဲ့ရင် ၄င်းတို့အဖို့သာမက ဒေသတခုလုံးရဲ့ တနှစ်တာ ရိက္ခာအခက်အခဲရင်ဆိုင်ကြရမယ့် အရေးကိုလည်း ထောက်ပြထားပါတယ်။
ဒီလို အနေအထားတွေကြောင့် ၂ ဖက်သော လက်နက်ကိုင် တပ်ဖွဲ့တွေကို အောက်ပါ အချက် ၅ ချက်နဲ့ မေတ္တာရပ်ခံပါသည်လို့ ဖေါ်ပြထားပါတယ်။ အဆိုပါ အချက် ၅ ချက်ကတော့
၁။ စစ်ဘေးရှောင် ရပ်ရွာပြည်သူများကို မိမိတို့ မူလရပ်ရွာနေအိမ်များသို့ အန္တရာယ်ကင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုကြပါရန်။
၂။ စပါးရိတ်သိမ်းချိန်ကာလအတွင်း နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြပြီး တိုက်ပွဲများဖြစ်ပွားလာပါကလည်း လူနေရပ်ရွာများကို ရှောင်ကြဉ်ပေးကြပါရန်။
၃။ မိမိတို့ ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေ အတွင်းသို့ အခြေအနေအရ ဝင်ရောက်တိမ်းရှောင် ခဲ့ကြရသည့် စစ်ရှောင်ပြည်သူများကို ဆန့်ကျင်ဘက်အဖွဲ့အား ထောက်ခံသူများအဖြစ် ယူဆ၍ တစ်စုံတစ်ရာ အန္တရာယ် ပြုခြင်းမျိုး မလုပ်ဆောင်ကြပါရန်။
၄။ ရပ်ရွာပြည်သူများ အရေးပေါ်ရှောင်တိမ်းရာ နေရာများဖြစ်သည့် ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများကို ဘေးကင်းဇုန် (Safe Zone)အဖြစ် နှစ်ဖက်အသိအမှတ် ပြုပေးကြရန်နှင့် အဆိုပါ အရပ်သားပြည်သူတို့၏ ဘေးကင်းဇုန်(Safe Zone)များတွင် လက်နက်ကိုင်များနှင့် ဆက်စပ်ရာ လူပုဂ္ဂိုလ်များ ရောနှောနေထိုင်ခြင်း မပြုကြပါရန်။
၅။ ဒေသခံ ကလေးငယ်တို့၏ ပညာရေးနှင့်ပတ်သက်သည့် အနာဂတ် အစီအစဉ်များကိုလည်း အလေးအနက်ထား၍ (စေတနာရှေ့ထား၍) စဉ်းစားဆောင်ရွက်ပေးကြပါရန်”
တို့ ဖြစ်ပါတယ်။
မေတ္တာရပ်ခံစာမှာ ဖေါ်ပြထားတဲ့ အချက် ၅ ချက်က ဒီနေ့ကာလ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ၈၀/၉၀ ရာနှုန်းလောက် တူညီတာကိုတွေ့ရပါလိမ့်မယ်။ လယ်သမားတွေ၊ ယာသမားတွေ အဖို့ မိမိတို့ တနှစ်တာ ရိက္ခာ၊ ဝင်ငွေအတွက် နွေမှာပြင်ဆင်ပြီး မိုးရာသီတရာသီလုံး ကြည့်ရှုစောင့်ရှောက်ထားတဲ့ စပါးစိုက်ခင်းတွေကို မရိတ်သိမ်းနိုင်ဘဲ ထားလိုက်ရမယ့် အရေးက ဘဝပျက်တဲ့ အလားခံစားကြရမှာ အသေအချာဖြစ်ပါတယ်။ အသက်မသေဖို့ တိုက်ပွဲတွေကနေ ထွက်ပြေးရတယ် ဆိုသော်လည်း စစ်ဘေးက လွတ်ပြီး အငတ်ဘေး နဲ့ ထပ်ရင်ဆိုင်ရမယ့် အဖြစ်ကို တွေးကြည့်ယုံနဲ့တင် ကိုယ်ချင်းစာနိုင်မှာပါ။ ဒီအချက်အပြင် အခြားမေတ္တာရပ်ခံချက်တွေကလည်း စစ်ဖြစ်နေတဲ့ နေရာဒေသအတော်များများ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ထင်ဟပ်တဲ့ မေတ္တာရပ်ခံချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီမေတ္တာရပ်ခံ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သတင်းဌာနတွေက သတင်းရေးသားဖေါ်ပြတာတွေ ခုချိန်ထိ မတွေ့ရသေးပါဘူး။ အခုလို ဗန်းမောက်ဒေသက ကတူးလူမျိုးနွယ် အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုအသိုင်းအဝိုင်းကို ဦးဆောင်ပေးနေတဲ့ ရဟန်းတော်များ က မေတ္တာရပ်ခံမှုဟာ သတင်းတပုဒ် အနေနဲ့ ဆွဲဆောင်မှု ရှိချင်မှ ရှိပါလိမ့်မယ်။
နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဌ ဖြစ်သူ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အဖြစ်က ပယ်ဖျက်ခံရတဲ့ အဖြစ်အပျက်လိုမျိုးကို သတင်းဌာနတိုင်းက ထိပ်တန်း သတင်းတပုဒ်သဖွယ် ဖေါ်ပြကြပေမယ့်လည်း အထက်ကလို ဗန်းမောက်မြို့ အနီးအနားဒေသတဝိုက်က ကျေးရွာတွေက လယ်သမားတွေနဲ့ အခြားဒေသခံတွေရဲ့ တနှစ်တာ ရိက္ခာအကြပ်အတည်း ကိစ္စလိုမျိုးကို သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့တွေက အရေးစိုက်လာအောင် သတင်းအဖြစ် ဖေါ်ပြဖို့ သတိမူမိကြမယ် မထင်ပါဘူး။
အခု ဆောင်းပါးအစမှာ ဖေါ်ပြခဲ့သလို နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျူစောထီး တယောက်ကို အလစ်အငိုက်စောင့် လုပ်ကြံပစ်ခတ်တဲ့ သတင်းမျိုး နဲ့ နှိုင်းယှဥ်ရင် ဗန်းမောက်မြို့နယ်က ကတူးအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ မေတ္တာရပ်ခံစာက လူအများအတွက် ပိုအရေးပါတယ်လို့ နားလည်မိပါတယ်။
ဒေသတခုရဲ့ လုံခြုံရေး အခြေအနေ၊ ဘယ်မြို့၊ ဘယ်လမ်း၊ ဘယ်ကျေးရွာအုပ်စုတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း၊ ဘယ်ကနေ ဘယ်အထိ လမ်းပိုင်းကို အသုံးမပြုကြဖို့ အသိပေးတဲ့ သတင်း၊ လုံခြုံရေးအခြေအနေ အများသိအောင် သတင်းပေးတဲ့ သတင်းတွေက အများပြည်သူအတွက် အရေးကြီးတာ အမှန်ပါ။
သို့ပေမယ့်လည်း လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၄င်းတို့ ရဲ့ နေ့စဥ် အောင်ပွဲတွေကို ဖေါ်ပြပေးဖို့ သတင်းမီဒီယာတွေကို ပလက်ဖောင်းအဖြစ် မျှော်လင့်တာမျိုး၊ သတင်းမီဒီယာတွေကလည်း အဲလို သတင်းအချက်အလက်တွေကို စိစစ်ခြင်း မပြုဘဲ တဖက်ကပေးပို့တဲ့အတိုင်း ပြည်သူလူထုကို စိတ်အားတက်ကြွအောင် ဖော်ပြခြင်းမျိုးဟာ သတင်းမီဒီယာရဲ့ တာဝန်ဝတ္တရားကို မျက်ကွယ်ပြုရာကျပါတယ်။
လူထု အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေကြတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းအချက်အလက်တွေကို နေ့စဥ်နဲ့အမျှ ရယူနေကြရတဲ့ အနေအထားမှာ သတင်းမီဒီယာတွေ အနေနဲ့ လူထုအတွက် အကျိုးရှိစေနိုင်တဲ့ သတင်းမျိုး၊ သိသင့်သိထိုက်တဲ့ သတင်းမျိုးတွေကို ဦးစားပေးဖေါ်ပြပေးဖို့ သတိမူသင့်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့ စျေးကွက် သဘောသဘာဝ ဖြစ်တဲ့ engagement နောက်ကိုလိုက်တဲ့ သတင်းမျိုးတွေ၊ ဖြစ်ရပ်တခုကို ပဲ့တင်ထပ်ဖော်ပြတာမျိုးတွေပြည့်လျှံနေတာထက် လူထုအနေနဲ့ ခံစားနေကြရတဲ့ ဝေဒနာ၊ ခံစားချက်တွေကို ဖော်ပြပေးတဲ့ အသံမဲ့သူတွေ၊ ထင်ရှားကျော်ကြားသူ မဟုတ်တဲ့ အာဏာမရှိသူ၊ လက်နက်မရှိသူတွေရဲ့ ခံစားနေကြရတဲ့ ဒုက္ခတွေကို အဖြေရှာပေးနိုင်တဲ့ အကူအညီရစေနိုင်တဲ့ သတင်းမျိုးတွေကို ပိုမိုဖော်ပြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar