Breaking News

၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ သို့မဟုတ် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဥ်တရပ်

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂ မြင်ကွင်း

မိုးမခ ၊ နိုဝင်ဘာ ၃၊ ၂၀၂၅


၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ သို့မဟုတ် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဥ်တရပ် 

လတ်တလော ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေအများစုက လာမယ့် နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဆက်နွှယ်နေကြတာ ဖြစ်ပါတယ်။ ထိုးစစ်တွေ၊ တိုက်ပွဲတွေ၊ ထောင် သောင်းချီတဲ့ အရပ်သားတွေ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတာတွေ၊ လုံခြုံရေး အကြောင်းပြပြီး စစ်ဆေးဖမ်းဆီးတာ၊ ရွေးကောက်ပွဲကို ဆန့်ကျင်ပြောဆိုတာကြောင့် ဖမ်းဆီးထောင်ချတာတွေက နှစ်ကုန်နဲ့ နောင်နှစ်ဆန်းမှာ ကျင်းပမယ့် အဆိုပါ ရွေးကောက်ပွဲနဲ့ ဆက်နွှယ်နေကြတာ ဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးလို့ ၃ လအကြာမှာ လွှတ်တော်မကျင်းပခင် နာရီပိုင်းအလိုမှာ  အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကတည်းက ပြန်လည်ကျင်းပမယ်လို့ ပြောဆိုခဲ့တဲ့ ရွေးကောက်ပွဲဟာ ၅ နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်မှာမှ ကျင်းပနိုင်မယ့် အနေအထား ဖြစ်ပါတယ်။ 

ပြည်သူလူထု အများစုကတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ မဲစာရင်းကိစ္စ၊ မဲမသမာမှု ရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ ပုံကြီးချဲ့ပြောဆိုမှုတွေ ကို မယုံကြည်ကြပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ရွေးကောက်ပွဲ ၄ ကြိမ်ကြုံခဲ့ရပြီး အဆိုပါ ရွေးကောက်ပွဲ ၄ ကြိမ်အနက် ၃ ကြိမ်ကို တက်တက်ကြွကြွ မဲပေးခဲ့ကြပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဘာမှ မျှော်လင့်ချက် မထားခဲ့ကြသလို စိတ်လှုပ်ရှားမှုလည်း မရှိခဲ့ကြပါဘူး။ 

သို့ပေမယ့် နှစ်ပေါင်း ၃၀ ကျော် ၄၀ နီးပါးအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၄ ကြိမ်က စစ်ပွဲတွေ၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ အဖြစ်တွေ၊ အဓမ္မစစ်မှုထမ်းဆွဲခေါ်မှု အခြေအနေတွေ နဲ့ ကျင်းပတာမျိုး မဟုတ်ခဲ့ပါဘူး။ ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှား၊ စိတ်ဝင်စားခြင်း မရှိခဲ့ရင်တောင်မှ အသက်အန္တရာယ် ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်နေကြရတာမျိုး၊ နေအိမ်တွေ ရပ်ရွာတွေ မီးလောင်ပျက်စီးဆုံးရှုံးသွားပြီး တနယ်တကျေးမှာ ခက်ခဲကျပ်တည်းစွာ နေထိုင်နေကြရတဲ့ အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ 

ခုတကြိမ် ရွေးကောက်ပွဲက စစ်တပ်ကို သိက္ခာထပ်ပေးမယ့် ရွေးကောက်ပွဲသဖွယ် ဖြစ်နေတာကြောင့် တကြောင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အရေး မြန်မာနိုင်ငံ နေရာအနှံ့အပြား ထိုးစစ်တွေ ဆင်နွှဲနေတာကြောင့် ရွေးကောက်ပွဲက မြန်မာနိုင်ငံက လူထုတွေအတွက် ဂြိုဟ်မွှေတဲ့ ဖြစ်ရပ်တခုသဖွယ် ယူဆနေကြတာလည်း ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခဲ့စဥ် ကာလက ရွေးကောက်ပွဲကို မြန်မြန်ဆန်ဆန် ကျင်းပပေးဖို့ ရည်ရွယ်ထားတဲ့ လက္ခဏာတော့ မမြင်တွေ့ခဲ့ရပါဘူး။ မဲစာရင်း သန်းနဲ့ချီအရေအတွက် မှားယွင်းတယ် ဆိုတာတွေကို စိစစ်ရမယ်၊ မဲမသမာမှုတွေကို စိစစ်ရမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ့် အချိန်ဇယား တိတိကျကျ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ၂၀၂၀ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အချို့ကို ဖမ်းဆီးထောင်ချခဲ့သလို စစ်တပ်ရဲ့ စိတ်တိုင်းကျ ကော်မရှင် အဖွဲ့ဝင် အသစ်တွေ ခန့်အပ်ခဲ့ပြီး ဖြုတ်ချလိုက်တဲ့ NLD အစိုးရအဖွဲ့ဝင်တွေ၊ NLD ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချကာ အာဏာ၊ ငွေကြေး အလွဲသုံးစားမှု၊ အဂတိမှုတွေနဲ့ အမှုဆင် တရားစီရင်တဲ့ ကိစ္စတွေနဲ့ မဲစာရင်းစိစစ်မယ် ဆိုတဲ့ ကိစ္စနဲ့ မဲမသမာမှု ကိစ္စက မှေးမှိန်သွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီအခြေအနေမျိုးမှာပဲ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆီ မြို့ပေါ်က လူငယ်အများအပြား သွားရောက်ကြပြီး စစ်သင်တန်းတက်၊ လက်နက်ကိုင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ကာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ပြန်လည်တိုက်ခိုက်မယ့် PDF တပ်ဖွဲ့အသစ်တွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ နဲ့ PDF တပ်မတော် ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတိုက်ခိုက်ဖို့ အပြီးတိုင် အနိုင်ယူဖို့ ရည်ရွယ်ချက်ထားရှိ တိုက်ခိုက်ခဲ့ကြတဲ့အခါ အာဏာသိမ်း စစ်တပ်အနေနဲ့ ရွေးကောက်ပွဲအကြောင်း သိပ်မပြောတော့ဘဲ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ဆိုတဲ့ စစ်တပ် အနေနဲ့ အာဏာကို ထိန်းချုပ်ထားဖို့ အကြောင်းပြချက် တရပ်အဖြစ် ပြောဆိုကာ စစ်တပ်/စစ်အုပ်ချုပ်ရေး ကို ရှည်ကြာအောင် အချိန်ဆွဲဖို့ ရည်ရွယ်ခဲ့တဲ့ အနေအထားရောက်ခဲ့တာပါ။ 

၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်တွေအထိ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိသေး၊ ပုံမှန်အခြေအနေမဟုတ်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီကို သက်တမ်းအကြိမ်ကြိမ် တိုးနေခဲ့တာ တွေ့ရမှာပါ။ သို့ပေမယ့် ၁၀၂၇ စစ်ဆင်ရေးက စစ်တပ်ကို ကိုင်လှုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တနှစ်အကြာမှာ မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်ကာလနဲ့ နှိုင်းယှဥ်ရတဲ့ အနေအထားမျိုး ရောက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်အနေနဲ့ သေရေးရှင်ရေး အဆုံးအဖြတ်မျိုး ဆုံးဖြတ်ရတဲ့ အခြေအနေရောက်ခဲ့ပါတယ်။ 

ဒီအနေအထားမှာ စစ်တပ်ပြိုကွဲလို့ မဖြစ်ဘူးဆိုတဲ့ အယူအဆ၊ လက်တွေ့နိုင်ငံရေး ယုတ္တိကို တွေးမိစေတာက အိမ်နီးချင်း တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက အာဏာသိမ်းစစ်တပ်ကို ကူညီပေးတာနဲ့အတူ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ကိုလည်း တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ၂၀၂၅ ခုနှစ်ကုန်မှာ ကျင်းပဖြစ်တဲ့ အကြောင်းရင်းတွေထဲ အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်ရေးအရ အရှုံးနဲ့ ရင်ဆိုင်လာရချိန် ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲ မြန်မြန်ဆန်ဆန် လုပ်ဖို့ ရွေးချယ်ခဲ့ရတဲ့ သဘောလို့ ယူဆရပါတယ်။ အာဏာသိမ်းပြီးခါစ အစောပိုင်းနှစ်တွေမှာ နိုင်ငံ ပုံမှန်အခြေအနေမရောက်သေးတာကြောင့် ရွေးကောက်ပွဲ မလုပ်သေးဘူးဆိုတဲ့ ဆင်ခြေပေးခဲ့ပေမယ့် အခု ရွေးကောက်ပွဲ လက်တွေ့ကျင်းပတဲ့ အခြေအနေက အဆိုပါ ကာလတွေထက် အများကြီးဆိုးရွားတဲ့ အနေအထားမှာ ရောက်နေတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ လွတ်လပ်ရေးရပြီးနောက်ကာလ ခေတ်သစ် မြန်မာ့သမိုင်းမှာ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပွားပြီးနောက် တက်လာတဲ့ စစ်တပ်ဟာ ဆယ်စုနှစ် ၂ ခုနီးပါး အာဏာကို ဆုပ်ကိုင်ထားခဲ့ကြပြီး ၁၉၉၀ ပြည့်နှစ်လို ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည့်တိုင် အာဏာမလွှဲအပ်ဘဲ အချိန်ဆွဲခဲ့တဲ့ သာဓကတွေအရ ၄င်းအနေနဲ့လည်း ၁၀ စုနှစ်တခုလောက် အနည်းဆုံး အချိန်ဆွဲတဲ့ ဗျူဟာနဲ့ အာဏာဆုပ်ကိုင်ထားဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ 

စိတ်ကြိုက်အနေအထား၊ ကာလရောက်မှ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာကို ပုံစံတမျိုးနဲ့ ဆက်လက် ကိုင်စွဲသွားဖို့ ရည်မှန်းချက် ထားခဲ့ပုံရပါတယ်။ သို့ပေမဲ့ စစ်ရေးအခြေအနေအပြောင်းအလဲတွေက လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် နောက်ခံအနေအထားမျိုး ရောက်ခဲ့တာကြောင့် စစ်ခေါင်းဆောင် မှန်းဆတဲ့ အကွက်တွေအတိုင်း လျှောက်လှမ်းဖို့ မဖြစ်တော့တဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ 

ခုလာမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အနေနဲ့ နိုင်ငံရေးက ဆုတ်ခွာတဲ့ ရွေးကောက်ပွဲလည်း မဟုတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ တဖက်မှာလည်း ၄င်းတို့ မျှော်လင့်တဲ့ အခင်းအကျင်း အခြေအနေတွေက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမလား ဆိုတာတော့ ကောက်ချက်ချဖို့ စောနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar