အထိမခံဖြစ်နေသည့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၃၁ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၅
အထိမခံဖြစ်နေသည့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ
ရုပ်ရှင်လောကက ဒါရိုက်တာ၊ သရုပ်ဆောင် ၆ ဦးကို ရက်အနည်းငယ်အတွင်း ဆက်တိုက်ဆိုသလို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့သည့် အဖြစ်က လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ လူသိများတဲ့ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ကို အောက်တိုဘာ ၂၉ ရက်နေ့ ဝန်းကျင်က ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပြီးနောက် ၂ ရက်အကြာမှာ နောက်ထပ် ရုပ်ရှင်ဒါရိုက်တာ သက်လွင်(ခ)ဇမ္ဗူသက်ထွန်းလွင် နဲ့ အောင်ချမ်းလူ(ခ)အေးချမ်းအောင် တို့ကို ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အခု ဖြစ်ရပ်မဖြစ်ပွားခင် ရက်အနည်းငယ်က ရွေးကောက်ပွဲကို ထောက်ခံပြီး နွေဦးတော်လှန်ရေး ကို ဝေဖန်ရှုတ်ချထားတဲ့ ဝါဒဖြန့် ရုပ်ရှင်ဇတ်လမ်းတို ထုတ်လွှင့်ခဲ့ရာက ဆိုရှယ်မီဒီယာမှာ ရိုက်ခတ်တဲ့ ဂယက်နဲ့အတူ စစ်တပ်ရဲ့ အခုလို ဝါဒဖြန့်စစ်ဆင်ရေး တခုကို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင် သရုပ်ဆောင်ထားကြတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင် ဇာတ်လမ်းတိုမှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်များကို သပိတ်မှောက်ကြဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ၊ မြန်မာဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြား နှိုးဆော်မှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဝါဒဖြန့် ဇာတ်လမ်းတိုမှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင် သရုပ်ဆောင်တွေ အနေနဲ့ ၄င်းတို့အပေါ် ဘယ်လိုဖိအားပေးမှုတွေ ရှိခဲ့သလဲ ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိတာကြောင့် တိတိပပ မသိနိုင်ကြပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနအောက်က ညွှန်ချုပ်အဆင့်ရှိသူက ရန်ကုန်မြို့မှာ ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်ချိရေးတွေမှာ ပါဝင်ကူညီကြရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားကြတာ တွေ့ရပါတယ်။
မြန်မာဆိုရှယ်မီဒီယာပေါ်မှာတော့ ဒီဝါဒဖြန့် ဇာတ်လမ်းမှာ ပါဝင်တာကြောင့် နောက်ခံ အကြောင်းရင်း ဘယ်လိုရှိပါစေ၊ ၄င်းတို့ကို သပိတ်မှောက် ဒဏ်ခတ်ကြဖို့ နှိုးဆော်မှုတွေ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခါစက အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ဆန္ဒပြခဲ့ကြတဲ့ သရုပ်ဆောင်တွေရဲ့ ဓါတ်ပုံ၊ ဗီဒီယိုကလစ်တွေနဲ့ အခု လတ်တလော ရွေးကောက်ပွဲ ဝါဒဖြန့်ဇတ်လမ်းက ဖြတ်တောက်ထားတဲ့ ကလစ်တွေကို တွဲစပ်ပြီး ဆိုရှယ်မီဒီယာမှာ ဗီဒီယို အတိုတွေလည်း ပျံ့နှံ့နေကြတာ တွေ့ရပါတယ်။
စစ်အာဏာသိမ်းခါစက ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ရုပ်ရှင်၊ ဂီတ နယ်ပယ်က ထင်ရှားကျော်ကြားသူ အများအပြား ဖမ်းဆီးခံခဲ့ကြရသလို လပိုင်းအတွင်း ပြန်လည်လွတ်မြောက်သူ ရှိပေမယ့် အချို့လည်း နှစ်ပေါက်သည်အထိ ပြစ်ဒဏ်ချမှတ် ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတွေထဲက အချို့သော သရုပ်ဆောင်တွေ အနေနဲ့ ဒီနယ်ပယ်မှာ ဆက်လက် ရှင်သန်လုပ်ကိုင်နိုင်ဖို့ အတွက် အာဏာသိမ်းစစ်တပ်က ဖိတ်ကြားတဲ့ ဖျော်ဖြေပွဲလို အခမ်းအနားတချို့ကို မလွှဲမရှောင်သာ တက်ရောက်ကြရတာလည်း တွေ့ကြရပါတယ်။ ဥပမာအားဖြင့် စစ်ကောင်စီ အစိုးရရဲ့ သင်္ကြန်မဏ္ဍပ်လိုမျိုးမှာ သွားရောက်ဖျော်ဖြေရတာမျိုးလည်း ရှိခဲ့တာဖြစ်ပါတယ်။
ဒီလို ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ပတ်သက်လို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေဘက် ထောက်ခံသူတွေဘက်မှာ ဆန္ဒပြဖို့ သပိတ်မှောက်ဖို့ နှိုးဆော်နေကြချိန် ရန်ကုန်အခြေစိုက် ပြောက်ကျားအဖွဲ့ အချို့က ကြေညာချက်ထုတ်နေချိန် အာဏာသိမ်းစစ်တပ်ဘက်ကလည်း ဒီဝါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းမှာ မပါဝင်တဲ့ ရုပ်ရှင်လောကသားတွေရဲ့ တဦးချင်း ဆိုရှယ်မီဒီယာ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
သဘောထား မှတ်ချက်တည့်တည့်ရေးမှ မဟုတ်ဘဲ သွယ်ဝိုက်ရေးသားတာမျိုး၊ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ပြည်ပအခြေစိုက် သတင်းမီဒီယာတွေရဲ့ သတင်းတွေမှာ လိုက်ခ်လုပ်တာ၊ မှတ်ချက်ပေးတာမျိုး အထိ အသေးစိတ်စောင့်ကြည့်နေပြီး ရုပ်ရှင်ဒါရိုက်တာတွေ သရုပ်ဆောင်တွေကို ဆက်တိုက် ဖမ်းဆီးလာတာ ဖြစ်ပါတယ်။
ဒီလို အနေအထားကို သုံးသပ်ကြည့်ရင် အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နဲ့ သာမန်ပြည်သူ တွေထက် အနုပညာရှင်တွေ၊ ဆိုရှယ်မီဒီယာပေါ်မှာ လူသိများသူတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး တချက် မှားတာနဲ့ ဖမ်းဆီးအရေးယူဖို့ အသင့်ဖြစ်နေတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို တစက်လေးမျှ ဆန့်ကျင်ပြောဆိုတာ သဘောထား မှတ်ချက်ပေးတာ မခံနိုင်တဲ့ အနေအထား၊ အထိမခံတဲ့ အနေအထားကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာနီးပါးကာလအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရပ်တည်ချက်၊ သဘောထား၊ လှုံ့ဆော်မှုတွေ နဲ့ ပတ်သက်ပြီး အရပ်သား၊ ဌာနဆိုင်ရာဝန်ထမ်း၊ ဆရာဝန်၊ စာပေအနုပညာရှင်၊ သတင်းစာဆရာ၊ ဗေဒင်နက္ခတ် ဟောပြောသူ အစရှိတဲ့ လူတန်းစား အလွှာအမျိုးမျိုးက လူပေါင်း ထောင်ဂဏန်းကနေ သောင်းဂဏန်းထိ ဖမ်းဆီးအရေးယူ အပြစ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ လက်နက်ကိုင် နည်းလမ်းနဲ့ ဆန့်ကျင်တာ မဟုတ်တဲ့သူတွေကို အနည်းဆုံး လပိုင်းကနေ အများဆုံး ၃ နှစ် နဲ့ ၅ နှစ်အထိ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး အချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြေညာတဲ့ အချိန်မျိုးမှာ ထည့်သွင်းခံရလို့ လွတ်မြောက်ခဲ့ရတာတွေလည်း ရှိခဲ့ပေမယ့် ထောင်နဲ့ ချီတဲ့ သူတွေ အကျဥ်းထောင်ထဲ ရှိနေကြဆဲ ဖြစ်ပါတယ်။
ခုလာမယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ အများအပြား ဖမ်းဆီးခံကြရဦးမယ့် အလားအလာလည်း ရှိနေတာပါ။ ခုချိန်ထိ ၇၀ နီးပါး ဖမ်းဆီးခံထားရပြီးလည်း ဖြစ်ပါတယ်။ ပြည်ပရောက် စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေအနေနဲ့ ပြည်တွင်းမှာ နေထိုင်နေကြတဲ့ သူတွေရဲ့ လုံခြုံမှု၊ မလိုအပ်ဘဲ အန္တရာယ် ကျရောက်မှုမရှိစေဖို့ အွန်လိုင်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အလေ့အကျင့်တွေ ရှိကြဖို့ အသိပညာ၊ စည်းမျဥ်းစည်းကမ်းတွေ မျှဝေပေးကြဖို့ လည်း အရေးကြီးနေတဲ့ အနေအထား ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar