၂၀၂၅ ခုနှစ်ရဲ့ အဖြစ်အပျက်များ - နိုင်ငံရေး၊ စစ်ရေး ကဏ္ဍ (အဆက်)
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃၀ မြင်ကွင်း
မိုးမခ ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၅
၂၀၂၅ ခုနှစ်ရဲ့ အဖြစ်အပျက်များ - နိုင်ငံရေး၊ စစ်ရေး ကဏ္ဍ (အဆက်)
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အင်အားကြီးထွားလာခဲ့တဲ့ လက်နက်ကိုင် ၂ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ MNDAA နဲ့ အပစ်ရပ် သဘောတူညီချက်ရပြီးနောက် လအနည်းငယ်အကြာမှာ အာဏာသိမ်းစစ်တပ်ဟာ မျှော်လင့်ထားတဲ့ အတိုင်း TNLA သိမ်းယူထားတဲ့ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းပေါ်က မြို့တွေကို ပြန်လည်သိမ်းယူဖို့ ထိုးစစ်ဆင်ခဲ့ပါတယ်။ လားရှိုးမြို့ကို မတိုက်ခိုက်ရဘဲ ပြန်ရပြီးနောက် ရှမ်းမြောက်ထိုးစစ်အရှိန်တွေက မြင့်တက်လာခဲ့ပါတယ်။ တောင်းခမ်းကနေ နောင်ချို၊ နောင်ချိုကနေ ကျောက်မဲ၊ ကျောက်မဲကနေ သီပေါ တို့ကို သိမ်းယူပြီးနောက်မှာတော့ မိုးကုတ်၊ မိုးမိတ်ကို အပစ်ရပ်သဘောတူညီမှုနဲ့ ရရှိခဲ့ပြန်ပါတော့တယ်။
မိုးကုတ်၊ မိုးမိတ်တို့ကိုရပြီးနောက်မှာ အပစ်ရပ်သဘောတူညီမှုကိုလည်း လက်မှတ်ထိုးခဲ့ပြီးဖြစ်လို့ ရှေ့ကို ဆက်မတက်တော့ဘဲ နောက်ဘက်ကို ပြန်လည်သိမ်းယူဖို့ ကြည့်တဲ့အခါ မိုးကုတ်-မန္တလေးကားလမ်း မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူတို့ကို သိမ်းယူဖို့ လုပ်ဆောင်ခဲ့တာ တွေ့ရမှာပါ။ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းကို တစတစ ထိန်းချုပ်နိုင်လာတဲ့နောက် ဧရာဝတီမြစ် နောက်ဘက်ကမ်း စစ်ကိုင်းတိုင်းထဲက နယ်မြေတွေကို ဆက်ပြီး ထိုးစစ်ဆင်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ ဧရာဝတီမြစ် ရှေ့ဘက်ခြမ်း က မတ္တရာ၊ စဥ့်ကူ၊ သပိတ်ကျဥ်းတို့ တကြောကို စစ်တပ်က ထိုးစစ်ဆင်ရတဲ့ အကြောင်းက ရွှေတွင်းတွေက ရတဲ့ အခွန်အကောက်ကို ဖြတ်တောက်ဖို့နဲ့ တောင်မြောက် ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ထိန်းချုပ်ဖို့ အကြောင်း ၂ ချက်ကြောင့် ဖြစ်နိုင်ပါတယ်။
၂၀၂၅ ထဲမှာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရှမ်းမြောက်၊ မန္တလေးတိုင်းအထက်ပိုင်း ဒေသတွေမှာ ၁၀၂၇ စစ်ဆင်ရေးကာလက သိမ်းယူထိန်းချုပ်နိုင်ခဲ့တဲ့ နယ်မြေအချို့ ပြန်လက်လွှတ်ခဲ့ရတာ ရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာလည်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ MNDAA အပစ်ရပ်သဘောတူခဲ့တဲ့နောက် ပြီးဆုံးသွားခဲ့ပြီလို့ မှတ်ယူရမယ့် သဘောလို့ဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ရှမ်းမြောက်ရဲ့ အနေအထားအပြောင်းအလဲကို ကြည့်ပြီးနောက် ကရင်နီပြည်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့ကို ကြည့်ရင် ကရင်နီပြည်က လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၂၀၂၅ မှာ ဖားဆောင်းမြို့သိမ်း တိုက်ပွဲဆင်နွှဲခဲ့တာက လွဲရင် အခြား ကြီးကြီးမားမား စစ်ဆင်ရေးတွေ မရှိပါဘူး။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထိုးစစ်ဆင်ခဲ့တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲက ၂၀၂၄ ခုနှစ်ကုန်ပိုင်းက အနေအထားမျိုးနဲ့ ဆက်လက်ရှိနေပြီး ၂၀၂၅ နှစ်လယ်ပိုင်းနဲ့ နှစ်ကုန်ပိုင်းတွေမှာတော့ ဒီးမော့ဆို ဖယ်ခုံတို့ကို စစ်တပ်က တစတစ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာတာသာ တွေ့ရပါတယ်။
ကရင်ပြည်နယ်မှာတော့ KNU/KNLA က တနှစ်တာနီးပါး ထိန်းချုပ်ထားတဲ့ သင်္ဃန်းညီနောင်ဗျူဟာစခန်းတွေ ၊ အာရှလမ်းပိုင်း တို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သလို မြဝတီမြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်မျဥ်းတလျှောက်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကိုတော့ KNU/KNLA က တခုပြီးတခု သိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ KNU/KNLA နဲ့ စစ်တပ်တို့ရဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေမှာ ကြားနေခဲ့တဲ့ BGF တပ်ဖွဲ့ဟာ ကျားဖြန့်နှိမ်နှင်းရေး နိုင်ငံတကာဖိအားတွေ ကျရောက်ပြီးနောက် စစ်တပ်ဘက် ပြန်လည်နီးစပ်ကာ ရွေးကောက်ပွဲကို ကူညီပေးမယ်ဆိုတဲ့ ထုတ်ပြန်ချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက ကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းဖို့ တရုတ်နိုင်ငံက ဖိအားပေးလာခဲ့ရာမှာ BGF နဲ့ DKBA တို့အဖို့ သီးခြားရပ်တည်ဖို့ ခက်ခဲလာရာက စစ်တပ်ဘက်ကို ပြန်လည်အားကိုးရမယ့် အခြေအနေဆီကျရောက်ခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်း မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာက အာရုံစိုက်လာကြချိန်မှာ အဆိုပါ ဒေသမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကျားဖြန့်လုပ်ငန်းကို ဘယ်လောက် အတိုင်းအဆနဲ့ ဖယ်ရှားမလဲ၊ နှိမ်နှင်းပြမလဲဆိုတဲ့ မေးခွန်းက ဖိစီးလာစေခဲ့ပါတယ်။ အာဏသိမ်းစစ်တပ် အနေနဲ့ ရှမ်းမြောက် ကိုးကန့်ဒေသက စစ်တပ်ခန့်အပ်ထားတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ခေါင်းဆောင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ပတ်သက်နေခဲ့တဲ့အတွက် သိက္ခာကျခဲ့ရတဲ့ အဖြစ်ကို သင်ခန်းစာယူပြီး မြဝတီမြို့နယ်က ကျားဖြန့်ဂိုဏ်းတွေရဲ့ အဆောက်အဦတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်ပြပြီး တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေရဲ့ ဖိအားကို ပြေလျော့အောင် ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းက ရှမ်းမြောက်ဒေသက ကျားဖြန့်ဂိုဏ်းတွေကြီးထွားမှုကို နိုင်ငံရေးပြဿနာ တရပ် အဖြစ် နိုင်ငံတကာက ပုံဖော်လာကြတာကို စစ်တပ်က ကောင်းစွာ သဘောပေါက်ထားပုံလည်း ရပါတယ်။ ကျားဖြန့် ပြဿနာက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထိနာဆုံးဖြစ်စေမလဲ ဆိုတာတော့ ကောက်ချက်ချဖို့ အနည်းငယ်စောနေသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာတော့ KNU/KNLA က ထိုင်းနယ်စပ် စစ်ကောင်စီစခန်းတချို့ကို ၂၀၂၅ ခုနှစ်ထဲ သိမ်းယူနိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းထဲမှာ လှုပ်ရှားနေကြတဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့တော့ မြို့၊ နယ်မြေသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့တာမျိုး မတွေ့ရသလို ကြီးကြီးမားမား ဆုတ်ခွာပေးရတာမျိုးလည်း မတွေ့ရပါဘူး။
၂၀၂၅ ခုနှစ်ထဲမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှာတော့ AA တပ်ဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ဒေသအများအပြားကို သိမ်းယူခဲ့ပြီး အဆိုပါဒေသတွေနဲ့ ထိစပ်နေတဲ့ ဧရာဝတီ၊ ပဲခူးတိုင်း အနောက်ခြမ်း၊ မကွေးတိုင်းအနောက်ဘက် တို့မှာ တလျှောက်လုံး တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ နှစ်ကုန်မှာ ရခိုင်ပြည်နယ် တောင်ဘက် အကျဆုံး ဂွမြို့နယ်ကို သိမ်းယူနိုင်ခဲ့တဲ့ AA တပ်ဖွဲ့တွေ အနေနဲ့ ဧရာဝတီတိုင်း အစပ် ရေကြည်၊ သာပေါင်းမြို့နယ်တွေ အထိ တဖြည်းဖြည်း ဖိလာခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် တနှစ်လုံး အဆိုပါဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့သလို၊ တောင်ကုတ် ပန်းတောင်း ကားလမ်းမှာလည်း ရခိုင်ရိုးမနဲ့ ပဲခူးတိုင်းအစပ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဒေသရဲ့ အထက်ဘက် မင်းဘူးအမ်းလမ်းဘက်မှာတော့ နတ်ရေကန် ဗျူဟာစခန်းကို AA က လနဲ့ ချီ ထိုးစစ်ဆင်နေခဲ့ပြီး ယခုချိန်ထိတော့ နတ်ရေကန်စခန်း မကျသေးပေမယ့်လည်း မကွေးတိုင်း အနောက်ဘက်ခြမ်းက ကာကွယ်ရေး ပစ္စည်းစက်ရုံ တွေကို ခြိမ်းခြောက်လာနိုင်တဲ့ အထိ AA ကဘက်က ထိုးစစ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စစ်မျက်နှာတွေမှာ တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေဟာ AA တပ်ဖွဲ့က တပ်ရင်းတွေချည်းတော့ မဟုတ်ကြပါဘူး။ ဧရာဝတီတိုင်းမှာ ဧရာဝတီတိုင်းက PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ကြသလို၊ ပဲခူးတိုင်းမှာလည်း ပဲခူးတိုင်းထဲက PDF တပ်ဖွဲ့တပ်ရင်းတွေ ပါဝင်ကြပြီး မကွေးတိုင်းထဲက စစ်မျက်နှာမှာလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြို့ ၂ မြို့သာကျန်ရှိတော့တာ ဖြစ်ပြီး ပြည်နယ်ရုံးစိုက်ရာ စစ်တွေမြို့နဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ သဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း ရှိရာကျောက်ဖြူမြို့တို့သာ ကျန်ရှိတာ ဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်ထဲမှာလည်း ၂၀၂၅ နှစ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲပါဝင်တဲ့ မြို့၊ မကွေးတိုင်း မြောက်ပိုင်းတွေမှာလည်း ယခုနှစ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပြီး ချင်းလက်နက်ကိုင် အဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေ အထဲက ဖလမ်းမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်တပ်က ၂၀၂၅ နှစ်လယ်ပိုင်းမှာ စတင်ပြင်ဆင်ကာ နှောင်းပိုင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း တွေ့ရပါတယ်။ တီးတိန်မြို့ ဟားခါးမြို့တွေကိုသာ စစ်တပ်ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သယံဇာတ ပြောပလောက်အောင် မထွက်ရှိသလို၊ မဟာဗျူဟာကျတဲ့ လမ်းကြောင်းပေါ်လို နေရာမှာ တည်ရှိတာမဟုတ်တဲ့ ချင်းပြည်နယ်ကို အာဏာသိမ်းစစ်တပ်အနေနဲ့ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်တာ မတွေ့ရပါဘူး။
မြန်မာနိုင်ငံ မြောက်ဘက် အကျဆုံး ကချင်ပြည်နယ်မှာတော့ ယခုနှစ်ထဲ ထူးခြားတဲ့ စစ်ရေးလှုပ်ရှားမှု ဖြစ်ရပ်အနေနဲ့ ဆိုရင် တနှစ်ပြည့်လာပြီဖြစ်ပေမယ့် ဘယ်ဘက်ကမှ အပြတ်အသတ် အနိုင်မရတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၊ ဖားကန့်ဒေသထဲကို စစ်တပ်က ပြန်လည်ဝင်ရောက်နိုင်ခဲ့တဲ့ အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ KIA တပ်တွေရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ၆ လခန့် အာဏာသိမ်းစစ်တပ်ကို ဖိထားနိုင်ခဲ့ရာက မိုးရာသီအလယ်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ လူနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေပါဝင်တဲ့ စစ်ရေယာဥ်တန်း ရောက်ရှိပြီးနောက်မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲရဲ့ ချိန်ခွင်လျှာ အနည်းငယ်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ မိုးရာသီအလယ်ပိုင်းကနေ အခုနှစ်ကုန်ဆုံးသည်အထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဘယ်ဘက်ကမှ အနိုင်မရသေးတဲ့ အနေအထားဖြစ်ပါတယ်။
အခု ဖေါ်ပြခဲ့တဲ့ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး နဲ့ မကွေးတို့က တိုက်ပွဲ အနေအထားတွေ အပြင် အခြားဒေသတွေ ဖြစ်တဲ့ ရှမ်းတောင်၊ ပဲခူးတိုင်း အရှေ့၊ နေပြည်တော်၊ ရန်ကုန်၊ မွန် စတဲ့ ဒေသတွေမှာတော့ ထူးထူးခြားခြား နယ်မြေသိမ်းတာ လက်လွှတ်ဆုံးရှုံးရတာတွေ ယခုနှစ်ထဲ မတွေ့ရဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
(ဆက်လက် ဖေါ်ပြပါမယ်။)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar