နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ သတ်ဖြတ်မှုတွေရဲ့ တော်လှန်ရေးအပေါ် သက်ရောက်မှု
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၃ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၄ ၊ ၂၀၂၅
နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ သတ်ဖြတ်မှုတွေရဲ့ တော်လှန်ရေးအပေါ် သက်ရောက်မှု
ခုရက်ပိုင်းအတွင်း သတင်းတွေထဲ ဖတ်ရှုကြရတဲ့ သတင်းတပုဒ်က CDM ဆရာမနဲ့ ခင်ပွန်းဖြစ်သူ သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်နဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီလို့ KNU တပ်မဟာ ၄ နယ်မြေက ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တဲ့ နောက်ဆက်တွဲ သတင်းတွေ ဖြစ်ပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ် ဆားခဲကျေးရွာမှာ နေထိုင်ကြတဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေသီအောင် နဲ့ သူ့ခင်ပွန်း ဦးပြည့်ဖြိုးနိုင်တို့ ၂ ဦးကို ညသန်းခေါင်ကျော်အချိန်မှာ ၄င်းတို့နေအိမ်မှာ သတ်ဖြတ်ခံခဲ့ရတာကို နောက်နံနက်ကျမှ အိမ်နီးချင်းတွေ သိရှိခဲ့ရပါတယ်။ ညသန်းခေါင်ကျော် အကူအညီတောင်းသံ ကြားပေမယ့် မှောင်နေတာကြောင့် အိမ်နီးချင်းတွေလည်း အကူအညီမပေးရဲခဲ့တဲ့ အနေအထားမျိုးလို့ သတင်းတွေမှာ ဖော်ပြထားကြတာပါ။
ဒီအခင်းဖြစ်ပွားတဲ့ နယ်မြေဟာ KNU တပ်မဟာ ၄ က ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး KNU တပ်ဖွဲ့က စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
KNU တပ်မဟာ ၄ က ထုတ်ပြန်တဲ့ ကြေညာချက်အရ ကျူးလွန်သူတွေဟာ တပ်မဟာ ၄ ရဲ့ လက်အောက်က တပ်ရင်းတရင်း ဖြစ်တဲ့ KNDO တပ်ရင်း ၇ ရှိ အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေဖြစ်ပြီး အဆိုပါ ကျေးရွာက CDM ဆရာမနဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ခဲ့တာလို့ ဝန်ခံထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သတ်ဖြတ်မှုကျူးလွန်သူ၊ သတ်ဖြတ်မှုမှာ ပါဝင်သူတွေဟာ စစ်ကောင်စီဘက်က တပ်ပြေးတွေဖြစ်ကာ ၄င်းတို့ကို KNDO တပ်ရင်းက ဖမ်းဆီးထိမ်းသိန်းထားတဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားရာက အခုသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ဒေသခံအချို့ကတော့ အခင်းဖြစ်ပျက်တဲ့နေရာကို သေချာစွာ လေ့လာပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မျိုးမဟုတ်ဘူးလို့ ယူဆနေကြတာပါ။ အချက်အလက်တချို့ကို ဖုံးကွယ်ထားတဲ့ သဘောလား သို့မဟုတ် သေချာစွာ စုံစမ်းမှု စစ်ဆေးမှုမလုပ်နိုင်ဘဲ ဓါးစာခံ တရားခံအဖြစ်စွပ်စွဲ ထုတ်ပြန်ပြီး အသတ်ခံရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စာရင်းပိတ်လိုတာမျိုးလားဆိုတဲ့ သံသယတွေလည်း ရှိနေကြတဲ့ သဘောမျိုးလို့ ယူဆရပါတယ်။
ဒီဖြစ်ရပ်က လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း အနယ်နယ်အရပ်ရပ် မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေထဲက ဆင်တူရိုးမှား ဖြစ်ရပ်တခုသာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း ပညာရေးဘုတ်အဖွဲ့ဝင် ဦးဝင်းဌေးနဲ့ မိသားစု သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။ ဦးဝင်းဌေး နဲ့အတူ ဇနီးနဲ့ လသားကလေးငယ်တို့ကို အမည်မသိတဲ့ သူတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက နေအိမ်မှာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါက ပညာရေးနယ်ပယ်က ဝန်ထမ်းတွေ၊ CDM ပညာရေးဝန်ထမ်းတွေ မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက် ၂ ခုဖြစ်ပါတယ်။ အခုလို CDM ဝန်ထမ်းမဟုတ်၊ အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းလိုမျိုး မဟုတ်တဲ့ သာမန်အရပ်သားတွေ အသတ်ခံရတဲ့ အဖြစ်အပျက်တွေလည်း ခုလို ကြားကာလလို့ ခေါ်ခေါ် အတည်တကျအုပ်ချုပ်ရေး မရှိတဲ့ ကာလတွေမှာ အများအပြားရှိနေခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဝင်တွေအချင်းချင်းအကြား ဖြစ်တဲ့ ဖြစ်ရပ်တွေ၊ အရပ်သားတွေအပေါ် လက်နက်ကိုင် အဖွဲ့ဝင်တွေက ကျူးလွန်သတ်ဖြတ်မှုတွေ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းမြောက်၊ တနင်္သာရီ၊ ရှမ်းတောင်၊ မွန်၊ ကရင်တို့လို ဒေသတွေမှာ ဖြစ်ပျက်နေကြတာ ဖြစ်ပါတယ်။
အချို့သော အဖြစ်အပျက်တွေက နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ခြင်းမရှိတဲ့ ရာဇဝတ်မှုလို့ ဆိုနိုင်တဲ့ အဖြစ်အပျက်တွေလည်း ရှိသလို အချို့သော ဖြစ်ရပ်တွေက နိုင်ငံရေး ရပ်တည်ချက်အပေါ် အခြေပြုပြီး သံသယကြောင့်ဖြစ်စေ၊ စွပ်စွဲချက် တခုခုကြောင့်ဖြစ်စေ သတ်ဖြတ်တာတွေလည်း ခုလိုကြားကလတွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့အစည်းတွေက အာဏာကို အလွဲသုံးစားလုပ်ပြီး တရားဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာဖြစ်စေ၊ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အခြေအနေပေးလာတာကြောင့် လုယက်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်မှုတွေ၊ လသား ကလေးငယ်တွေပါ မိသားစုနဲ့အတူ သတ်ဖြတ်တာတွေက တော်လှန်ရေးရဲ့ ပုံရိပ်ကို တစတစ ထိပါးလာစေနိုင်တာလည်း တွေ့ရတာ ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့ စစ်တပ်ကို မတရားအာဏာယူထားသူ၊ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေသူ၊ မထင်ရင် မထင်သလို ဖမ်းဆီး ထောင်နှစ်ရှည်ချ၊ သေဒဏ်အထိ ချမှတ်တာ၊ ဒီနေ့ဖမ်းဆီးပြီး နောက်တနေ့ အလောင်းထုတ်ယူဖို့ အကြောင်းကြားတာမျိုးတွေနဲ့ ပြည်သူလူထုက မထောက်ခံတော့ဘဲ နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုကို အားပေးထောက်ခံလာကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တပ်တွေက အမဲ၊ တော်လှန်ရေးအင်အားစုတွေက အဖြူလို့ ယေဘုယျအားဖြင့်မှတ်ယူထားကြပြီး တော်လှန်ရေး အင်အားစုတွေကို လူထုအတွက် တရားမျှတမှုတွေ ဖေါ်ဆောင်ပေးနိုင်တဲ့ အင်အားစုတွေ အနေနဲ့ မျှော်လင့်ထားကြတာလည်း ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေဟာ တာဝန်ခံမှုရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ တရားမျှတမှုကို လိုလားဖေါ်ဆောင်ကြတဲ့ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး လုပ်ဆောင်နေကြသူ၊ လုပ်ဆောင်နိုင်သူတွေ အဖြစ်မျှော်လင့်ထားကြတာပါ။
မှားယွင်းခဲ့ရင်တောင် မှားယွင်းမှုကို ဝန်ခံပြီး အမှားကို ပြင်ဆင်ဖို့ ပြန်လည်ပေးဆပ်ရမယ့် ပေးဆပ်မှု၊ တာဝန်ယူမှု၊ နောက်တကြိမ်ဒီလို အမှားမျိုး မဖြစ်အောင် ပြင်ဆင်စောင့်ထိန်းကြမယ့် လက်နက်ကိုင် အဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ တရားစီရင်ရေး အဖွဲ့တွေ ဖြစ်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
ဒီမျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ပျက်စီးမသွားဖို့ ၊ ပျောက်ဆုံးမသွားဖို့ တော်လှန်ရေး အင်အားစုကို ဦးဆောင်သူတွေ ဦးဆောင် အဖွဲ့အစည်းတွေက တာဝန်ခံမှုအပြည့် တာဝန်ယူမှုအပြည့်နဲ့ လုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာသူတွေမို့လို့ ပေးဆပ်မှုရှိထားတာကြောင့်မို့လို့ သို့မဟုတ် တယောက်ရဲ့ အားနည်းချက် တဖွဲ့ရဲ့ အားနည်းချက်ကို တဖွဲ့က ပြန်လည်ထောက်ပြ နိုင်တဲ့အကြောင်း၊ ငဲ့စရာ အကြောင်းတွေကြောင့် ပြည်သူလူထုတွေ မျှော်လင့်တဲ့ တရားမျှတမှုကို မဖေါ်ဆောင်ပေးနိုင်ခဲ့ရင် နွေဦးတော်လှန်ရေး၊ လူမျိုးစုလွတ်မြောက်ရေး တော်လှန်ရေးဟာ အောင်မြင်မှုရဖို့ ရှည်ကြာလာလိမ့်မှာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေ အားလုံးဟာ အတူတူပဲ၊ လက်နက်ကိုင်ဆောင်ပြီးနောက်မှာ ပြည်သူလူထုအပေါ် အုပ်ချုပ်သူသဖွယ်၊ ကျေးဇူးရှင်သဖွယ် နေရာမှာ နေချင်တာမျိုးတွေက တော်လှန်ရေး အဖွဲ့အစည်းရယ်လို့ သတ်မှတ်ဖို့ ခက်ခဲ လာပါလိမ့်မယ်။ ငါတို့က အသက်ပေး တိုက်ခိုက်နေကြရတာမို့လို့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးပမ်းနေကြရတာမို့ ပြည်သူလူထု အနေနဲ့ ကျန်တဲ့ အရေးကိစ္စ၊ တရားမျှတမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ အခုလိုကာလမှာ မတောင်းဆိုသင့်ဘူးဆိုတဲ့ အယူအဆမျိုး ထားရှိရင်လည်း တော်လှန်ရေး အင်အားစုအဖြစ် သတ်မှတ်ဖို့ ခက်ပါလိမ့်မယ်။
အဲဒီလို အခြေအနေမျိုးမှာ တော်လှန်ရေးအပေါ် ပြည်သူလူထု အနေနဲ့ ယုံကြည်မှု ပျက်ပြားလာပြီး အုပ်ချုပ်သူသာပြောင်းပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဘာမှ မပြောင်းတဲ့ အခြေအနေမျိုး မျှော်လင့်ချက် ပျောက်ဆုံးတဲ့ အဖြစ်မျိုး ရောက်ရှိသွားနိုင်တာကိုလည်း သတိပြုကြဖို့ လိုပြီလို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar