လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၅ )
လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၅ )
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၅
အခုတလောသတင်းမီဒီယာလောကမှာ အုတ်အော်သောင်းတင်းဖြစ်နေတဲ့သတင်းတပုဒ်ရှိပါတယ်။
ပြင်သစ်-ပါရီပြတိုက်ကြီးထဲက နပိုလီယံခေတ် နန်းစဉ်ရတနာများ နေ့ခင်းကြောင်တောင်ကြီး အခိုးခံရတဲ့အမှုပါ။ ရတနာများရဲ့ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာသန်းတရာကျော်သတဲ့။
ဒီတော့ ပြင်သစ်ယဥ်ကျေးမှုဝန်ကြီးက-ဒီရတနာတွေဟာ ငွေတန်ဖိုးအရ တန်ဖိုးဖြတ်နိုင်ပေမယ့် ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်လူမျိုးများရဲ့သမိုင်းတန်ဖိုးကတော့တန်ဖိုးမဖြတ်နိုင်ပါဘူး။--တဲ့။
ဟုတ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ကိုလိုနီသမိုင်းတန်ဖိုးကအဖိုးမဖြတ်နိုင်ပါဘူး--ဆိုရင်ပိုမှန်ပါတယ်၊ အဲဒီရတနာအားလုံးနီးပါးဟာ ပြင်သစ်နိုင်ငံရဲ့ကိုလိုနီနိုင်ငံများဖြစ်ခဲ့တဲ့ အာရှ၊အာဖရိကနိုင်ငံများက အရှင်သခင်ကိုလိုနီနိုင်ငံရဲ့ ပြင်သစ်ဘုရင်များကိုဆက်သခဲ့ရတဲ့ ရတနာများဖြစ်လို့ပါ။
ဗမာပြည်က ပတ္တမြားငမောက်ကြီး ဗြိတိန်ဘုရင်မနန်းတက်စဉ်က ဆောင်းခဲ့တဲ့ သရဖူပေါ်ရောက်နေတဲ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့နယ်ချဲ့ကိုလိုနီစနစ်ရဲ့ပထမဆုံးသားကောင်ဖြစ်ရရှာတဲ့ အာဖရိကတိုက်ကြီးကို အရင်ကြည့်ရအောင်ပါ။ အာဖရိကတိုက်ရဲ့ မြေပုံကိုပဲ ကြည့်ပါဦး။ နိုင်ငံတွေကို မျဉ်းဖြောင့်တွေနဲ့ ခွဲခြားထားတာ။ ကိုလိုနီအရှင်သခင်များက မြေပုံစက္ကူပေါ်မှာ သူတို့ စိတ်တိုင်းကျခွဲပြီး ယူထားတာပါ။ ဒါ့အပြင် နှစ်ပေါင်း ၅၀၀ လောက် နယ်ချဲ့စနစ်အောက်-ကျွန်ရောင်းဝယ်ရေးစနစ်အောက်မှာ နေလာခဲ့ရပါတယ်။
၁၉ ရာစုမှာကျွန်ရောင်းဝယ်ရေးစနစ် အဆုံးသတ်သွားပြီး ၂၀ ရာစုနှောင်းပိုင်းမှာ ကိုလိုနီစနစ်ပျက်သုဉ်းပြီး နိုင်ငံအများအပြားလွတ်လပ်ရေးတွေ ရခဲ့ပေမယ့် သယံဇာတ အင်မတန်ပေါကြွယ်တဲ့ အာဖရိကတိုက်ကြီးဟာ အခုထိ အဆင်းရဲဆုံးတိုက်ကြီး ဖြစ်နေပါသေးတယ်။ ဘာကြောင့်ပါလဲ။ အာဖရိကပညာရှင်(ပါမောက္ခ ဖဒဲလ်ကာဘူ)ပြောစကား “တို့တတွေ ကိုလိုနီစနစ်ကို အမြစ်ပြတ်အောင် မတိုက်နိုင်ခဲ့လို့”တဲ့။
လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ ( ၁ ) - MoeMaKa Media
အဲဒီအပြော မှန်၊ မမှန် ကြည့်ရအောင်ပါ။
ဥပမာ- ပြင်သစ်နိုင်ငံက သူ့လက်အောက်က လွတ်လပ်ရေးပေးလိုက်ရတဲ့ ကိုလိုနီ အာဖရိက ၁၄ နိုင်ငံကို ဘယ်လို နှောင်ကြိုးတွေ ဆက်ပြီးလုပ်ထားသလဲ၊ ကြည့်ရအောင်ပါ။
သူတို့တတွေဟာ ပြင်သစ်ငွေကြေးကိုပဲ အသုံးပြုကြရတယ်။ သူတို့နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ၅၀ ရာခိုင်နှုန်းကို ပြင်သစ်ရဲ့ ဘဏ္ဍာတိုက်မှာပဲ ထားရတယ်။ ဒါက ငွေကြေးဆိုင်ရာ နှောင်ကြိုး။
စစ်ဖက်ဆိုင်ရာ နှောင်ကြိုးကရော... အဲဒီနိုင်ငံတွေရဲ့လုံခြုံရေးအတွက်ဆိုပြီး ပြင်သစ်စစ်စခန်းနဲ့ ပြင်သစ် စစ်သားများကို လက်ံခံထားရတယ်။ ဒါကလည်း အဲဒီပြည်တွင်းမှာရှိတဲ့ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပါ။ နောက်ပြီး အဲသလို လုံခြုံရေးကို တာဝန်ယူပေးရလို့ဆိုပြီး အဲဒီနိုင်ငံကထွက်တဲ့ သယံဇာတတွေအားလုံး ပြင်သစ်ကိုပဲ ရောင်းပေးရတယ်။ ဒါ့အပြင် လူမျိုးရေး ဘာသာရေး ပဋိပက္ခအမျိုးမျိုးကိုလည်း မီးမွှေးထားခဲ့သေးတယ်။
ဒီလိုနဲ့ ဒီနိုင်ငံများမှာ ကုန်ထုတ်လုပ်ရေးကလဲ မတိုးတက်၊ ပဋိပက္ခပေါင်းစုံကို မဖြေရှင်းနိုင်နဲ့ ဆင်းရဲတွင်းနက်သထက် နက်လာတယ်။ ဒီမှာတင် အာဖရိကရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးဖို့ ဆိုပြီး ကမ္ဘာ့ဘဏ်တို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့တို့က ချေးငွေတွေကို ကန့်သတ်ချက်အမျိုးမျိုး (ပြည်တွင်းဈေးကွက်တွေ ဖွင့်ပေးရမယ်။ နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို ပုဂ္ဂလိကထုတ်ရောင်းပေးရမယ်။-စသဖြင့်)နဲ့ ထုတ်ချေးပေးပြီး အဲဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေကို ဝင်ရောက် ဟန့်တားလမ်းလွှဲပေးကြတယ်။
ဒါ့အပြင် (NGO) တွေကလည်း ခေါင်းစဉ်အမျိုးမျိုးနဲ့ ဝင်ခြယ်လှယ်ပြန်တယ်။
ဒီလိုနဲ့ အဲဒီနိုင်ံငံတွေဟာ ကြွေးတွေထူ ဆင်းရဲတွင်းနက်ပြီး ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအဖြစ်သို့ရောက်ရှိသွားကြတယ်။
တကယ်တော့ ၂၀ ရာစုနှောင်းပိုင်းမှာ ကိုလိုနီများကို လက်လွှတ်ရတော့မယ် ဆိုတာကို သိလာတဲ့အခါ ကိုလိုနီနယ်ချဲ့နိုင်ံငံကြီးများက မိမိတို့ အကျိုးစီးပွားကို အကာအကွယ်ပေးမယ့် လက်ဝေခံတပည့်တွေကိုပဲ အာဏာလွှဲပေးခဲ့တာပါ။ မိမိတို့နိုင်ငံကိုအပြတ်အသတ်နယ်ချဲ့များ လက်အောက်က လွတ်မြောက်အောင် လုပ်ချင်သူများ၊ လုပ်နိုင်သူများကိုတော့ နည်းလမ်းပေါင်းစုံသုံးပြီး အာဏာမရအောင် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒါကြောင့်ပဲ၊ ဗမာပြည်က ဗိုလ်ချုပ်အောင်ဆန်းတို့ ကွန်ဂိုက လူမင်းဘားတို့ လုပ်ကြံသတ်ဖြတ်တာခံလိုက်ရတာပါ။
အခုတော့ ဒီကိုလိုနီဖြစ်ခဲ့ရတဲ့ နိုင်ငံများဟာ နယ်ချဲ့နိုင်ငံကြီးများရဲ့ ထောင်ချောက်တွေ(ခေတ်သစ်ကိုလိုနီစနစ်အမျိုးမျိုး)ကို တွေ့မြင်လိုက်ရပြီး၊ ဒါတွေကို နည်းလမ်းပေါင်းစုံသုံးပြီး ကျော်ဖြတ်နိုင်အောင် ကြိုးစားလာနေပါပြီ။
ဒါကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများရဲ့ လှုပ်ရှားမှုလို့ ခေါ်ဆိုလာကြပါတယ်။ ကမ္ဘာကြီးကို ပိုမိုတရားမျှတမှုရှိတဲ့ ဗဟုစုံဝါဒ (Multilateralism) ပေါ်ပေါက်လာရေးအတွက် ကြိုးစားလာကြတာပါ။ ဒါမှသားနိုင်ငံများအားလုံး တန်းတူညီမျှစွာနဲ့ ကိုယ့်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ကိုးကား- ကျောက်ငါးစာပေ၊ အာဖရိကနဲ့တရုတ်၊ ဆက်ဆံရေး အနာဂတ်
လှကျော်ဇော
၃၁-၁၀-၂၀၂၄
👉လှကျော်ဇော - ကိုလိုနီစနစ်ရဲ့အမွေဆိုးများ
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar