Breaking News

မောင်တူး - ဗိုလ်မှူးချုပ်ကျော်ဇော ၁၀၆ နှစ်ပြည့်

မောင်တူး - ဗိုလ်မှူးချုပ်ကျော်ဇော ၁၀၆ နှစ်ပြည့်

မိုးမခ ၊ ဒီဇင်ဘာ ၅ ၊ ၂၀၂၅


နယ်ချဲ့ ဖက်ဆစ်၊ တိုက်ထုတ်ပစ်သူ

တရုတ်ဖြူလည်း၊ သူပဲတိုက်သည်

တပ်နီတပ်မှူး၊ တော်လှန်ထူးလှ

လေးစားရသော၊ ဗိုလ်ကျော်ဇောအား

မွေးဖွားခဲ့တာ၊ တရာကျော်သစ်

ခြောက်နှစ်ပြည့်တည့်၊ ရှိလေဘိလည်း

သတိရနေဆဲပါတကား။ ။


ဗိုလ်မှူးချုပ် ကျော်ဇောကို ပဲခူးတိုင်း သုံးဆယ်မြို့နယ် ဆိုင်းစုရွာမှာ ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က မွေးခဲ့တယ်။ ၂၀၂၅ ဒီဇင်ဘာ ၃ မှာ သက်ရှိထင်ရှားနေဦးမယ်ဆိုရင် ၁၀၆ နှစ် ရှိပါပြီ။ ငယ်စဉ်ကတည်းက သူ့ရဲ့အကြောင်းကို ကြားနေ သိနေတာက သူရဲကောင်းတဦး အဖြစ်ပေါ့။ ကျနော်တို့ မုန်းလှတဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်းက သူ့ကို ရာထူးက ဖြုတ်လိုက်လို့ စစ်ထောက်လှမ်းရေးတွေက စောင့်ကြည့်နေတဲ့ကြားက ဗမာပြည်ကွန်မြူနစ်ပါတီကို ရောက်အောင် သူက တောခိုသွားနိုင်ခဲ့သူပေါ့။ မိသားစုလိုက်တောင် ခေါ်သွားနိုင်ခဲ့တယ်။ ကျနော်တို့ တော်လှန်အားသစ် လူငယ်တွေအတွက်ကတော့ သူဟာ သူရဲကောင်းကြီးပါ။


နယ်ချဲ့ဆန့်ကျင်၊ တိုက်ပွဲဝင်သူ


ဖက်ဆစ်ဂျပန်၊ တော်လှန်ခဲ့သူ။

ကျူးကျော်တရုတ်၊ တိုက်ထုတ်ခဲ့သူ။

တော်လှန်တပ်မတော်၊ ဖော်ဆောင်ရာမှာ

ဦးဆောင်ပါသူ။


မှိုင်းနဲ့အတူ၊ ချိုးဖြူလွှတ်သူ

ခေတ်အဆက်ဆက်၊ ပြည်သူ့ဖက်က

လက်နက်ကိုင်သူ။


ထိုသူသည်ကား . . .

ဘဝတပါးသို့၊ ပြောင်းသွားခဲ့ပြီ

ကြယ်နီအဖြစ်၊ မိုးပြာမြင့်သို့

လွင့်တက်သွားပြီ။

ထိုကြယ်နီသည်

ကမ္ဘာတည်သရွေ့၊ မြန်မာပြည်အတွက်

ကြယ်နီလမ်းပြ ဖြစ်စေသတည်း။ ။

မောင်စွမ်းရည်

("ကွယ်လွန်သူ ဗိုလ်ကျော်ဇောသို့" ကဗျာက စာသားတချို့)


မြန်မာ့လွတ်လပ်ရေးသမိုင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်ပြည် ကူမင်းဆေးရုံမှာ အသက် ၉၃ နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ အခုဆိုရင် သူ ကွယ်လွန်သွားခဲ့တာဟာလည်း ၁၃ နှစ် ရှိပြီပေါ့။


ဗိုလ်ကျော်ဇော ဘာတွေ ပြောခဲ့သလဲ

ဗိုလ်မှူးချုပ်ကျော်ဇောက တပ်မတော်နေ့ဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ဖြစ်တယ်လို့ ကျနော်တို့ DVB သတင်းဌာနကို ပြောခဲ့တာ မှတ်မိနေပါတယ်။ သူနေထိုင်ရာ တရုတ်ပြည်ကို DVB သတင်းထောက်တဦး သူ မကွယ်လွန်မီက သွားရောက် အင်တာဗျူးခဲ့တာကို သူက ဖြေကြားခဲ့တာပါ။ မတ်လ ၂၇ ဟာ တော်လှန်ရေးနေ့သာ ဖြစ်တယ်လို့လည်း ဗိုလ်ကျော်ဇောက ပြောခဲ့ပါတယ်။

ကဗျာဆရာကြီး မောင်စွမ်းရည်ကလည်း “တော်လှန်ရေးနေ့ကို ဗိုလ်နေဝင်းက တပ်မတော်နေ့အဖြစ် အပိုင်ယူထားတယ်။ အမှန်က ၁၉၄၁၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဗမာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တာပါ။ ဗိုလ်နေဝင်းက တော်လှန်ရေးနေ့ကို ဖျောက်ဖျက်ချင်တာကြောင့် တကြောင်း၊ သူ့မိတ်ဆွေ ဂျပန်တွေ ကြိုက်အောင် ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ မှေးမှိန်သွားစေချင်တာကြောင့်တကြောင်း မတ်လ ၂၇ တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ပစ်ခဲ့တာပါ” လို့ မိုးမခအင်တာနက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောကလည်း DVB အင်တာဗျူးမှာ “ကျနော်တို့ ရဲဘော်သုံးကျိပ် ဂျပန်ကနေ စစ်ပညာသင်ပြီး ပြန်လာလို့ ဘန်ကောက်ရောက်တဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ဗမာ့တပ်မတော်ကို စတင်ဖွဲ့စည်းတယ်။ ဗမာဘုရင်တွေ လက်ထက်ကတည်းက ပျက်သွားရတဲ့ တပ်မတော်ကို ပြန်စဖွဲ့ကြရတော့ အားလုံးဝမ်းသာကြတယ်။ အဲ့သည်မှာ လက်မောင်းသွေးဖောက် သောက်ကြပြီး ကကြခုန်ကြ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဝိုင်းချီမ ကြတယ်။ ပျော်ကြတယ်။ နောက်နေ့ကျတော့ တပ်ထွက်ကြတယ်။ ကျနော်တို့လည်း မျက်ရည်ကျမိတယ်။ တကယ်ဆို မတ်လ ၂၇ ရက်က တပ်မတော်နေ့ မဟုတ်ပါဘူးဗျာ။ မတ် ၂၇ က ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်ကသာ တပ်မတော်နေ့ပါ။”

ဒီအတိုင်းဆို ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့အပြီး နောက်တနေ့ဟာ တပ်မတော်နေ့ပေါ့။ မကြာမီ ဤနေ့ရက်ကို ကျရောက်လာတော့မည်။ စစ်တပ်ဟာ ကိုယ့်ကို စတင်ဖွဲ့စည်းခဲ့တဲ့ နေ့ရက်မြတ်ကြီးကိုတောင် လိမ်ထားပါလား။ ချင်း(ဂျင်း)ထည့်ထားပါကလား။ ဗိုလ်ကျော်ဇောက အမှန်ကို ပြောခဲ့တာပါလား။ ဗိုလ်ကျော်ဇောရဲ့ ကျေးဇူးကြီးစွ။


အခုခေတ် တပ်မတော်က

တိုင်းသူပြည်သားတို့အပေါ်မှာ

တော်တော် မလေးမစား လုပ်လာတဲ့အခါ

ကျနော်တို့ တော်တော် စိတ်ဆင်းရဲရပါတယ်။ ။

ဗိုလ်မှူးချုပ် ကျော်ဇော


ဗိုလ်ကျော်ဇောကို ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ဆိုင်းစုကျေးရွာမှာ ဦးပန်း၊ ဒေါ်တင့် မိဘနှစ်ပါးက မွေးခဲ့ပါတယ်။ နာမည်ရင်း မောင်ရွှေ ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဖြစ်ချိန်ကျမှ ဗိုလ်ကျော်ဇော အမည်ကို ခံယူခဲ့တာပါ။ မြန်မာဗုဒ္ဓဘာသာဝင် ဖြစ်ပြီး သုံးဆယ်မြို့ အထက်တန်းကျောင်းမှာ အထက်တန်းအဆင့်အထိ ပညာသင်ယူခဲ့တယ်။ သာယာဝတီမြို့ တိုင်းရင်းမြန်မာကျောင်း ကျောင်းအုပ် တာဝန်ထမ်းခဲ့တယ်။

နယ်ချဲ့ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ပြီး တို့ဗမာအစည်းအရုံးဝင် သခင်တဦးပါ။ ဂျပန်နိုင်ငံကို စစ်ပညာသင်ဖို့ စေလွှတ်တဲ့ မြန်မာလူငယ် ဒုတိယအသုတ်နဲ့အတူ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်က ရန်ကုန်ကထွက်ခွာပြီး ဧပြီလ ၂၈ ရက်မှာ ဂျပန်နိုင်ငံ အိုဆာကာမြို့ကို ဦးစွာ ရောက်ရှိတယ်။ အဲ့သည်ကနေ တိုကျိုကိုသွား၊ တိုကျိုက ဟိုင်နန်ကျွန်းဆီ မေလ ၁၀ ရက်မှာ ရောက်ရှိတယ်။ ဟိုင်နန်ကျွန်းနဲ့ ထိုင်ဝမ်ကျွန်းမှာ စစ်ပညာ သင်ယူခဲ့ရတယ်။ စစ်ပညာသင်တန်းတက်ချိန် ဂျပန်အမည်က တာနီငုချိ ရှင်အိချိ ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တပ်မတော်စဖွဲ့တော့ ဗိုလ်အမည် ခံယူကြတဲ့အခါ ဗိုလ်ကျော်ဇော ဖြစ်လာတယ်။

သူဟာ တပ်မတော်အတွင်း ရဲဘော်တွေနဲ့ တန်းတူသာ နေထိုင် စားသောက်ပြီး အခွင့်ထူး မယူတတ်သူ ဖြစ်တယ်လို့ ကျော်ကြားပါတယ်။ သူ စစ်ဆင်ရေးမှူးဘဝမှာ အလုပ်အရေးကြီးလို့ ထမင်းယူတဲ့အခါ တန်းမစီဘဲ ရှေ့ကနေ ဖြတ်ဝင်ယူတာကို ထမင်းပေးတာဝန်ခံ တပ်ကြပ်က နောက်မှာ ပြန်တန်းစီခိုင်းခဲ့တာကို ဗိုလ်ကျော်ဇောက စိတ်မဆိုးခဲ့ပါဘူး။ မင်းမှန်တယ်။ ငါမှားတယ်ဆိုပြီး နောက်ကနေ ပြန်တန်းစီပါသတဲ့။ ဗိုလ်နေဝင်းတို့ဆို ဒေါသတကြီးနဲ့ ထိုးကြိတ်ပစ်လိုက်မှာပေါ့။ ဒါကြောင့် ဗိုလ်ကျော်ဇောကို လေးစားကြည်ညိုသူတွေ တပ်ထဲမှာ အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ဗိုလ်နေဝင်းက တပ်ကနေ ဖြုတ်ထုတ်တော့ စိတ်မကောင်းကြတဲ့ တပ်မှူး တပ်သားတွေ များပြားခဲ့ပါသတဲ့။ ဒါကြောင့် ဗိုလ်ကျော်ဇောဟာ သူ မကွယ်လွန်ခင် အချိန်ကလေးမှာ စစ်တပ်ဟာ တိုင်းပြည်ကို အပေါ်စီးကနေပြီး အနိုင်ကျင့် ဗိုလ်ကျနေတာကို သိရှိသွားတဲ့အခါ အခုလို သတိပေး ပြောကြားသွားခဲ့ဖူးပါတယ်။


တပ်မတော်သာ အမိ၊

တပ်မတော်သာ အဖလို့ မပြောကြပါနဲ့။

ပြည်သူသာ အမိ

ပြည်သူသာ အဖလို့သာ ပြောကြပါ။ ။


ဗိုလ်မှူးချုပ်ကျော်ဇော

ဘန်ကောက်မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ တပ်မတော်ကြီး ဖွဲ့စည်းတည်ထောင်အပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စစ်ဌာနချုပ် စစ်ကြောင်းနဲ့ မော်လမြိုင် စစ်ကြောင်းအတိုင်း မြန်မာနိုင်ငံအတွင်း ချီတက်လို့ ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့တယ်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက် ဘီအိုင်အေ ဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ဖွဲ့စည်းရာမှာ ဗိုလ်ကျော်ဇောဟာ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့တယ်။

၁၉၄၄ ခုနှစ် ဩဂုတ်လ ၂၃ ရက် ဗိုလ်ချုပ်အောင်ဆန်း အိမ်မှာလုပ်တဲ့ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးကို တက်ရောက်ခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်က ၃ ရက်အထိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်က ဖဆပလ အစည်းအဝေးကို တက်ရောက်ခဲ့တယ်။ အဲသည်အစည်းအဝေးဟာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ဖို့ အစီအစဉ်တွေ ချမှတ်တဲ့ အစည်းအဝေးပါ။ ဖက်ဆစ်တော်လှန်ရေးကာလမှာ ဗိုလ်ကျော်ဇောဟာ တိုင်း (၄) ပဲခူး ရွှေကျင် သထုံ တိုင်းမှူး တာဝန်ယူပြီး ဖက်ဆစ် ဂျပန်တွေကို တော်လှန်တိုက်ခိုက်ခဲ့တာပါ။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ သီဟိုဠ်နိုင်ငံ ကန္ဒီမြို့ဆီ သွားရောက်ရာမှာ အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ရတယ်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ဘီဒီအေကို ဖျက်သိမ်းပြီး ဗမာ့တပ်မတော် ပြန်လည်ဖွဲ့စည်းတဲ့အခါ ဒုဗိုလ်အဖြစ် ပါဝင်ခဲ့ပြီး ဗမာ့တပ်မတော်မှာ ၁၉၄၈ ခုနှစ်အရောက် မြောက်ပိုင်းတိုင်း တိုင်းမှူး တာဝန်ယူခဲ့သလို ၁၉၄၉ ခုနှစ်ကျတော့ တောင်ပိုင်းတိုင်း တိုင်းမှူး တာဝန်ယူခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ မြန်မာစစ်မစ်ရှင်အဖွဲ့ ဒုတိယခေါင်းဆောင် တာဝန်နဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ်၊ နော်ဝေ၊ ဆွီဒင်၊ ယူဂိုစလားဗီးယား နိုင်ငံတွေဆီ သွားခဲ့တယ်။


ဘဝဆက်တိုင်း

ဗိုလ်ချုပ်ကျော်ဇောလို

ရိုးသားဖြောင့်မတ်၊ ရဲရင့်တည်ကြည်တဲ့

စစ်သားကြီးတဦးထံမှာ

တပ်သားတဦးမဖြစ်တောင်

ရဲဘော်မိတ်ဆွေတဦး၊

ငြိမ်းချမ်းရေးတပ်သားတဦး ဖြစ်ခွင့်ရပါစေသတည်း။ ။

မောင်စွမ်းရည်


ဗိုလ်ကျော်ဇောဟာ ၁၉၅၃ ခုမှာ မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာတယ်။ ၁၉၅၄ ခုနှစ်ကျတော့ တရုတ်ဖြူ ကျူးကျော်တပ် (ကူမင်တန်) တွေကို ဘုရင့်နောင် စစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့သလို ၁၉၅၅ ခုနှစ်မှာလည်း ရန်ကြီးအောင် စစ်ဆင်ရေးနဲ့ တိုက်ခိုက် ချေမှုန်းခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာလည်း စစ်ဘက် ချစ်ကြည်ရေး မိတ်ဆက်အဖွဲ့ အဖွဲ့ဝင်အနေနဲ့ တရုတ်ပြည်ကို သွားခဲ့တယ်။ ၁၉၅၇ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အသက် ၃၉ နှစ်အရွယ်မှာ တပ်မတော်က အငြိမ်းစားအပေးခံခဲ့ရတယ်။ ဗိုလ်ချုပ်ကျော်ဇော်ဟာ လွတ်လပ်ရေး တိုက်ပွဲကာလမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ စတင်ခဲ့တယ်။ ၁၉၄၅ ခုနှစ် ဒုတိယအကြိမ်မြောက် ဗကပကွန်ဂရက်မှာ ပါတီ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့ပြီး လွတ်လပ်ရေးရပြီး လပိုင်းအတွင်း ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက် ဗကပ တောခိုတော့ မလိုက်သွားဘဲ တပ်မတော်မှာ ဆက်နေခဲ့လို့ ဗကပ က ပါတီက ထုတ်ပယ်ပစ်ခဲ့တယ်။ ၁၉၅၆ ခုနှစ်ကျတော့ ဗမာ့တပ်မတော်က အောင်မာဃ စစ်ဆင်ရေးဆင်နွှဲနေချိန် ဗကပ ဌာနချုပ်ဆီကို ရဲဘော်ကြီးမြင့်နဲ့ ဗိုလ်ကျော်ဇောတို့ ပေးပို့ခဲ့တဲ့ စစ်ဆင်ရေး ထိပ်တန်းလျှို့ဝှက်သတင်းတွေပါတဲ့ စာရွက်စာတမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုတယ်။ အဲဒီကိစ္စကြောင့် ၁၉၅၇ ခုနှစ် မတ်လမှာ ဗိုလ်ကျော်ဇောကို တပ်မတော်ကနေ ထုတ်ပစ်ခဲ့တယ်။


အောင်ဆန်းက ယုံကြည်သူ

အောင်ဆန်းက အားထားသူ

ဒီလိုလူကို ဗိုလ်နေဝင်းက

ခေတ္တခဏပဲ၊ အသုံးချခဲ့တယ်။

သူ့လူတွေ တိုက်မရတဲ့

နယ်စပ်က ကျူးကျော်သူ

တရုတ်ဖြူစစ်ရန်ကို

ဗိုလ်ကျော်ဇောအား တွန်းလှန်စေခဲ့တယ်။

တရုတ်ဖြူကို အောင်နိုင်ပွဲ၊

ဗိုလ်ကျော်ဇောရဲ့ အောင်ပွဲ

တပ်မတော်ရဲ့ အောင်ပွဲဟာ

ဗိုလ်နေဝင်းရဲ့ အောင်ပွဲ ဖြစ်ခဲ့ပြီ၊

တော်ပြီ၊ တန်ပြီ၊ ဟန်ပြီ

တိုက်စရာတွေ ကုန်ပြီ။

ကဲ… ဗိုလ်ကျော်ဇော သွားတော့၊

မင်းသွား၊ မင်း နားချေတော့။

ဗိုလ်ကျော်ဇောကို တပ်က ထုတ်တော့

တပ်အပြင်မှာ ကုပ်၊ မြုပ်မသွားခဲ့ဘူး။

တပ်မတော် စစ်သားက

ငြိမ်းချမ်းရေး စစ်သားတဲ့

ပြည်သူတွေကြားမှာ ဘွားခနဲ ပေါ်ထင်

ဗမာပြည်တခွင် ငြိမ်းချမ်းရေးခရီးစဉ်မှာ

သဘင်သည်လည်း ပါ၊ စာရေးဆရာတွေလည်း ပါ

အလုပ်သမား၊ လယ်သမားနဲ့

နိုင်ငံရေးသမားတွေ ပါတယ်။

(မောင်စွမ်းရည်) (မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၉

ဗိုလ်မှူးချုပ်ကျော်ဇောရာပြည့်အမှတ်တရပူဇော်ကဗျာ မှ . . .


ဗိုလ်ကျော်ဇောဟာ ၁၉၆၀ ပြည့်နှစ် တတိယအကြိမ် ပါလီမန်လွှတ်တော် ရွေးကောက်ပွဲမှာ ရန်ုကုန်မြို့ ကြည့်မြင်တိုင် တောင်ပိုင်း မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအမတ်လောင်း ဝင်ရွေးခဲ့သေးပေမဲ့ အရွေးမခံခဲ့ရဘူး။

၁၉၇၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ တရုတ်နယ်စပ်ကို တောခိုသွားပြီး ဩဂုတ်လ ၁၀ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပနဲ့ ပူးပေါင်းသွားခဲ့တယ်။ ၁၉၇၆ နိုဝင်ဘာလ ဗကပဌာနချုပ်မှာ စစ်ဘက်အကြံပေးနဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ အဲသည်နောက် ဗကပ ဗဟိုစစ်ဦးစီးဌာန၊ ဗဟိုစစ်ကော်မရှင်မှာ ပထမ၊ ဒုတိယ ဥက္ကဋ္ဌ တာဝန်တွေ ရရှိလာတယ်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က ဗိုလ်ကျော်ဇောဟာ တရုတ်ပြည် ကူမင်းမြို့မှာ အသက် ၉၃ နှစ်အရွယ်က ကွယ်လွန်ခဲ့ပါတယ်။


ရွှေတိဂုံကို၊ ဖူးမြင်လို၏

ပြန်ချင်သည့်စိတ်၊ သူယိုဖိတ်လည်း

ကျမ္မာမွဲလှ၊ ပြန်မရမီ

ကွယ်လွန်သည်မို့၊

မျက်ရည်စို့ခဲ့ကြတကား။ ။


ဗိုလ်မှူးချုပ်ကျော်ဇော မကွယ်လွန်မီလေးက သူ့ကို ဘာဖြစ်ချင်ပါသလဲလို့ မေးကြတဲ့အခါ ရန်ကုန်က ရွှေတိဂုံစေတီတော်ကြီးကို ဖူးချင်တယ်လို့ ပြောသတဲ့။ ဗကပ ကွန်မြူနစ်ဆိုရင် ဘုရားမရှိ တရားမသိသူတွေ ဆိုပြီး စစ်တပ်က အမြဲ ဝါဒဖြန့်နေကြတာပါ။ အခုတော့ ကွန်မြူနစ် ဗိုလ်ချုပ်က ရွှေတိဂုံကို ဖူးချင်ခဲ့တာပါ။ အဲသည်အချိန်က ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရလက်ထက်မို့ ဗိုလ်ကျော်ဇော ပြန်လာရင် လက်ခံဖို့ ရှိပါတယ်။ ဗိုလ်ကျော်ဇော ရေးသားတဲ့ စာအုပ်တွေကိုတောင် ထုတ်ဝေခွင့် ပေးနေပြီလေ။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။ ပြန်မလာနိုင်ခင် တရုတ်ပြည်မှာပဲ ကွယ်လွန်သွားခဲ့တော့တယ်။

ဗိုလ်ကျော်ဇော ရေးသားခဲ့တဲ့ စာအုပ်တွေ

ဗိုလ်ချုပ်ကျော်ဇောဟာ အတွေ့အကြုံ ဗဟုသုတ အမှတ်တရ စာပေတွေကိုလည်း ရေးသားထုတ်ဝေခဲ့ရာမှာ ၁၉၅၇ ခုနှစ်က “ပြည်တွင်း ငြိမ်းချမ်းရေးသဘောထားနှင့် လက်ရွေးစင် မိန့်ခွန်းများ”၊ ၁၉၅၉ ခုနှစ်မှာ “ဖက်ဆစ်တော်လှန်ရေး”၊ ၁၉၅၉ ခုနှစ်က “ရွေးကောက်ပွဲ ရှင်းတမ်း”၊ ၁၉၆၀ ပြည့်နှစ်မှာ “ဖက်ဆစ်တော်လှန်ရေး၊ ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး”၊ ၁၉၆၁ ခုနှစ်ကျတော့ “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” စတဲ့ စာအုပ်တွေကို ရေးသားပြုစု ထုတ်ဝေခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ အမေရိကန်နိုင်ငံအခြေစိုက် ဓူဝံစာပေကနေ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို ထုတ်ဝေခဲ့တယ်။ နောက်ပိုင်းမှာ ဒီစာအုပ်ကို ပြည်တွင်းမှာလည်း ပြန်ထုတ်သေးတယ်။ ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ကလည်း ဗိုလ်ကျော်ဇော ရာပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ကျော်ဇော၏စစ်ရေးအမြင်များ အတွဲ (၁) ကို ထုတ်ဝေခဲ့ပါတယ်။


ကျနော်တို့ပြည်သူတွေ မတရားမှု၊

ဖိနှိပ်မှုမျိုးစုံကို အလျှော့မပေးဘဲ၊

တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက်၊

ဆက်လက်တိုက်ပွဲဝင်နေကြတာကို

မပြတ်ကြားသိနေရတဲ့အတွက်

အဲသလို ပြည်သူမျိုးအတွက်တော့ ကျနော်တို့

အလွန်ဂုဏ်ယူပြီး အားရကျေနပ်မှုလည်းရှိပါတယ်။

ဆက်လက်ပြီးတော့လည်း မလျှော့စတမ်း

ဇွဲနဲ့ကြိုးစားအားထုတ်ကြပါလို့ အားပေးမှာကြားချင်ပါတယ်။

မိမိတို့အချင်းချင်းကြားလည်း စည်းလုံးညီညွတ်ကြပါ။

သဘောထားကြီးကြပါလို့ ပြောပါရစေ

(ဗိုလ်ကျော်ဇောရဲ့ နောက်ဆုံး (၂၀၀၉ ဒီဇင်ဘာ-၃ ရက် အသက် ၉၀ ပြည့်နေ့က) တိုင်းပြည်သို့ အမှာစကား


ဗိုလ်ကျော်ဇော ၁၀၆ နှစ်ပြည့် မွေးနေ့

ဗိုလ်ကျော်ဇောဟာ ရဲဘော်သုံးကျိပ်ဝင် ဖြစ်သလို လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတဦးပေါ့။ တရုတ်ဖြူကျူးကျော်စစ်ကိုလည်း ဦးစီး တိုက်ထုတ်ခဲ့သလို မဆလ အာဏာရှင်နဲ့ ၈၈၈၈ နောက်ပိုင်း နဝတ နအဖ စစ်အစိုးရတွေကိုလည်း တိုက်ပွဲဝင်ခဲ့သူပါ။ အထူးသဖြင့် သူဟာ ပြည်သူ့အင်အားကို လေးစားတဲ့ ခေါင်းဆောင်ဖြစ်သလို မြန်မာပြည်ရဲ့ စစ်တပ်ကိုလည်း ပြည်သူအားကိုးရတဲ့တပ် ဖြစ်စေချင်ခဲ့သူပါ။ ဒီလို သူ့ရဲ့ဂုဏ်ပုဒ်တွေကို တင်ပြရရင် ဆုံးနိုင်ဖွယ် မထင်ပါဘူး။ သေချာတာကတော့ သူ့ရဲ့ ၁၀၆ နှစ်ပြည့် မွေးနေ့တိုင် သူ့ကို မမေ့နိုင်ကြသေးတာပါပဲ။  ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar