နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေနောက်ခံနဲ့ အာဇာနည်နေ့၊ နေပြည်တော်ရောက်နေတဲ့ TNLA
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၆
နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေနောက်ခံနဲ့ အာဇာနည်နေ့၊ နေပြည်တော်ရောက်နေတဲ့ TNLA
လွန်ခဲ့တဲ့ ၇၉ နှစ် ဇူလိုင် ၁၉ ရက်နေ့ မြန်မာနိုင်ငံလွတ်လပ်ရေး မရသေးသော်လည်း ကိုလိုနီပြုသူ ဗြိတိန်နိုင်ငံနဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေအကြား မြန်မာနိုင်ငံလွတ်လပ်ရေးပေးဖို့ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေစဥ်ကာလမှာ ထိုစဥ်က အစိုးရအဖွဲ့ရုံးဖြစ်တဲ့ အတွင်းဝန်ရုံးက ဝန်ကြီးအဖွဲ့အစည်းအဝေးကျင်းပနေစဥ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားခေါင်းဆောင်တွေကို ပစ်ခတ်သတ်ဖြတ်ဖို့ ဗြိတိသျှကိုလိုနီခေတ် ဒုတိယကမ္ဘာစစ်အစပိုင်းကာလ နန်းရင်းဝန် ဖြစ်ခဲ့သူ ဂဠုန်ဦးစောက စေခိုင်းခဲ့ရာမှာ ခေါင်းဆောင်အများအပြား သေဆုံးခဲ့ရပါတယ်။ အဲဒီလို လုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့တာ အခုလက်ရှိအချိန်ထိတိုင် ဖြစ်ပါတယ်။
ဒီလုပ်ကြံသတ်ဖြတ်မှုဟာ ခေတ်သစ်မြန်မာ့နိုင်ငံရေး သမိုင်းမှာ ကြီးမားတဲ့အမည်းစက် တခုဖြစ်ခဲ့ပါတယ်။ ပဒေသရာဇ်ခေတ်တွေတုန်းက ဘုရင်တွေကို သားတွေ၊ ညီအစ်ကိုတွေက လုပ်ကြံသတ်ဖြတ်ကာ အာဏာရယူခဲ့ကြတဲ့ သမိုင်းတွေ ရှိခဲ့ကြပေမယ့် ပဒေသရာဇ်ခေတ်ကို ကိုလိုနီပြုခံရတဲ့ နှစ် ၁၀၀ ကျော်ကာလပြီးနောက် ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းမျက်နှာစာကို ဖွင့်လှစ်မယ့် အစစာမျက်နှာမှာပဲ မြန်မာ့နိုင်ငံရေး အစဥ်အလာအတွက် ဆိုးရွားတဲ့မှတ်တမ်း တခုနဲ့ စတင်လိုက်သလို ဖြစ်ခဲ့ပါတယ်။
ဂဠုန်ဦးစော ကြံစည်လုပ်ဆောင်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုမှာ ထိုစဥ်က ကိုလိုနီပြုတဲ့ ဗြိတိသျှအစိုးရရဲ့ စစ်တပ်က အရာရှိအချို့က လက်နက်ခဲယမ်းတွေ ထုတ်ပေးခဲ့တာ ဖြစ်ပြီး လန်ဒန်က ဗြိတိသျှအစိုးရ အနေနဲ့ ဘယ်လောက်ထိ ပါဝင်ပတ်သက်သလဲ ဆိုတာတော့ တိကျတဲ့ သက်သေအထောက်အထားတွေ မရှိခဲ့လို့ မပြောနိုင်ပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံရေး နယ်ပယ်က အာဏာရယူဖို့ ရည်မှန်းချက်ရှိသူ၊ ကျောင်းသားသပိတ်၊ တို့ဗမာအစည်းအရုံးတို့မှာ စုဖွဲ့ကြပြီး ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ တက်တက်ကြွကြွ လုပ်ဆောင်လာကြတဲ့ လူငယ်အင်အားစုတွေဟာ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဂျပန်နဲ့ ချိတ်ဆက်မိကာ ၁၉၄၂ မှာတော့ BIA လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့စည်းပြီး ဂျပန်ဘုရင့်တပ်နဲ့အတူ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာတော့ မြန်မာနိုင်ငံရေးမှာ ယခင် ဗြိတိသျှ ကိုလိုနီအစိုးရ အောက်မှာ ပေးထားတဲ့နိုင်ငံရေး ဘောင်အတွင်းက ပါတီ၊ အစုအဖွဲ့ဖွဲ့ပြီး နန်းရင်းဝန်နဲ့ ဝန်ကြီးတွေအဖြစ် တာဝန်ယူခဲ့ကြတဲ့ နိုင်ငံရေးမျိုးဆက်နေရာမှာ တို့ဗမာအစည်းအရုံးဝင် လူငယ်၊ လူလတ်ပိုင်းက နေရာဝင်ယူခဲ့ကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအခင်းအကျင်း အပြောင်းအလဲကို လက်မခံနိုင်တဲ့ နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောက တက်သစ်စ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခြားသော ဖဆပလ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။
ခေတ်သစ်မြန်မာ့နိုင်ငံရေး သမိုင်းမှာ နိုင်ငံရေးအရ မယှဥ်ပြိုင်နိုင်တဲ့အခါ လုပ်ကြံသတ်ဖြတ်တာ၊ မဆီလျော်တဲ့ ဥပဒေပုဒ်မတွေကို အသုံးချပြီး နှစ်ရှည်ထောင်သွင်းအကျဥ်းချတဲ့ အစဥ်အလာတွေက အခုချိန်ထိ တည်ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့လို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ မဟုတ်သည့်တိုင် နိုင်ငံ့အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်တပ်အစိုးရတွေဟာ ခေတ်အဆက်ဆက် ဆန့်ကျင်ဘက် နိုင်ငံရေးခေါင်းဆောင်တွေကို မဆီလျော်တဲ့ ဥပဒေပုဒ်မတွေ အသုံးပြုပြီး နှစ်ရှည်ထောင်သွင်း အကျဥ်းချခဲ့ကြတဲ့ အစဥ်အလာတွေက နေဝင်း ရဲ့ မဆလခေတ်၊ စောမောင် နဲ့ သန်းရွှေတို့ ရဲ့နဝတ/နအဖ ခေတ်တွေမှာသာမက အခု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း စစ်တပ်နဲ့ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ခေတ်မှာလည်း ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်လာတဲ့ ၈ လေးလုံးအရေးတော်ပုံပြီးနောက် ၁၉၈၉ ခုနှစ် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ ချီတက်မဲ့ အစီအစဥ်က အစပြုလို့ ဖမ်းဆီး၊ နေအိမ်အကျယ်ချုပ်တလှည့် အကျဥ်းထောင် တလှည့်နဲ့ ဝင်လိုက် ထွက်လိုက်နဲ့ ၂၀၁၀ ခုနှစ် တိုင် အကျယ်ချုပ်နဲ့ အကျဥ်းထောင်မှာ နေထိုင်ရတဲ့ကာလက ဆယ်စုနှစ် တခုကျော်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ ကနေ ၂၀၂၁ ကြားကာလတခုမှာ လွှတ်တော် နဲ့ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ၅ နှစ်ကျော်ကြာ အကျဥ်းထောင်ထဲ သီးခြားခွဲချုပ်နှောင်ခံခဲ့ရပြီး ယခုထက်တိုင် ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲ ထူးခြားတဲ့ နောက်သတင်းတပုဒ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ် ရပ်ဖို့ သဘောတူခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ထဲက တဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ခေါင်းဆောင်တွေ နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အပစ်ရပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကော်မတီတို့ တွေ့ဆုံတဲ့ သတင်းဖြစ်ပါတယ်။ ယမန်နှစ်က စစ်တပ်ဘက်က ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှု၊ တရုတ်နိုင်ငံရဲ့ တိုက်တွန်းဖိအားပေးမှုတွေကြောင့် ယူနန်ပြည်နယ် ဟိုင်ဂင်မှာ အပစ်ရပ်ဖို့ သဘောတူလိုက်ရပြီး မိုးကုတ်နဲ့မိုးမိတ်ကို TNLA က ပြန်လည် လွှဲပြောင်းပေးခဲ့ရပေမယ့် အခုလို စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ နေပြည်တော် ဆွေးနွေးမှုမှာ TNLA ပါဝင်လာလိမ့်မယ်လို့တော့ အများက မျှော်လင့် မထားကြပါဘူး။
ယမန်နှစ် အောက်တိုဘာလ နှောင်းပိုင်းမှာ အပစ်ရပ် သဘောတူညီပြီးနောက် နိုဝင်ဘာမှာ မိုးမိတ်၊ မိုးကုတ်ကို ပြန်လည်လွှဲအပ်ပေးခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က TNLA သိမ်းယူထားတဲ့ အခြားသော မြို့တွေကိုပါ ပြန်လွှဲပေးဖို့ တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် TNLA က ငြင်းဆန်ခဲ့ပြီး အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ရက် ၁၀၀ မပြည့်မီ သီတင်းပတ် အနည်းငယ်အလိုမှာ နေပြည်တော်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပတဲ့ နှစ်ဖက်ဆွေးနွေးပြီး အချက် ၆ ချက်ပါ ဆွေးနွေးချက်တွေကို TNLA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ဖော်ဆောင်ရေးကော်မတီ NSPNC တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဘီဘီစီမြန်မာပိုင်းက ဖော်ပြထားတာ တွေ့ရပါတယ်။
သဘောတူညီတဲ့ အချက် ၆ ချက်က ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဥ်မှာပူးပေါင်းဆောင်ရွက်ဖို့၊ ဟိုင်ဂင် သဘောတူညီမှုကို လေးစားလိုက်နာဖို့၊ သဘောတူညီထားတဲ့ အပစ်ရပ် သဘောတူညီချက်ကို အကောင်အထည်ဖေါ်ဖို့၊ ဒေသတွင်း လူထုရဲ့ လူမှုဘဝ သက်သာချောင်ချိရေး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး နဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေး လမ်းပန်းဆက်သွယ်ရေးတို့ ဖြစ်တယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။
အခုလက်မှတ်ထိုးခဲ့တဲ့ အချက်အလက်တွေကို သုံးသပ်ကြည့်ရင် ယမန်နှစ် အောက်တိုဘာ ဟိုင်ဂင်သဘောတူညီမှုထက် ပိုလွန်တဲ့ လိုက်လျောမှု သို့မဟုတ် တောင်းဆိုမှုတွေ မပါရှိပေမယ့် ဟိုင်ဂင်သဘောတူညီမှုကို ထပ်ပြီး ခိုင်မာအောင် ကတိပေး သဘောတူခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။
ယခု လက်ရှိ အနေအထားမှာ အာဏာသိမ်းစစ်အစိုးရနဲ့ TNLA အကြား ဆက်ဆံရေးအခြေအနေဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း အပြီး အပစ်ရပ် သဘောတူညီခဲ့ကြတဲ့ အခြေအနေမျိုးနဲ့ မတူတော့ဘဲ နှစ်ဖက်က အပစ်ရပ်အနေအထားကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေကြတာ ပေါ်လွင်ထင်ရှားတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ရှမ်းမြောက်ဒေသမှာ တည်ငြိမ်မှု၊ အပြန်အလှန်သွားလာ ကူးသန်းမှုတွေ ပွင့်လင်းမလာသေးသည့်တိုင် အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လက်နက်ကိုင်တိုက်ခိုက်မှုတွေ ထပ်ပြီး ဖြစ်ပေါ်လာဖို့ အလားအလာ နည်းသွားပြီလို့ ဆိုနိုင်တဲ့ အခြေအနေလို့ ကောက်ချက်ချရပါတယ်။
နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲတွေက ရှမ်းမြောက်ဒေသကို ခေတ္တဖယ်ထားပြီး အခြားသောနယ်မြေတွေမှာသာ ဖြစ်ပွားနိုင်တဲ့ သဘောလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar