လေခဏီ - ကျားဖြန့်နဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အချိုးညီ
လေခဏီ - ကျားဖြန့်နဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အချိုးညီ
မိုးမခ ၊ နိုဝင်ဘာ ၁၆ ၊ ၂၀၂၅
ဒီရက်ပိုင်း စစ်ခွေးဟောင်သံတွေ တော်တော်ကျယ်လာတယ်။ မြဝတီက လက်နက်နဲ့ မူးယစ်ဆေးပြားမှုတွေဟာ ထိုင်းကုန်သည်တွေဆီက လာတယ် ဘာညာ အာလာတယ်။ သူတို့ထုတ်တဲ့ဆေးပြားက ငြင်းမရတော့ ထိုင်းဘက်က ငြင်းရခက်တဲ့ လက်နက်မှုနဲ့ ရောကြိတ်တာ။ မေဒီကန်ဝင်မှာ ကြောက်ပြီး ဒီကောင်တွေ ဟိုဟောင် ဒီဟောင် လုပ်လာရင် အနုထင်က ဂျပု ဖင်ဆောင့်မှာ။
၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာထိ မူးယစ်ဆေးဝါးနဲ့ ဆေးပြားမှု ၃၄၇ မှုတဲ့၊ တကဲ့အတည် ပေါက်။ စိတ်ကြွရူးသွပ်ဆေးပြား(WY) ၂ ဒသမ ၅ သန်းကျော်၊ ICE ၄၉၀၈ ဒသမ ၉၄၇၁ ဂရမ်၊ ဘိန်းဖြူ ၂၈၁၃၀၄ ဂရမ် အပါအဝင် မူးယစ်ဆေးဝါးအများကြီး ဖမ်းမိခဲ့သတဲ့။ အမှန်က ဆေးပြားမှန်သမျှ ခွေးနွားကျချည်းလေ။
မြန်မာနိုင်ငံ နယ်စပ်တလျောက် ဒေါ်လာဘီလီယံချီ လည်ပတ်နေတဲ့ ကျားဖြန့်ကနေ အကျိုးအမြတ်ရနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာဖိအားကို ရင်ဆိုင်နေရတဲ့ စစ်ခွေးအုပ်ဟာ မြဝတီကျားဖြန့်မှာ လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတာလို့လဲ အူထားသေးရဲ့။ အေးလေ ထိုင်းကမလာလို့ ဘယ်ကလာမလဲ။ လက်ခံထားတဲ့ကျားဖြန့်ဂေဟာတွေက ကိုယ့်ဘက်မှာချည်း။ သူ့လက်အောက်ခံ BGFတပ် တရားဝင်အစောင့်အရှောက်နဲ့ အမြီးမြှောက် ချီးပေါက်ထားတဲ့ဟာတွေလေ။
အဲဒါကို KNUနဲ့ ထိုင်းကို အပြစ်ပုံချပြနေတယ်။
အမယ် သံတမန်တွေနဲ့ ကုလကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများကို ရှင်းပြမယ်ဆိုပြီး ကိုယ့်အစိုးရဆီကို ပြန်တင်ပြပေးဖို့ ဝစ်သောက်စောက်ရှက်နဲ့ တောင်းဆိုလိုက်သေး၊ တကယ့်ခွေးဝဲစားတွေ။
"နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့တွေက ကာစီနို၊ အွန်လိုင်းလောင်းကစား စတာတွေကို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေနဲ့အတူ ကျူးလွန်ဆောင်ရွက်နေတာတွေကို တိုက်ဖျက်နေပါတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးသန်းဆွေက ပြောတယ်။ ဒီစကားက BGF, DKBA နဲ့ KNU ကို တချက်ခုတ်နှစ်ချက်ပြတ် ရောကြိတ်လိုက်တာ။ စောချစ်သူတို့ အုပ်စုကိုပါ ဖြဲပြီးသားအကွက်။ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နှစ်နှစ်ကျော်အတွင်း ထိုင်းကနေ တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံက နိုင်ငံခြားသား ၆၇၉၈၂ ဦးကို ပြန်လွှဲပြောင်းပေးခဲ့ပြီလို့အတိအကျဆိုတော့ ဝင်လာတာလဲသိတယ်၊ ကျန်နေတာလဲ အတိအကျ သိတယ်ဆိုတဲ့ သဘောပဲလေ။ ကျန်တဲ့သူတွေက ဘာအတွက် ဥထားတာလဲ။ တလောက အတည်ပေါက်ဝင်စီးလိုက်တဲ့အချိန် မထင်မှတ်ဘဲ ထိန်းချုပ်ထားတာတွေလွတ်သွားလို့ လူတွေ ဘယ်လောက်တိုးထွက်ပြီး တွေ့ရာနေရာ ဝင်တည်းခိုနေကြသလဲဆိုတာ လူတိုင်းသိတဲ့ကိစ္စ။
KK Park မှာ အဆောက်အအုံ ၆၂၅ လုံးရှိတယ်။ ပထမအဆင့် ၁၄၈ လုံး၊ ဒုတိယအဆင့် ၆၂ လုံးနဲ့ တတိယအဆင့် ၄၂၅ လုံး ဖြိုချသွားမယ်လို့ ကြွယ်ထားပေမယ့် တကယ်က အဓိကနေရာတွေကို ချန်ထားတာ ဂြိုဟ်တုဓာတ်ပုံနဲ့အကုန်မြင်နေရ။
အမေရိကန်က ရှယ်ကြိတ်တော့မယ်ဆိုတော့ မအလခွေးတအုပ်ရော စောဆန်းအောင်တို့ရော အရူးချီးပန်း သွေးရူးသွေးတန်းတွေပြောလာကြတယ်။
မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ကျားဖြန့်တွေကို အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို ( FBI )က စုံစမ်းမယ်၊ ကိုလံဘီယာခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေချုပ်ရုံး (U.S. Attorney for the District of Columbia) က တရားစွဲမယ်၊ အမေရိကန် လုံခြုံရေးတပ်ဖွဲ့ ( USSS) က နှိမ်နင်းမယ်၊ သုံးဖွဲ့ပေါင်းပြီး ကျောင်းမှန်းကံမှန်းသိအောင် ကိုင်တော့မယ်။ ရှယ်ကိုင်မှာနော်။ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တခြားအေဂျင်စီတွေ ပူးပေါင်းပြီး ရနိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုပြီး ကျားဖြန့်ရုံတွေကို ပိတ်ဆို့အရေးယူမှု၊ သိမ်းဆည်းမှု၊ ကျားတွေကို တရားစွဲဆိုမှုတွေ လုပ်တော့မယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်ထားတယ်။ စောစောပိုင်းတုန်းက စစ်ခွေးလက်အောက်ခံ BGF စောချစ်သူအုပ်စုနဲ့ ခုလောလောဆယ် ကျားဖြန့်အကျိုးပြုငပုတပ်မတော် DKBA က စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနဲ့စောဆန်းအောင်တို့ကို ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတယ်။ KK park က DKBA နဲ့ပေါင်းပြီး ကျားဖြန့်အရေး ဒို့အရေးလုပ်နေတဲ့Trans Asia၊ Troth Star နဲ့ ထိုင်းနိုင်ငံသား Chamu Sawang တို့ကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူထားတယ်။
ဒီကျားဖြန့်လုပ်ဖို့ အဓိကအချက်က အွန်လိုင်းပဲလေ။ အဲဒါကြောင့် အီလွန်မတ်ကို စတားလင့်တွေပိတ်ခိုင်းနေတယ်။ ဇူဇူကနေ FB နဲ့ အင်စတာဂရမ်ကို ထိန်းချုပ်မယ်။ ခု မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနယ်စပ် သစ်တောဧရိယာအတွင်း တည်ဆောက်ထားတဲ့ တယ်လီကွန်းတာဝါတိုင်တွေကို ဖယ်ရှားဖို့ ထိုင်းလွှတ်တော်ကော်မတီက အစိုးရကို တွန်းအားပေးလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယား ရှိ အွန်လိုင်းကျားဖြန့်ဂိုဏ်းတွေကို ပံ့ပိုးပေးနေတဲ့ တယ်လီကွန်း တာဝါတိုင်အများအပြားကို သစ်တောဧရိယာထဲမှာ တရားမဝင် တည်ဆောက်ထားကြောင်း တွေ့ရှိခဲ့တယ်လို့ ကော်မတီဥက္ကဋ္ဌ ချီဝပ်ချီဝါသမ်က ပြောပါတယ်။
ဝန်ကြီးချုပ် အနုတင်ကတော့ အခုလို တရားမဝင် တည်ဆောက်ထားတဲ့ တာဝါတိုင်တွေကို ချက်ချင်းဖျက်သိမ်းသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေကို ရာဇ၀တ်မှုနဲ့ အရပ်ဘက်ဆိုင်ရာ စွဲချက်တွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
သစ်တောဧရိယာအတွင်း တရားဝင်ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတဲ့ တာဝါတိုင် ၁,၅၀၀ ကျော်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက တွေ့ရှိထားတာကြောင့် တယ်လီကွန်းကုမ္ပဏီတွေနဲ့ NBTC အရာရှိနှစ်ဦးကို အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာကို ဖြေကြားထားပါတယ်။
အဲဒီလိုဆိုတော့ မအလတို့ စစ်ခွေးအုပ်စုက နယ်စပ်ကျားဖြန့်တွေကို အဖျက်ပြ၊ နောက်ဆုံး စောချစ်သူတို့ပါ ဖမ်းပြပြီး သူကတော့ အဓိကကျားဖြန့်တွေကို ရန်ကုန်လို အတွင်းပိုင်းကျတဲ့ မြို့ကြီးတွေဆီ ရွေ့နေကြပြီ။ ကျားဖြန့် တိုက်ဖျက်ဖို့ဟာ စစ်အာဏာရှင် တိုက်ဖျက်ဖို့နဲ့ အချိုးညီတယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေးက သက်သေပြခဲ့ပြီးပြီပဲလေ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar