စစ်တပ်ရဲ့ စစ်ကြောင်း မြစ်ခြေမြို့ တလကြာဝင်ပြီးနောက် အရပ်သားဒါဇင်နဲ့ချီ သတ်ဖြတ်ခံထားရ၊ စစ်ကိုင်းမြို့ လဝက ရုံးထဲ ဗုံးကွဲပြီး ၂၀ ကျော်ဒဏ်ရာရ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၅ မြင်ကွင်း
(မိုးမခ) ဇွန် ၆ ၊ ၂၀၂၆
စစ်တပ်ရဲ့ စစ်ကြောင်း မြစ်ခြေမြို့ တလကြာဝင်ပြီးနောက် အရပ်သားဒါဇင်နဲ့ချီ သတ်ဖြတ်ခံထားရ၊ စစ်ကိုင်းမြို့ လဝက ရုံးထဲ ဗုံးကွဲပြီး ၂၀ ကျော်ဒဏ်ရာရ
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ပုဂံမြို့ တဖက်ကမ်း ဧရာဝတီမြစ်နဘေးမှာ ရှိတဲ့ မြစ်ခြေမြို့နဲ့ အနီးအနားကကျေးရွာတွေကို အင်အား ၅၀၀ ခန့်ရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း ဝင်ရောက်ပြီးနောက် တလ နီးပါးခန့်အကြာ မြစ်ခြေမြို့ နဲ့ ကျေးရွာတွေက ပြန်ထွက်ခွာသွားချိန်မှာ လမ်းပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ ဒါဇင်နဲ့ချီတဲ့ ရုပ်အလောင်းတွေ မီးရှို့ပျက်စီးနေတဲ့ နေအိမ်တွေကို တွေ့ရှိကြရပါတယ်။
လူမှုကွန်ရက်မီဒီယာမှာ တွေ့မြင်ကြရတဲ့ဓါတ်ပုံတွေမှာ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ရက်အနည်းကြာနေပြီ ဖြစ်တဲ့ ရုပ်အလောင်းတွေထဲမှာ အမျိုးသားတွေတင်မက အမျိုးသမီးတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဆွဲကြီးလို့ အမည်ရတဲ့ကျေးရွာမှာတင် ရုပ်အလောင်း ၁၃ လောင်းတွေ့ရှိထားတယ်လို့ သတင်းတွေမှာ ပါရှိပြီး မြစ်ခြေမြို့ပေါ်မှာလည်း ရုပ်အလောင်းတွေ တွေ့ရတယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ စစ်ကြောင်းဝင်ရောက်ချိန်မှာ မြို့၊ ရွာတွေထဲမှာ နေခဲ့ပြီး နေအိမ်တွေမီးလောင်တဲ့အခါ ငြိမ်းသတ်ဖို့ ကြိုးစားတဲ့သူတွေ ပစ်ခတ် သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့လည်း သတင်းဖေါ်ပြမှုအချို့က ရေးသားထားကြတာဖြစ်ပါတယ်။
အချို့ သတင်းဖေါ်ပြမှုတွေမှာ ရုပ်အလောင်း ၄၀ ကျော်တွေ့ရှိရတယ်လို့ ဖေါ်ပြကြသလို အချို့သတင်းတွေမှာတော့ စုစုပေါင်း ၂၀ ကျော်တွေ့ရှိရတယ်လို့ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ အကူအညီပေးတဲ့အဖွဲ့ကို ကိုးကားပြီး ဖေါ်ပြထားတဲ့ သတင်းတပုဒ်မှာတော့ ဇွန်လ ၄ ရက်နေ့အထိ မြစ်ခြေမြို့နဲ့ မြို့နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ စုစုပေါင်း ရုပ်အလောင်း ၃၀ ကျော်တွေ့ရှိထားပြီလို့ ဖေါ်ပြထားတာပါ။
မြစ်ခြေမြို့နဲ့ မြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးစဥ် အတွင်း နေအိမ်တွေ၊ ဘုန်းကြီးကျောင်းအချို့ပါ မီးရှို့ဖျက်ဆီးခံရတဲ့ အထဲပါဝင်နေတာဖြစ်ပါတယ်။ ဒေသခံတွေ အနေနဲ့ စစ်ကြောင်းဝင်လာတဲ့ အခါ အသက်အန္တရာယ် ရှိတာကိုသိရှိကြပေမယ့် နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးမှာကို စောင့်ရှောက်ဖို့ရာ အချို့က မြို့၊ ရွာတွေထဲ ကျန်နေရစ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု သတ်ဖြတ်ခံရတဲ့ သူတွေဟာ အထက်ကလို ကျန်နေခဲ့သူတွေထဲကလို့ ယူဆရပါတယ်။ အခုမြစ်ခြေမြို့နဲ့ ကျေးရွာတွေမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်ဟာ ဒီနှစ်တွေအတွင်း မန္တလေးတိုင်း ညောင်ဦးမြို့နယ်နဲ့ ပခုက္ကူမြို့နယ်တို့တဝိုက်မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်တွေအနက် လူအသေအပျောက်အများဆုံး ဖြစ်ရပ် နေအိမ်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
အခုဖြစ်ရပ်တွေ ဖြစ်ပွားနေတဲ့ကာလအတွင်း ရန်ကုန်မြို့က အမျိုးသားရေးထောက်ခံတဲ့ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက မြို့၊ရွာတွေ မီးရှို့တာတွေ ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံတဲ့ ပြောဆိုမှုတခု လူမှုကွန်ရက်မီဒီယာမှာ ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ မေတ္တာရပ်ခံမှုဟာ မြစ်ခြေမြို့နဲ့ ကျေးရွာတွေမှာ စစ်တပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ ဖျက်ဆီးတာတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးလက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာရာမှာ ပုဂံ ညောင်ဦး တဖက်ကမ်း မြစ်ခြေ၊ တန့်ကြည့်တောင်တဝိုက် စတဲ့ ဒေသတွေမှာ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ထွက်လာခဲ့တာပါ။ အလားတူ ညောင်ဦးမြို့နယ် နဲ့ ပခုက္ကူမြို့နယ် ထိစပ်ရာ ကျေးရွာတွေမှာလည်း ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းထွက်ပေါ်လာပြီး လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ အခုလပိုင်းတွေမှာ ပခုက္ကူ၊ ယော၊ ဆော နဲ့ စစ်ကိုင်းတိုင်းထဲက ပုလဲ၊ ယင်းမာပင် စတဲ့ဒေသတွေမှာ စစ်ကြောင်းထိုးကာ နယ်မြေထိန်းချုပ်နိုင်ဖို့ နဲ့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အချင်းချင်း ဒေသတခုနဲ့တခုအကြား ဆက်သွယ်သွားလာတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ ရံပုံငွေ ကောက်ခံရရှိတဲ့ သယံဇာတ နဲ့ ကားလမ်းတွေက အခွန်အကောက်ဂိတ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာရာမှာ အခုလို စစ်ကြောင်းထိုးတာတွေနဲ့ သတ်ဖြတ်မှု နေအိမ်ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာတခုကတော့ စစ်ကိုင်းမြို့ထဲက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးမှာ နေ့ခင်းရုံးချိန်အတွင်း ဗုံးပေါက်ကွဲပြီး ရုံးဝန်ထမ်းအချို့အပါအဝင် မှတ်ပုံတင်၊ သန်းခေါင်စာရင်း လုပ်ဆောင်ဖို့ ရောက်နေတဲ့ အရပ်သား ၂၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့ကြတဲ့ သတင်းဖြစ်ပါတယ်။
စစ်ကိုင်းမြို့ထဲမှာ ရှိတဲ့ မြို့နယ်လဝကရုံးက ဝန်ထမ်းတယောက်ရဲ့ စားပွဲအောက်ကနေ ချိန်ကိုက်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲရာမှာ ရုံးဝန်ထမ်း ၃ ဦးနဲ့ အရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ ဒဏ်ရာရသူ ၂၀ ဦး အနက် အမျိုးသမီး ၁၂ ဦး အမျိုးသား ၈ ဦးဖြစ်ပြီး ၄ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သတင်းဖေါ်ပြချက်တွေ အရသိရပါတယ်။
အခုလို မြို့ပေါ်က စစ်အစိုးရလက်အောက်က ရုံးတွေ၊ လုံခြုံရေးကင်းတွေကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်တာ၊ ဖောက်ခွဲ တိုက်ခိုက်တာမျိုးတွေ ခုနှစ်ပိုင်း လျော့နည်းလာရာက အခုတဖန် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အခု စစ်ကိုင်းမြို့ လဝကရုံး ဗုံးခွဲမှုနဲ့ ပတ်သက်လို့ ဘယ်လက်နက်ကိုင် အဖွဲ့ကမှတော့ ၄င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုလာတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ UID လို့ခေါ်တဲ့ biometric မှတ်ပုံတင် စတဲ့ အရာတွေအတွက် မြို့နယ် လဝကရုံးတွေမှာ သွားရောက်လုပ်ကိုင်ကြရပြီး စစ်ပွဲတွေ ဖြစ်ပွားတာ၊ ရုတ်တရက် စစ်ဘေးရှောင်တိမ်းရတာနဲ့ နေအိမ်၊ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတဲ့အခါမျိုးမှာ ပျောက်ဆုံးတာ၊ ပျက်စီးတာတွေနဲ့ မကြာခဏရင်ဆိုင်ကြုံတွေ့ရသလို တနေရာနဲ့ တနေရာ ခရီးသွားလာရာမှာလည်း လုံခြုံရေး စစ်ဆေးမှုတွေ ပိုမိုများပြား တင်းကျပ်လာတာကြောင့် ပြည်သူတွေ အနေနဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းစတဲ့ အရာတွေအတွက် ပုံမှန်ကာလတွေထက် ပိုပြီး အချိန်ပေးလုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ဒေသအချို့ဖြစ်တဲ့ ကိုးကန့်ဒေသ၊ ဝ ပြည် နဲ့ တအောင်းပလောင်တို့မှာ ၄င်းတို့ဒေသအလိုက် မှတ်ပုံတင်တွေ ထုတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အရပ်ဘက် ဌာနရုံးတွေဖြစ်တဲ့ အစိုးရဌာနဆိုင်ရာရုံးတွေ၊ အကျဥ်းထောင် စတာတွေကို ဖေါက်ခွဲတာ တိုက်ခိုက်တာတွေ ၂၀၂၁ ကနေ ၂၀၂၃ ဝန်းကျင်ကာလတွေအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ခုနှစ်ပိုင်းတွေမှာ သိပ်မကြားသိရတော့တာ ဖြစ်ပါတယ်။ မြို့ပေါ်တွေမှာ လျှို့ဝှက်စွာလှုပ်ရှားတဲ့ မြို့ပြပျောက်ကြား အဖွဲ့တွေ ရပ်တည်ရခက်ခဲလာတာ၊ ဧည့်စာရင်းစနစ်၊ မျက်နှာမှတ်သားထားတဲ့ PSMS စနစ်တွေနဲ့ မြို့ကြီးတွေမှာ လုံခြုံရေးတင်းကျပ်လာတာကြောင့် မြို့ပြပြောက်ကျားအဖွဲ့တွေ ကြာရှည်စွာ ပုန်းအောင်းနေထိုင်ဖို့ ခက်ခဲလာတဲ့ သဘောလည်း ဖြစ်ပါတယ်။
အခု ပေါက်ကွဲမှုဖြစ်ပွားတဲ့ စစ်ကိုင်းမြို့ကတော့ မြို့နဲ့ အနီးအနား ကျေးရွာတွေမှာ PDF တပ်တွေ ရှိနေတဲ့ မြို့တမြို့ဖြစ်ပြီး အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar