Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၈)

 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၈)

မိုးမခ ၊ ဇူလိုင် ၂၀ ၊ ၂၀၂၆



တရုတ်ပြည်မှာ ဘာဗီမုန်တိုင်း နှစ်ရက်၊ သုံးရက်ဝင်လို့ လူ ၂ သန်း နေရာရွှေ့ပြောင်းရတယ်တဲ့။ မြန်မာပြည်မှာတော့ တရုတ်ဘာဗီဝင်တာ သုံး၊ လေးနှစ်မကတော့ဘူးဆိုတော့ ပြည်သူ သန်း ၂၀ ကျော် ရွှေ့ပြောင်းကြရတယ်။ သေချိန်မတန်ဘဲ သေလိုက်ရတဲ့သူတွေရော ပေါင်းရင် သေသွားတဲ့ ပြည်သူကိုက သုံးသိန်းကျော်ပြီ။ စစ်သက်သက်ကြောင့် သေတာကိုက တသိန်းကျော်လေ။ လူငယ်တွေမှန်သမျှ လက်နက်ကိုင်နေရလို့ ပညာရေးကလည်း ပျောက်သွားပြီ။ ဒါဟာ တိုင်းပြည်အနာဂတ်ပျောက်တာပဲ မဟုတ်လား။ တိုင်းပြည်ပျောက်တာနဲ့ အတူတူပဲလေ။ တိုင်းပြည်ဖျောက်ချင်တဲ့ အကွက်ကြီး၊ အဂ္ဂမဟာဗျူဟာကြီးပေါ့။

တတိုင်းပြည်လုံး ဒုက္ခရောက်၊ ချစ်တဲ့ထောက်ခံသူတွေနဲ့ ကွေကွင်းရလို့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူတွေ သေပါစေလို့ ဆုတောင်းရတယ်။ တကယ်ကတော့ သဗ္ဗေသတ္တာ ဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေလို့ အမြဲမေတ္တာပို့နေတဲ့ နိုင်ငံတော်လေးပါ။ ဒါပေမဲ့လို့ တရုတ်ဘီဗာဝင်တဲ့ အချိန်ကစပြီးတော့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူတွေကို သေပါစေ။ သေတာ မြင်ရင်လည်း ပျော်လိုက်တာလို့ တခါမှ မလုပ်ဖူးတာတွေ လုပ်နေရတဲ့ နိုင်ငံလေးပေါ့။

တကယ်တော့ လူတွေ ဒုက္ခရောက်တာ ဘာပျော်စရာကောင်းမလဲ။ စစ်သားတွေသေတာတွေ့ရင် ဝမ်းသာရသလို တရုတ်တွေသေတာတွေ့တော့ ဝမ်းမသာတောင် ဝမ်းမနည်းကြတော့ဘူး။ တရုတ်ဟာ ကွန်မြူနစ်ဖြစ်ပေမယ့် အများပြည်သူကို မကြည့်တဲ့ အာဏာရှင်ဓလေ့စွဲကပ်နေတဲ့ ဇွန်ဘီတကောင် ဖြစ်နေပြီမဟုတ်လား။ တရုတ်၊ မြောက်ကိုရီးယား၊ ပူတင်တို့ကို ကြည့်လိုက်ရင်ကို နောက်ဆုံးတော့ အာဏာရူးနဲ့ ကွန်မြူနစ်ဆိုတာ တူးအင်ဝမ်း ဖြစ်လာတာပေါ့။ တရုတ်ပြည် ပျက်မှ ငါတို့သက်သာရာရမယ်လို့ တွေးရတော့တာပဲလေ။ နောက်ဆုံးတော့ တရုတ် ဆိုတာ အာဏာရှင်တွေကို လိုက်ရှာပျိုးထောင်မွေးမြူတဲ့ ပြည်ဖျက်မိစ္ဆာလို့ပဲ သတ်မှတ်ကြတော့တာပေါ့။ တရုတ်က ကိုယ့်ရဲ့ ဝိသမမူဝါဒတွေကို ပြန်သုံးသပ်ချိန်တန်ပြီပေါ့။ နည်းပညာတွေ တိုးတက်လို့၊ ချမ်းသာလို့၊ လက်နက်အင်အား တောင့်တင်းလို့ ကိုယ်ဘာမှ ပြန်မလုပ်နိုင်ပေမဲ့ သဘာဝကြီးက ဒဏ်ခတ်ပြီဆိုတော့ ပျော်ကြရပြီ။ ငါတို့အစား မိုးနတ်မင်းက ဆုံးမပေးပြီဆိုပြီး ငယ်ငယ်ကကြည့်ရတဲ့ တရုတ်စီရီးတွေထဲက မိုးနတ်မင်းဒဿနက ဝင်လာပြီလေ။

ငလမ မအလကတော့ အအူများလွန်းလို့ အူချာလည်နေပြီ။ ဆီလျော့သွင်းမယ်ဟောင်ပြီး ခွဲတမ်းလျှော့လိုက်တော့ ဈေးတက်တာပေါ့။ အဲဒီတော့ ဆီဈေးတက်ရကောင်းလားဆိုပြီး ဆီသည်တွေကို ကိုက်ဖို့ ခွေးလောကကို အူပြတော့ ခွေးစိတ်ခွေးမန်အပြည့်နဲ့ ခွေးဝဲစားတွေကလည်း ကုန်သည်တွေ့ရင် လည်ပင်းခဲပြီပေါ့။ အဲဒီမှာ ဆီသည်တွေလည်း ခွေးရူးကြောက်ပြီး ဆီမရောင်းကြတော့ဘူးလေ။ လျှော့ရောင်းရင် အရိုက်ခံရမယ်၊ လျှော့မရောင်းရင် အကိုက်ခံရမယ် မဟုတ်လား။ မအလရဲ့ ဆီမသွင်းဘဲ ကျည်သွင်းမဲ့ဒဏ် စုခံကြရတာပေါ့။ ကပစတွေက အခြေအနေမကောင်းဘူး မဟုတ်လား။ ဖင်ဝမှာ ဒင်ကရောက်နေပြီလေ။ ကပစစက်ရုံတွေ ရေဖြတ်၊ မီးဖြတ်အပြင် AA က P‌ တွေနဲ့ တွဲသတ်နေတော့ ကပစ ဆိုတာ ကုန်ပါစေ၊ ကျပါစေလို့တောင် သူ့တပ်ကကောင်တွေက လှောင်နေကြပြီ။ အင်း... ကျလည်း ကျတော့မှာကိုး။ ခုလောလောဆယ် AA ထိုးစစ်မှာ အမျိုးပစ်ပြေးရတော့မှာက ကပစလေ။ ဟိုက ဒီရက်ပိုင်း ရခိုင်ပြည်ရေနင်းနေလို့ နင်တို့ သက်သာနေတာ။ စစ်ကလည်း မတိုက်ရတဲ့နေရာဆိုလို့ ရှမ်းတပြည်ပဲ ကျန်တာ။ အသေအပြတ်ဆိုတာ တပ်ထဲပုံလို့။ ကြာလေ နာလေဆိုတာလည်း ဗိုလ်တိုင်းသိတဲ့ အမှန်တရား။ စစ်တပ်ဆိုတာ မသာထုတ်တဲ့ စက်ရုံဖြစ်နေတာ မဟုတ်လား။

အဲဒါကြောင့် ပစတွေနဲ့တင် မလောက်တော့ဘဲ NON တွေကို အရံစစ်သားလုပ်ခိုင်းမယ်၊ စစ်မှုထမ်းရင် ရာထူးတိုးပေးမယ်။ ဝန်ထမ်းရော၊ မိသားစုဝင်တွေရော နိုင်ငံခြားမထွက်ရ၊ ပါ့စပို့လုပ်ထားရင်တောင် ပြန်အပ်၊ အရေးယူခံရမယ်ဆိုပြီး ဇာတ်တူသား ကင်စား၊ ချက်စား၊ ပြုတ်သုတ်စားနေရပြီ။ သူတို့ စစ်ဗိုလ်ချုပ်တွေ မိသားစုကတော့ အေးဆေး။ နိုင်ငံခြားကို shopping ထွက်၊ dogging မပျက်။

အဲဒီတော့ မအိမ်လုံး သန်ကောင်ကြီးရဲ့ ရက်တရာမှာ အသက်တွေ ပိုပါသွားတာက စစ်တပ်၊ သွက္ချာပါဒကပ်ဆိုက်တာက ကုန်သည်၊ တရက်ထက်တရက် ပိုခက်လာတာက ပြည်သူ၊ တရက်ထက်တရက် ပိုသွက်လာတာက အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်။ တရက်ထက် တရက် ပိုပျက်လာတာက တိုင်းပြည်။

ရက်တရာ အူသံစုံထဲက မအိမ်လုံးငလမရဲ့ နှုတ်သီးနဲ့မဆံ့အောင် အူချက်တခု ရှိသေးတယ်။ ဘာတဲ့... အတန်းပညာ အားနည်းလို့ PDF များ ဖြစ်လာတာတဲ့။ တကယ့်ခွေး၊ ခွေးတောင် ခွေးမြီးတို၊ ‌အဲသလို ဝဲစား‌မြီးတို နှုတ်သီးညို ERO တောင် မဟောင်တတ်တဲ့ကောင်က အတန်းပညာနဲ့ စာပေအသိအမြင်အားနည်းလို့ PDF ဖြစ်တယ်လို့ ဟောင်သတဲ့။ ပညာနည်းလို့ ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်တယ်ဆိုတော့ ဒေါ်စိန်အေးဆင်း ပညာမင်းကြီးတွေမို့ ပြည်သူ့သတ်ဖြတ် မုဒိမ်းတပ် ဖြစ်နေတာပေါ့လေ။

ခွေးအစစ်တွေကတောင် ခွေးသိက္ခာကျလို့ လူ့အဖြစ်ကပလုံပြီး တန်ဆင်းဇုန်ခုန်ချလာ‌ပေမဲ့ ခွေးမှတ်ပုံတင် လုပ်မပေးလို့ ခွေးတုဘဝမှာ ရွေးတုနဲ့အုပ်ကြီး လုပ်နေရတဲ့ကောင်က အတန်းပညာ အားနည်းလို့ PDF ဖြစ်သတဲ့။ တော်သလင်းကြို ဖာဆန်ပြနေပုံကြီးက ခွေးဈေးပျက်သနော်။ စစ်တပ်ကလွှဲရင် ပညာရေးက တတိုင်းပြည်လုံး အားနည်းကြတော့ ခွေးတွေကို မဲမထည့်ဘဲ လူတွေချည်း ရွေးကောက်လိုက်လို့ ခုလို လူ့အာဏာ ခွေးမုဒိမ်းကျင့် ဖြစ်တာပေါ့တဲ့။ အဲဒါကြောင့် အရပ်ဖက်က ကျောင်းတွေကို ဗုံးကြဲ ဖျက်ဆီး၊ ကျောင်းသားတွေကို စစ်ထဲသွင်းပြီး တပ်တွင်းက အဆင့်မြင့်ပညာရေးကို လက်ဆင့်ကမ်းဖို့ ဒီရက်တရာမှာဆို အခါကြီးရက်ကြီးတောင် မနားဘဲ ဗုံးကြဲပေးနေရတယ်လို့ ဟောင်သွားတာများ နားကိုညည်းလို့တဲ့။ သူ ခွေးဖြစ်တာနဲ့ တတိုင်းပြည်လုံးကို ပြာပုံတိုးခိုင်းတဲ့ကောင်ရဲ့ ဟောင်ချက်တွေပေါ့။ ဒီလိုပါပဲ၊ ဘာသာရေးမှာလည်း စာသင်တိုက်ကြီးတွေ ဘယ်လောက်ဖွင့်ဖွင့် အဆင့်မရှိလို့ ရက်တရာအတွင်းမှာ နတ်ကိုးကွယ်သူတွေကို ဇိကုတ်နတ်ပြည်တင်တာမျိုးလို ကောင်းကင်ဘုံနဲ့ နိဗ္ဗာန်အမြန်ပို့ဆောင်ရေး အစီအစဉ်တရပ် ထည့်သွင်းပြီး ဘာသာရေးအဆောက်အဦးတွေပါ ပစ်မှတ်ထား ဗြင်းခိုင်းထားတယ်တဲ့။

ခု အာဆီယံကလည်း ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ ဘုံသဘောတူညီချက်လိုက်နာဖို့၊ ချုပ်ပြောရရင် စောက်ပိုတွေ မလုပ်ဖို့၊ ဉာဏ်နီဉာဏ်နက် မသုံးဖို့ ပြောနေပြီ။ အားလုံးနဲ့တွေ့ဖို့လည်း လုပ်နေပြီ။ ဒေါ်စုကို အမျိုးမို့ စောင့်ရှောက်ပါတယ်တွေ မရွှီးဘဲ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးလိုက်ဖို့ ပြောနေပြီ။ ကိုယ့်ပြည်သူကို သတ်တာတွေရပ်ဖို့ကို တခြားနိုင်ငံတွေက အတင်းနားချပေးနေရတဲ့ ခွေးတိရစ္ဆာန်တွေကတော့ တည်တည်ပြောင်ပြောင် ဟောင်အူမပျက် စောက်ခွက်အရှက်ကင်း ဗလာကျင်းပြနေပြီ။

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက လက်တွေ့ကျပြီး ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေကို မြင်တွေ့လိုပါတယ်။ အထူးသဖြင့် အရပ်သားတွေအပေါ်  အကြမ်းဖက်မှုတွေကို အပြီးတိုင်ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့နဲ့ လိုအပ်တဲ့နေရာတိုင်းကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ဖို့ ဖြစ်ပါတယ်” လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ရှင်းရှင်းဗွင်းဗွင်း ပြောထားတယ်။ ကိုယ့်နိုင်ငံသားကို ဒုက္ခမျိုးစုံပေးချင်တဲ့ ကောင်တွေကတော့ အင်းမလုပ်၊ အဲမလုပ်၊ မခုတ်တတ်တဲ့ကြောင်၊ အသားရှောင်တဲ့ကျား၊ အူကြောင်ကျားလေးတွေပုံစံနဲ့ သားသားနားမလည် လုပ်နေတာပေါ့လေ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar