Breaking News

CBS 60 Minutes ပထမဆုံးအင်တာဗျုး ပေးလိုက်တဲ့ အမေရိကန်သမ္မတကြီး ထရန့် ဘာတွေ ပြောခဲ့သလဲ



CBS 60 Minutes ပထမဆုံးအင်တာဗျုး ပေးလိုက်တဲ့ အမေရိကန်သမ္မတကြီး ထရန့် ဘာတွေ ပြောခဲ့သလဲ
အမေရိကန်သာဂိ (မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၅


သမ္မတထရမ့်သည် တနင်္ဂနွေညတွင် “60 Minutes” အစီအစဉ်တွင် ပါဝင်ခဲ့ပြီး အင်တာဗျုးမေးခွန်းများကို ဖြေခဲ့သည်။ အဆိုပါ ၆၀မိနစ်တွင် ထင်ရှားကြော်ကြားသည့် CBS ဝါရင့် သတင်းထောက် Bill Whittakerက ကမာလာ ဟဲရစ်နှင့် တွေ့ဆုံမေးမြန်းခန်းကို လွန်ခဲ့သည့် တနှစ် ရွေးကောက်ပွဲမတိုင်ခင်က ထုတ်လွှင့်ခဲ့သည်။ ထိုအင်တာဗျူးတည်းဖြတ်မှုအတွက် CBS အစီအစဉ် ကို သမ္မတထရန့် တရားစွဲဆိုခဲ့ပြီးနောက် အခုလိုတစ်နှစ်အကြာတွင် ထရန့်က အင်တာဗျုးခံခြင်းဖြစ်သည်။ သည်တခါတွင် သူ၏ အဖြေများကိုလည်း အချိန်ကန့်သတ်ခက်အရ တည်းဖြတ်ခြင်း ဖြတ် တောက်ခြင်း ပြုမည်ကို သူ ကောင်းစွာ သိရှိကြောင်း ကြိုဝန်ခံထားသည်။

ထို့ကြောင့် အချို့ မေးဖြေများကို ဖြတ်တောက်ပစ်ရန်ကိုပင် သူက အကြံပေးနေသည်ကို တွေ့ကြရသည်။ ဝါရှင်တန် ဒီစီရှိ ရာဇဝတ်မှုများအပေါ် တွေ့ဆုံမေးမြန်းသူ နိုရာ အိုဒေါ်နဲလ်နှင့် အဆင်မပြေသော ဖလှယ်မှုတစ်ခုအပြီး “အဲ့ဒါကို သုံးစရာ မလိုပါဘူး” ဟု ထရမ့် ကပင် မှတ်ချက်ပြုခဲ့သည်။

“ဒါကို ထုတ်လွှင့်စရာ မလိုပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က သင့်ကို အရှက်ရစေချင်လို့ မဟုတ်ပါဘူး” ဟုလည်း ထရမ့်က CBS ၏ ပိုင်ရှင်သစ်များကို ချီးကျူးနေစဉ် နောက်တစ်နေရာတွင် ပြောခဲ့သည်။

သတင်းထုတ်လုပ်သူများက ထိုအခိုက်အတန့်များသည် သတင်းတန်ဖိုးမရှိပါဘူးဟု ကာကွယ်ပြောဆိုခဲ့ကြသည်။ CBS News က အိုဒေါ်နဲလ်၏ ထရမ့်နှင့် တွေ့ဆုံမှု၏ တစ်ဝက်အောက် ခန့် ကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ပြီး၊ ကျန်အများစုကို YouTube တွင် တင်ခဲ့သည်။ CBS က မိနစ် ၉၀ ကြာ တွေ့ဆုံမေးမြန်းခန်း၏ အပြည့်အစုံ မှတ်တမ်းကို အွန်လိုင်းတွင် ထုတ်ဝေခဲ့သည်။

ရုပ်မြင်သံကြား ထုတ်လွှင့်မှုနှင့် မှတ်တမ်းနှစ်ခုစလုံးတွင် ဝါရင့်သတင်းထောက်အိုဒေါ်နဲလ်သည် ထရမ့်နှင့် သူမ၏ တွေ့ဆုံခွင့်ရသည့်အချိန်ကို အကောင်းဆုံး အသုံးချရန် ကြိုးပမ်းခဲ့ကြောင်း ပြသခဲ့ပြီး၊ အမေရိကန်ပြည်သူများအတွက် နေထိုင်မှု ကုန်ကျစရိတ် တိုးမြင့်လာမှု၊ နိုင်ငံခြား မူဝါဒ စိန်ခေါ်မှုများ၊ အစိုးရ ပိတ်သိမ်းမှုနှင့် အခြား အကြောင်းအရာများအပေါ် ဖိအားပေးပြီး မေးခွန်းများမေးခဲ့သည်။

အိုဒေါ်နဲလ်က စူးရှထက်မြက်သော မေးခွန်းများတွင် - “ကျွန်ုပ်တို့ ဗင်နီဇွဲလားနှင့် စစ်ပွဲ ဆင်နွှဲမှာလား။” “လူဝင်မှုကြီးကြပ်ရေစစ်ဆင်ရေးတွေလုပ်နေတာ အားလုံးအောင်မြင်ပါပြီလို့ - မစ်ရှင်တွေ ပြီးဆုံးပြီ ဟု ဘယ်တော့ ကြေညာမည်နည်း။” “အမေရိကန် မြို့များထဲ စစ်တပ်များကို ဆက်လက် စေလွှတ်ဦးမှာလား” စသည်တို့ ပါဝင်သည်။

အဓိက အခိုက်အတန့်နှစ်ခုတွင်၊ အိုဒေါ်နဲလ်က ထရမ့်၏ ပြောဆိုချက်များကို ငြင်းချက်ထုတ်ခဲ့သည်၊ ဥပမာ၊ “စတော့ဈေးကွက် ကောင်းတာက သာမန်လူတိုင်းအတွက် အဆင်ပြေတယ်လို့ ယူဆလို့ မရပါဘူး” ဟု ပြန်လှန် ထောက်ပြခဲ့သည်။

ထရမ့်သည် သောကြာနေ့တွင် “60 Minutes” နှင့် ထိုင်တွေ့ဆုံခဲ့ပြီး၊ သူ ကမာလာ ဟဲရစ်နှင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံမေးမြန်းခန်းအတွက် CBS News ကို တရားစွဲဆိုခဲ့သည့် တစ် နှစ်ပြည့်နေ့ ဖြစ်သည်။ ပညာရှင်အများစုက တရားစွဲဆိုမှုကို အဓိပ္ပာယ်မရှိဟု ယူဆခဲ့ကြသည်။ CBSက အဆိုပါ တရားစွဲမှုကို လျော်ကြေး ဒေါ်လာသန်းချီပေးပြီး ကြေအေးခဲ့သည်။

လစ်ဘရယ် သုံးသပ်သူများက မှတ် ချက် ပေးရာတွင် - အိုဒေါ်နဲလ်က ထရမ့်ကို အခုထက် ပိုပြီး စကားဝင်ဖြတ်ပြီး ထောက်ပြမှုများ ပေးသင့်သည်ဟု ဆိုကြပါသည်။ မီဒီယာ လုပ်ငန်း အသိုင်းအဝိုင်းအတွင်း ဆယ်စုနှစ်တစ်ခု ရှိပြီးသား ထရန့်နှင့်ပတ်သက်သည့် ငြင်းခုန်မှုများကို ပြန်လည် အသက်သွင်းခဲ့သည်။ ထရမ့်ကို မည်သို့ တွေ့ဆုံမေးမြန်းရမည်နည်း။

“နိုရာ က ထရမ့်ကို လိမ်ညာခွင့် ပေးခဲ့ပြီး ထရန့်က မုသာဝါဒတွေ မိုးလုံးပြည့် ပြောခွင့် ရလိုက်တယ်။ တန်ပြန်ပြီးတော့ နည်းနည်းလေး ဆန့်ကျင်မှု သို့မဟုတ် ပြင်ဆင်ချက် အချက်အလက်များ မပေးခဲ့ပါဘူး” ဟု ယခင် MSNBC ၏ တင်ဆက်သူဟောင်း ဂျွိုင်း ရီးဒ်က Bluesky တွင် မှတ်ချက်ပြုခဲ့သည်။

သို့သော် ထရန့်စိတ်တိုင်းကျ ချောမွေ့သော တွေ့ဆုံမေးမြန်းခန်း မဟုတ်ခဲ့ပါ။ အိုဒေါ်နဲလ်၏ မေးခွန်းများက သတင်းရေးစရာတွေအဖြစ် ဖန်တီးခဲ့သည်။ လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သော ကလစ်တစ်ခုတွင်၊ ထရမ့်က အမေရိကန်တွင် လူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုများ "အခုလုပ်တာထက် ပိုတောင် လုပ်သင့်တယ်၊ နဲတောင် နဲသေးတယ်” ဟု ပြောခဲ့သည်။ နောက်ထပ်ကလစ်တစ်ခုတွင်၊ ထရမ့်က လွန်ခဲ့သောလက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သော Binance တည်ထောင်သူအကြောင်း မေးခဲ့ရာတွင် “သူ ဘယ်သူမှန်း မသိပါ” ဟု ရှောင်လွဲ၍ ပြောခဲ့သည်။

အိုဒေါ်နဲလ်က “နေထိုင်မှု ကုန်ကျစရိတ် တိုးမြင့်လာမှုနှင့် ခံစားနေရသူများက တလစာ တလသုံးပြီး မနည်း ဖြေရှင်း နေနေရကြောင်း ပြောခဲ့ရာ ထရမ့်က ဘာမှာ ပြန်မပြောခဲ့ချေ။ သူက လူများကို သူ၏ ရှေ့ကသမ္မတ ဂျိုး ဘိုင်ဒင်ကို အပြစ်တင်ရန် အကြံပြုခဲ့ပြီး၊ ဓာတ်ဆီ ဈေးနှုန်း လျှော့ချရေးနှင့် ကျန်းမာရေး ပြုပြင်ရေး အတွက် လုပ်နေကြောင်း ယေဘူယျဆန်သော ကတိများ ပေးခဲ့သည်။

“သို့သော် သမ္မတကြီး၊ လေးစားစွာ ထောက်ပြရလျှင်၊ ကျန်းမာရေးအာမခံအစီအစဉ်ကို ပြုပြင်ပြောင်းလဲပေးမည်ဟု ၂၀၁၅ ခုနှစ်ကတည်းက ပြောနေခဲ့တာ ခုထိ ဘာမှ ပေါ်မလာပါဘူး” ဟု အိုဒေါ်နဲလ်က တန်ပြန်ထောက်ပြခဲ့သည်။

“ဟုတ်ပါတယ်။ ဒီမိုကရက်တွေ ကြောင့် မလုပ်နိုင်ပါဘူး” ဟု ထရမ့်က တုံ့ပြန်ခဲ့သည်။

ထရန့်က သူ့ကို ကြေအေးရန် ငွေပေးသော CBS ပိုင်ရှင်များနဲ့ အသစ်ခန့်လိုက်သော လက်ယာစွဲသတင်းအယ်ဒီတာချုပ်ကို ရှည်လျားစွာ ချီးကျုးပြောဆိုနေခဲ့သည်။ တနင်္ဂနွေနေ့ “60 Minutes” တွေ့ဆုံမေးမြန်းခန်းသည် ထရမ့်က ၂၀၂၀ ခုနှစ်ကတည်းက မီဒီယာကြီးများနဲ့ တွေ့ဆုံမေးမြန်းခန်း လက်ခံခြင်း မရှိခဲ့သဖြင့် ပို၍ ထင်ရှားခဲ့သည်။ CBS က Skydance Media နဲ့ ပေါင်းစပ်ရန် ချောမွေ့စေရေးအတွက် မိခင်ကုမ္မဏီဖြစ်သော Paramount က ထရန့်၏ တရားစွဲဆိုမှုများကို ဒေါ်လာ ၁၆ သန်း ပေးချေခဲ့ခြင်းကို လူအများက သတိရစေသည်။ ထရန့်ထောက်ခံသူ Oracle ထူထောင်သူထဲက တဦး Larry ၏ သား ဒေးဗစ် အဲလီဆန်က CBS ကို ပိုင်ဆိုင်မှု လွှဲပြောင်းယူခြင်းဖြစ်ရာ CBS သည် ထရန့်တို့လို လက်ယာစွဲများ ရှေးရိုးစွဲများနဲ့ ပိုနီးကပ်သွားပြီဟု ရှုမြင်မှုများ ကို သတိရလာစေသည်။

အဆိုပါ အပေးအယူသည် CBS ရှိ သတင်းထောက်များနှင့် ဖျော်ဖြေရေး ပညာရှင်များ အပါအဝင် ၏ ကျယ် ပြန့် စွာ ဝေဖန်ခြင်းကို ခံခဲ့ရသည်။ “The Late Show” ဟာသသရော် အစီအစဉ် တင် ဆက် သူ စတီဖင်ကိုလ်ဘတ်က ၎င်းကို “ကြီးမားသောလာဘ် ပေးမှု” ဟု နှိုင်းယှဉ်ခဲ့သည်။ (ကိုလ်ဘတ်၏ အစီအစဉ်ကို မကြာမီပယ်ဖျက်ခဲ့ပြီး၊ CBSက ငွေကြေး ဆိုင်ရာ ကြော်ညာမရလို့ဟု ဆိုခဲ့သော်လည်း အများက နိုင် ငံရေး ဘက်လိုက်သည့်ဆုံးဖြတ်ချက်အဖြစ် ဝေဖန်ခဲ့ကြသည်)

CBS က တနင်္ဂနွေည ထုတ်လွှင့်သော တွေ့ဆုံမေးမြန်းခန်း နိဒါန်းတွင် CBS ၏ အပေးအယူလုပ်ခဲ့မှု ဖော်ပြခဲ့သည်။ အိုဒေါ်နဲလ်က ထရန့်ကို စီဘီအက်စ်က ငွေပေးကြေအေးခြင်းမှာ မိမိတို့ဘက်က မှားလို့ တောင်းပန်သည့်သဘော ဝန်ခံသည့်သဘော လုံး၀မရှိဘူးလို့ အငြင်းစကားကို ထုတ်ပြောခဲ့သည်။ သို့သော်လည်း ထရန့်ကတော့ ဒေါ်လာ ၁၆ သန်း ရပြီး CBS ကတော့ သူတို့ဖြစ်ချင်သည့် စီးပွားရေးစာချုပ်တခု ချောချောမောမော အနှောက်အယှက်မရှိ လုပ်နိုင်ခဲ့သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar