ကိုသန်းလွင် - လမ်းလျှောက်ခြင်း
ကိုသန်းလွင် - လမ်းလျှောက်ခြင်း
မိုးမခ ၊ နိုဝင်ဘာ ၁၉ ၊ ၂၀၂၅
(၁)
ကျွန်တော်သည် စနေနေ့တိုင်း အိပ်ရာက နိုးလာချိန်မှာ လမ်းလျှောက်လေ့ရှိပါသည်။ အရှေ့အရပ်က နေမင်းကြီး ထွက်လာချိန်တွင် ကျွန်တော် လမ်းပေါ်သို့ ရောက်နေပါပြီ။ လမ်းမှာ အလုပ်သွားသူများ၊ အိမ်အတွက် ဝေယျာဝစ္စလုပ်သူများကို တွေ့ရသည်။ အိမ်ရှေ့တွင် တံမြက်စည်းလှဲသူ၊ အမှိုက်ပစ်သူ၊ ကားဆေးသူ၊ ကျွန်တော် ကဲ့သို့ လမ်းလျှောက်ထွက်သူများကို တွေ့ရလေ့ရှိသည်။ မနက် အိပ်ရာက နိုးသည်နှင့် ခေါင်းသည် ရှင်းလင်း၍ ကြည်လင်သန့်ရှင်းသော အတွေးများကိုသာ တွေးမိပါသည်။
(၂)
လူအများသည် ခေါင်းရှုပ်လာသည့်အခါ၊ ဖြေရှင်းရန် ပြသနာများပေါ်ပေါက်သည့်အခါ ခေါင်းရှင်းသွားစေရန်၊ စိတ်သက်သာရာရစေရန် လမ်းလျှောက်လေ့ရှိကြပါသည်။ လမ်းလျှောက်ရင်း ပြဿနာပြေလည်သွား၍ ဖြစ်စေ၊ ဖြေရှင်းရန် နည်းလမ်းကိုတွေ့လျှင် ဖြစ်စေ စိတ်သက်သာရာရတတ်ကြပါသည်။ စိတ်အားလျော့၍ စိတ်ပူပန်တတ်သည့် အဖြစ်မှ ကင်းလွတ်သွားပြီး အေးချမ်းငြိမ်သက်စွာ စဉ်းစားသွားနိုင်သည့်အခါမျိုးလည်း ရှိတတ်ပါသည်။
လမ်းလျှောက်ရင်း တွေးခေါ်သည့်အကျင့်ကို ရှေးအခါက အစောဆုံး လုပ်ဆောင်သူများတွင် တွေးခေါ် ပညာရှင် အရစ္စတိုတယ်လည်း ပါဝင်ပါသည်။ သူသည် လမ်းလျှောက်ရင်း(perငipathetic) စာပေပို့ချသည့် အကျင့် ရှိခဲ့သည်။ သင်ကြားခြင်းသည် ရွေ့လျားနေသောအခါ၌ ဖြစ်ပေါ်ပြီး ဖီလိုဆိုဖီသည် ကုလားထိုင်များ၊ စားပွဲများမှာသာ ကန့်သတ်ထားသည် မဟုတ်ပေ။ ကျယ်ပြန့်သော အတွေးအခေါ်များကို လမ်းလျှောက်ရင်း စဉ်းစားစေသည်။ လမ်းလျှောက်ရင်း ကိုယ်ခန္ဓာကို တက်ကြွလန်းဆန်းစေပြီး လုပ်ငန်းအသိပညာများကို နှိုးဆွပေးပါသည်။
တွေးခေါ်ပညာရှင် ဂျာမန်လူမျိုး ကန့် (Immnuel Kant) သည် Konispberg မြို့တွင်အချိန်မှန်မှန် လမ်းလျှောက်လေ့ရှိသည်။ မြို့နေလူထုက သူတို့ အိမ်ရှေ့မှ ကန့် လမ်းဖြတ်လျှောက်သွားချိန်သည့် အချိန်သည် တိကျလွန်းသောကြောင့် သူတို့နာရီကို တိုက်လေ့ရှိသည်ဟု ဆိုကြသည်။ Moving meditation ခေါ် လမ်းလျှောက်ရင်း တွေးခေါ်သည့် အလေ့အကျင့်သဘာဝပင် ဖြစ်သည်။
စာရေးဆရာ ချားလ်စ်ကင်းသည် လန်ဒန်မြို့လမ်းများပေါ်တွင် တညလျှင် ၁၀ မိုင် ၁၂ မိုင်ခန့် လမ်းလျှောက်လေ့ရှိသည်။ လမ်းလျှောက်ရင်း ဝတ္ထုမှ ဇာတ်လမ်းဇာတ်ကွက်များကို စဉ်းစားလေ့ရှိသည်။
အင်္ဂလိပ်ကဗျာဆရာကြီး ဝပ်ဝါ့သ် (Wordsworth) သည် လမ်းလျှောက်သည့်အခါ ဈာန်ဝင်စား၍ ကဗျာများကို ရေးသားလေ့ရှိသည်။ သူနေထိုင်ရာ ရေကန်များ၏နယ် (Lake District) တွင် ညီမဖြစ်သူ ဒေါ်ရိုသီနှင့် လမ်းလျှောက်ထွက်ပြီး အိမ်ပြန်ရောက်သောအခါ ဒေါ်ရိုသီကမီးဖိုချောင်တွင် အလုပ်ရှုပ်နေချိန်ဝယ် သူက ကဗျာ တွေကို ထိုင်ရေးသည်။ သူ့အတွက် လမ်းလျှောက်ခြင်းမှာ စိတ်၏ အထပ်ထပ်အဖန်ဖန် ရှုမြင်ခြင်း (meditation) ဖြစ်ပြီး လူတို့၏ နှလုံးသားခံစားချက်ကို သဘာဝ၏ အလှအပများနှင့် ဆက်စပ်ပေးသည်။ သူ့ကဗျာ ‘cloud ‘ တွင် မိုးတိမ်များပေါ်မှ မြင်ရသည့် တောတောင်သဘာဝ မြင်ကွင်းနှင့် လူ့လောကကို ပုံဖော်ထားပါသည်။
မကြာမီကာလသို့ ရောက်လာသောအခါ လမ်းလျှောက်ခြင်းသည် စိတ်၏ ဖန်တီးနိုင်စွမ်းနှင့် ပြန်လည် တွေးတောနိုင်စွမ်း (Reflection) တို့ကို ဆက်စပ်ပေးသော ကိရိယာတစ်ခုသဖွယ် အသုံးချနိုင်ကြောင်း သိလာကြပြန်ပါသည်။
အရစ္စတိုတယ်၏နောက် ရာစုနှစ်ပေါင်းများစွာကြာသောအခါ ရူးဆိုး (Jean Jacques Russeu) သည် လမ်းလျှောက်နေရင်း ပို၍ကြည်ကြည်လင်လင် တွေးခေါ်နိုင်ကြောင်း ဝန်ခံခဲ့သည်။ ခြေလှမ်းကို ဟန်ချက်ညီညီ၊ Rhythms မှန်မှန် ချနေခြင်းသည် သူ့စိတ်ထဲမှ အထုံးများကို ဖြေပေးနေသည်ဟု ပြောခဲ့သည်။ သူသည် သူ၏ ဒုတိယမြောက်ကျမ်း (Discourse on Inequality) ကို ငြိမ်သက်၍ လူမသိသူမသိ ကျေးရွာတစ်ခုတွင် နေထိုင်ကာ ရေးသားခဲ့ပါသည်။
မဟတ္တမဂန္ဒီသည် လမ်းလျှောက်ခြင်းကို နိုင်ငံရေးကိရိယာတစ်ခုအဖြစ် (salt March) ကာလအတွင်း က အသုံးချခဲ့ပါသည်။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုသည် သူ့လူမှုရေးနှင့် နိုင်ငံရေး ယုံကြည်ချက်ကို ပိုမိုခိုင်မာစေကြောင်း သက်သေ ဖြစ်လာပါသည်။
ခေတ်သစ်တွင် စတိဂျော့ (Steve Jobs) သည် လမ်းလျှောက်ရင်း ဆွေးနွေးပွဲများလုပ်လေ့ရှိသည်။ သူ အဓိကအားပေးသည်မှာ ကိစ္စရပ်များကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ခြင်းနှင့် ဖန်တီးနိုင်စွမ်းရည် မြင့်တက်လာစေခြင်းတို့ ဖြစ်သည်။
သိပ္ပံပညာရှင်များက ကိုယ်လက်လှုပ်ရှား လမ်းသွားနေခြင်းသည် လူတို့၏ စိတ်နေစိတ်ထား (mood) ကို တိုးတက်လာစေသည်ဟု ဆိုသည်။ ဖန်တီးနိုင်စွမ်း ရှိပြီး စိတ်ဖိအားကို လျော့ကျစေပါသည်။ တလှမ်းဆီ တချက်ဆီ လှမ်းနေသော ခြေလှမ်းများသည် ဦးနှောက်ဆီသို့ သွေးလည်ပတ်စေခြင်းကို အားပေးသည်။ ၎င်းသည် အသိဉာဏ်ကို တိုးပွားစေပြီး တွေးခေါ်နေသမျှကို အစီအစဉ် ကျနအောင် စီစဉ်ပေးသည်။ သဘာဝကျကျ အဖြေထုတ်စေနိုင်သည်။
အဆုံးစွန်ပြောရလျင် လမ်းလျှောက်ခြင်းသည် လူကို တစ်နေရာမှ တစ်နေရာသို့ ရောက်စေသည်သာမက မိမိကိုယ်တိုင်ကို စကားပြောခြင်း (Dialogue) ကို ဖြစ်ပေါ်စေပါသည်။ လူ့စိတ်၏ မြန်နှုန်းကို လျော့ကျသွားစေကာ တွေးခေါ်ခြင်းအဖြစ်သို့ ရောက်အောင် တွန်းပို့ပေးသည်။ ယခင်က သတိမထားမိခဲ့သော အရာများကို သတိရလာစေပြီး ယခင်က မကြားဖူးခဲ့သော အရာများကို ကြားလာရစေပါသည်။
စက်မှု အတတ်ပညာ ထွန်းကားနေသော ခေတ်ကာလကြီးတွင် လမ်းလျှောက်ခြင်းသည် ပြန်လည်တွေးခေါ်ခြင်း၊ လေ့လာဆန်းစစ်စေရန် အခွင့်အရေးကို ပေးပါသည်။ ခြေလှမ်း တစ်လှမ်းချင်းစီသည် အရာဝတ္ထုများကို နားလည်စေခြင်းဘက်ဆီသို့ ခေါ်ဆောင်သွားပါသည်။
အရာဝတ္ထုများကို လူ့စိတ်ကသိသည် ဆိုရာဝယ် သိခြင်းနှစ်မျိုး ရှိသည်။ တစ်ခုမှာ ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း သို့မဟုတ် လော့ဂျစ်နည်းအရ သဘာ၀ကျသော အတွေးအခေါ်ကိုရစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ဆွေးနွေးခြင်း သို့မဟုတ် စာရွက်စာတမ်းများကို ဖတ်ခြင်း၊ ဒေတာများကို ကြည့်၍ရသော အဖြေတို့ကို ခေါ်သည်။
ဒုတိယတစ်နည်းမှာ (Intuitive experiments knowledge) ဟု ခေါ်ပါသည်။ လူ့အတွေ့အကြုံ၊ ငြိမ်သက်စွာ လေ့လာခြင်း၊ ဆက်စပ်၍ အလိုလိုသိလာခြင်းတို့ ဖြစ်ပါသည်။ လူတစ်ယောက် လိမ်နေလျှင် အလိုလို သိခြင်းကို ခေါ်သည်။ ဤအမျိုးအစားမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝါရင်ခရစ္စတိုဖာ (Warren Christopher) ယုံကြည်လေးစားစွာ ရှာဖွေခဲ့သော နည်းနာတစ်ခု ဖြစ်ပါသည်။
နေ့စဉ်နေ့တိုင်း အာရုဏ်မတက်မီ သူသည် ဝါရှင်တန်မြို့တော်တွင် လမ်းလျှောက်လေ့ရှိသည်ဟု ဆိုသည်။ ထိုအလေ့အကျင့်ကြောင့် သူသည် တနေ့လုံး စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေသော ပတ်ဝန်းကျင်မှာ ဣန္ဒြေရရ နေနိုင်ခဲ့သည်ဟု ဆိုသည်။ သူ လမ်းလျှောက်သည်မှာ ပိုတိုမက် (Potomac ) မြစ်ကမ်းပါးမှာ ဖြစ်သည်။
သူ နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေစဉ်ကာလမှာ ဘော့စနီးယားတွင် စစ်ပွဲတွေ ဖြစ်နေပြီး စစ်ပွဲများ ရပ်ရန် ငြိမ်း ချမ်းရေး စာချုပ် ချုပ်ဆိုရန် တာဝန်သည် သူ့တာဝန် ဖြစ်လာခဲ့သည်။ သူသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ လာရသည်။ ဆားဗီးယား၊ ခရုတ် (Croat) နှင့် ဘော့စနီးယားမှ ခေါင်းဆောင်များသည် ဘယ်ဘက်ကမှ မလျှော့နိုင်ဘဲ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ငြင်းဆန်နေကြသည်။ တည ၁၁ နာရီခန့်တွင် ခေါင်းဆောင်များ ဆွေးနွေးပွဲများ ဆက်နေ၍ အနားယူနေကြချိန်တွင် ခရစ္စတိုဖာသည် အိုဗာကုဒ် အင်္ကျီကို ဝတ်ကာ လမ်းမပေါ်သို့ ထွက်ခဲ့ပြီး လမ်းလျှောက်နေသည်။ ဂျနီဗာ ရေကန်ကြီးဘေးက လမ်းမအတိုင်း တစ်နာရီခန့် ကြာသည်။ သူ ပြန်လာသည့်အခါ သူ့လူတွေကိုခေါ်ပြီး သူ ရရှိသည့် အကြံဉာဏ်ကို တင်ပြသည်။ Dayton Peace Agreement စာချုပ်သည် ဤနည်းဖြင့် အကောင်အထည်ပေါ်လာခဲ့ပါသည်။
၁၉၉၉ ခုနှစ်တွင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးပွဲများကို ဂျေရုစလင်မြို့တွင် ကျင်းပခဲ့ပါသည်။ အစ္စရေး၊ ဆီးရီးယားနှင့် ပါလက်စတိုင်း တို့ ပါဝင်သည်။ ဆွေးနွေးပွဲ ကျင်းပနေစဉ် ကင်းဒေးဗစ် ဟိုတယ်မှ ထွက်ခဲ့ပြီး မြို့တော်ဟောင်း လမ်းမအတိုင်း မိနစ် ၅၀ ခန့် လမ်းလျှောက်နေခဲ့သည်။ အောက်မှ မြင်ရသည့် မြို့တော်ကြီးကို Mount Zeon overlook ပေါ်မှ ရပ်ပြီး ကြည့်နေခဲ့ပါသည်။ သူ့လက်ထောက်က ပြော သည်မှာ သူသည် မိနစ်အနည်းငယ်မျှရပ်ပြီး ငြိမ်ငြိမ်ကြီး စဉ်းစားနေခဲ့ပါသည်။ သူ ဟိုတယ် ပြန်ရောက်သောအခါ ဆွေးနွေးပွဲတွင် တင်ပြရမည့် အချက်များသည် ခေါင်းထဲတွင် အစီအရီ ပေါ်လာကြပါသည်။
(၃)
လမ်းလျှောက်တော့မည် ဆိုလျှင် သင့်ဘေးမှ လူမပါဘဲ လျှောက်ရသည့်အခါ များတွင် အလွန်ရိုးရှင်းသည့် အလုပ်တစ်ခုကို လုပ်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါသည်။ ညာခြေ၊ ဘယ်ခြေ၊ ညာခြေ လျှောက်သွားရုံပဲ ဖြစ်ပါသည်။ သင်သည် အတိတ်ကာလကို တွေးလျှင် တွေးမည်။ အနာဂတ်ကိုလည်း ရောက်လျှင် ရောက်မည်။ ရိုးရိုးသားသား အလုပ်တစ်ခုသည် ပို၍ အဓိပ္ပာယ်ရှိသော ပို၍လေးနက်သော အခြေအနေတစ်ခုသို့ ပို့ဆောင်ပေးပါလိမ့်မည်။ လမ်းလျှောက်၍ မောလာသည်နှင့်အမျှ သင့်ခေါင်းထဲမှာ ဘာမှမရှိတော့ဘဲ ကြည်လင်သွားပါလိမ့်မည်။ တချိန်ချိန်တွင် လမ်းနှင့် သင့်ခြေထောက် ထိပြီး နေခြင်းကို သတိထားမိလာပါလိမ့်မည်။ ထိုကာလသည် စိတ်နှင့် အရာဝတ္ထုတွေ ပေါင်းသွားသောကာလ ဖြစ်ပါသည်။ သင့်အလုပ်က ထိုတွေ့လာမည့် အတွေ့အကြုံမှ လေးနက်သည့် အဓိပ္ပာယ်နှင့် သင်ခန်းစာ ထုတ်ယူရုံသာ။
Ref: Internet
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar