Breaking News

ပြည်တွင်းစစ်နဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှု၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု

🟢 ကချင်ပြည်နယ် ဖားကန့်မြို့ရှိ မှော်ပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းရဲ့  စစ်အာဏာရှင်စနစ် အလိုမရှိ​တဲ့ လှုပ်ရှားမှုကို ရွှေဖီမြေထံ ပို့ ... 

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၈ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၂၆

 

ပြည်တွင်းစစ်နဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှု၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ သယံဇာတ အလွန်အကျွံ ထုတ်ယူတာတွေ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာတွေက အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာနဲ့ အချို့နေရာတွေမှာ မရှိသလောက် ဖြစ်နေတဲ့ အခြေအနေတွေအောက်မှာ ပိုမိုအရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

နေ့စဥ် ဖော်ပြနေကြတဲ့ သတင်းတွေထဲမှာ မြစ်တွေ ချောင်းတွေမှာ စက်ယန္တရားတွေနဲ့ ရွှေမျောတွေ လုပ်နေကြရာက မြစ်ချောင်းတွေ တိမ်ကောလာပြီး မြစ်ရေကြောင်းပြောင်းလဲတာ မိုးရာသီမှာ ရက်ဆက်မိုးသည်းထန်တာနဲ့ တပြိုင်နက် ရေကြီးတဲ့ အဖြစ်အပျက်တွေ ကြုံကြရတဲ့ သတင်းတွေ ကချင်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီ တို့မှာ ဖြစ်ပွားနေတာ နှစ်စဥ်မိုးရာသီတိုင်း ကြားသိနေကြရတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသဆိုရင်လည်း ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြည်တွင်းစစ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့တိုင် ကျောက်စိမ်းတူးဖေါ်မှုက လျော့ပါးမသွားတဲ့ အပြင် ပုံမှန်ကာလထက်ကို လက်နက်ကိုင်ပဋိပက္ခတွေ တနိုင်ငံလုံးပြင်းထန်နေတဲ့ အချိန်မျိုးမှာ ပိုလို့တောင် တူးဖော်ထုတ်လုပ်နေကြတာ ဖြစ်ပြီး ရေကြီးတာ၊ မြေပြိုလို့ ကျောက်ရှာဖွေသူတွေ အသက်ဆုံးရှုံးကြရတဲ့ သတင်းတွေ ပုံမှန်လို ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်းမှာလည်း ဖားကန့်မှာ မြေပြိုရာက ရေမဆေး ကျောက်ရှာသူ ၇ ဦး ပျောက်ဆုံးနေတဲ့ သတင်းတပုဒ် ဖေါ်ပြထားကြတာ တွေ့ရပါတယ်။

ဖားကန့်ဒေသမှာ မြေပြိုတယ်ဆိုတဲ့ သတင်းဟာ မထူးဆန်းတော့သလို ဖြစ်လာပြီး လူ့အသက်တွေဆုံးရှုံးကြတဲ့ သတင်းတွေဟာလည်း မကြာခဏ ဖြစ်ပျက်တဲ့ ဖြစ်ရပ်သဖွယ်ဖြစ်လာတာကြောင့် သတင်းဖတ်သူတွေကို ထူးခြားတဲ့ သတင်းအနေနဲ့တောင် မဆွဲဆောင်နိုင်တော့ပါဘူး။ 
ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေ နဲ့ ထိန်းကျောင်းကြပ်မတ်နိုင်ခြင်း မရှိတော့သလောက် ဖြစ်နေပြီး တဖက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာနဲ့ အမျှ လက်နက်ကိုင် တပ်တွေအနေနဲ့ စစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာဝယ်ယူဖို့ အခွန်အကောက် ပိုမိုကောက်ခံကြပြီး သယံဇာတတွေကို အကန့်အသတ် မရှိ ထုတ်ယူနိုင်သလောက် ထုတ်ယူကြတဲ့ အနေအထားကို လျစ်လျူရှုလာကြတဲ့ သဘောတွေ တွေ့မြင်နေကြရပါတယ်။ 

လုံခြုံရေးဂိတ်တွေ များပြားလာပြီး တင်းကြပ်စွာ စစ်ဆေးအခွန်ကောက်ခံနေကြတဲ့တိုင်  လောင်စာဆီ၊ ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုတဲ့ စက်ယန္တရားတွေ ဖားကန့်ဒေသကို ရောက်ရှိအောင် ဖြတ်သန်းသယ်ယူ ဖို့ ကြီးကြီးမားမား အခက်အခဲ မရှိတာတွေ့ရပါလိမ့်မယ်။ ပုံမှန်ကာလမျိုးထက် စျေးနှုန်းကြီးမြင့်သွားတဲ့တိုင် လိုအပ်တဲ့ လောင်စာ၊ စက်ယန္တရားတွေကို သယ်ယူလို့ ရနေဆဲ ကျောက်တူးတဲ့ ကုမ္ပဏီတွေကလည်း ကြိုးစားပမ်းစား တူးဖေါ် ထုတ်ယူနေကြဆဲ ဖြစ်ပါတယ်။ 

ဖားကန့်လို ကျောက်စိမ်း မထွက်ရှိပေမယ့် ကမ္ဘာမှာ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ မြေရှားလို့ ခေါ်တဲ့ ဓါတ်သတ္တု တမျိုးထုတ်လုပ်ဖို့ တောတွေ တောင်တွေကို ဖောက်ပြီး မြေတွင်းတွေထဲ ဓါတုဆေးရည် ထည့်သွင်းကာ မြေရှားသတ္တုထုတ်လုပ်ဖို့ လုပ်ငန်းစဥ်တွေကို ကချင်ပြည်နယ် အရှေ့ဘက် တကြောနဲ့ ရှမ်းပြည်နယ် အရှေ့ဘက် ဝ ပြည်သွေးစည်းညီညွတ်ရေး အုပ်ချုပ်တဲ့နယ်မြေတွေမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီမြေရှားထုတ်လုပ်တဲ့ အဆင့်ဆင့်သော လုပ်ငန်းစဥ်တွေကြောင့် မြေနဲ့ ရေတွေ အဆိပ်သင့်တဲ့ အဖြစ်တွေ ဖြစ်ပွားနေပေမယ့် ထုတ်လုပ်တာတွေကို ရပ်ဆိုင်းတာမျိုး မရှိတာ တွေ့မြင်ကြားသိနေကြရပါတယ်။ မြန်မာနိုင်ငံထဲက မြေရှားထုတ်လုပ်မှုတွေမှာ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပေမယ့် ဒီဒေသတွေကို ထိန်းချုပ်ထားတဲ့ KIA နဲ့ UWSA လို ဒေသခံ အဖွဲ့အစည်းတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နဲ့ မြစ်ချောင်းတွေ အဆိပ်သင့်တဲ့ အခြေအနေတွေကို ထိန်းကွပ်ဖို့ အားနည်းကြတာတွေ့ရပါတယ်။ ကချင်ပြည်နယ်က ပတ်ဝန်းကျင် အဆိပ်သင့်တဲ့ ဖြစ်ရပ်တွေက သိပ်ပြီး မသိရှိကြပေမယ့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဝ ဒေသနဲ့ အခြားထိစပ်နေတဲ့ နယ်မြေတွေက မြေရှားနဲ့ သတ္တုတူးဖော်မှုတွေက ဓါတု အဆိပ်သင့်မှုတွေက နယ်နိမိတ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံဘက်အထိ သက်ရောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ချောင်းတွေမှာ ဓါတုအဆိပ်သင့်တဲ့ ပမာဏက ရေနေ သတ္တဝါ ငါးတွေကို ပုံသဏ္ဍာန်အားဖြင့် ထိခိုက်စေတဲ့အထိ ထင်သာမြင်သာရှိလာနေပြီး သံလွင်မြစ်နဲ့ အခြားသောမြစ်တွေ ချောင်းတွေရဲ့ အဆိပ်သင့်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြတဲ့ အခြေအနေထိ ဖြစ်ပွားလာနေတာတွေ့ ရပါတယ်။ ထိုင်းနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြရတဲ့ အကြောင်းရင်းက ထိုင်းနိုင်ငံ အထိသက်ရောက်မှုရှိနေတဲ့ သဘာဝပတ်ဝန်းကျင် အဆိပ်သင့်စေတဲ့ သတ္တုထုတ်လုပ်မှုတွေဟာ တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းတွေ ဖြစ်တာကြောင့် လို့ ဆိုပါတယ်။ အခုလို အဆိပ်သင့်မှုတွေမှာ မြန်မာနိုင်ငံဘက်ကလည်း တာဝန်ရှိနေတာ အမှန်ဖြစ်ပေမယ့် ရှမ်းအရှေ့ဒေသဟာ နေပြည်တော် စစ်တပ်အစိုးရရဲ့ အာဏာသက်ရောက်မှုနဲ့ ထိန်းချုပ်နိုင်မှုက ပမာဏ အကန့်အသတ်ရှိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ပြည်တွင်းစစ်နဲ့ ဆက်နွယ်နေတဲ့ တွင်းထွက်သတ္တု အလွန်အကျွံ ထုတ်ယူမှုတွေ ဖြစ်ပွားရာမှာ ထင်ရှားသိသာတဲ့နောက် ဒေသတခုက တနင်္သာရီတိုင်း ဖြစ်ပါတယ်။ ထားဝယ် ဒေသတဝိုက် သတ္တုတွင်းတွေ နကိုကတည်းက ရှိပေမယ့် ပြည်တွင်းစစ် အရှိန်မမြင့်တက်ခင် ဥပဒေစိုးမိုးမှုရှိနေစဥ်ကတော့ အခုလို နေရာအများအပြားမှာ ပတ်ဝန်းကျင် ထိခိုက်ညစ်ညမ်း စေလောက်အောင် အလွန်အကျွံထုတ်ယူတာမျိုးတွေ မရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ သိသိသာသာ မြင့်တက်လာခဲ့တာ တွေ့ကြရပါ¬တယ်။ တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ သတ္တု အလွန်အကျွံထုတ်ယူမှုတွေက မြစ်ချောင်းတွေ ထိခိုက်ပျက်စီးတာ၊ စိုက်ပျိုးမြေတွေ ပျက်စီးစေတဲ့ အကျိုးဆက်တွေ ခံစားနေကြရပြီး ဒေသခံ ပြည်သူတွေအနေနဲ့ အခုလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ကာလမှာ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ဝေဖန်ပြောဆိုဖို့ မဝံ့ရဲကြပါဘူး။ 

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာလည်း ကျောက်စိမ်းတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးတဲ့ ဖားကန့်ဒေသသာမက ရွှေတူးဖော်မှုနဲ့ မြေရှားသတ္တု တူးဖေါ်မှုတွေက မြစ်ကြီးနားမြို့ မြောက်ဘက် ဧရာဝတီမြစ် မြစ်ဖျားခံရာ ဒေသတွေအပြင် အခြားသော ဒေသတွေမှာပါ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ လယ်မြေနဲ့ ဥယျာဥ်ခြံမြေတွေကို ဝယ်ယူပြီး ရွှေတူးဖေါ်ကြတဲ့ ဖြစ်ရပ်တွေက သွားလာရေး သိပ်မလွယ်ကူတဲ့ ပူတာအိုလို ဒေသတွေအထိ ဖြစ်ပွားနေကြတာ သတင်းတွေ လူမှုကွန်ရက်မီဒီယာတွေမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ 

ကချင်ပြည်နယ်ပြီးနောက် ၄င်းနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်း နဲ့ အခြား မြစ်နဲ့ မနီးတဲ့ ဒေသတွေမှာ ဆည်တွေထဲအထိ ယန္တရားတွေသုံးပြီး ရွှေတူးဖော်ကြတာကြောင့် ရေအရင်းအမြစ်နဲ့ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးမှုတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။ 

သတ္တုတွင်းသာမက ရာသီဥတုနဲ့ ဆက်နွယ်နေတဲ့ သဘာဝ သယံဇာတ ဘေးမဲ့ သစ်တောတွေ ခုတ်ယူခံနေရတဲ့ ပြဿနာကိုလည်း စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း မြောက်ပိုင်းတို့မှာ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အလောင်းတော်ကဿပ သဘာဝဘေးမဲ့တောတွေ ဘယ်လောက် ထိခိုက်ပျက်စီးနေသလဲဆိုတာ အခုချိန်မှာ ဘယ်သူမှ တိတိပပ မပြောဆိုနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။ 

အချို့သော ထိခိုက်ပျက်စီးမှုတွေက ပြန်လည်ပြုပြင်နိုင်တဲ့ပေမယ့် သစ်တော ပြုန်းတီးမှုနဲ့ မြစ်ချောင်းပျက်စီးမှုတွေဟာ ပြန်လည်ထိန်းသိမ်းဖို့ မဖြစ်နိုင်တဲ့ ထာဝရ ပျက်စီးဆုံးရှုံးမှုနဲ့ နေထိုင် အသက်မွေးမှု ဘဝတွေကို ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေမယ့် အရာတွေဖြစ်နေတာဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar