Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပါ့ခ်ပေါင်းစုံလင် ကရင်တခွင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ပါ့ခ်ပေါင်းစုံလင် ကရင်တခွင်

မိုးမခ ၊ ဒီဇင်ဘာ ၂၄ ၊ ၂၀၂၅


ရှီကျင့်ဖျင်ပါ့ခ်၊ မင်းအောင်လှိုင်ပါ့ခ်၊ ခင်စိုးဝင်းပါ့ခ်၊ စောချစ်သူပါ့ခ်၊ စောတင်ဝင်းပါ့ခ်၊ ဗိုလ်မုတ်သုန်ပါ့ခ်၊ စောဆန်းအောင်ပါ့ခ်၊ နိုင်မောင်ဇော်ပါ့ခ် စသဖြင့် ပါ့ခ်ပေါင်းစုံလင် ကရင်တခွင်မှာ ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့်ပါ့ခ် ၄၂ ခုအထိ ရှိလေသည်ဟု မြန်မာနောင်းက မောင်းခတ်လိုက်ချေသည်တမုံ့။ 

ငွေလိမ်စခန်းများအနက် သုံးခုသည်သာ ထင်ထင်ပေါ်ပေါ်  တိုက်ဖျက်ခံနေရပြီး ကျန်စခန်းများသည် ပန်းပန် နန်းဆန်လျက်ပင်။ စခန်းရှစ်ခုလောက်ပဲ လူသိကြပြီး ကျန်စခန်းများမှာ အိတ်ထောင်မပါသော ဖထီးတို့အင်္ကျီအောက်တွင် ပျောက်ကွယ်နေသည်ဟု ဆိုရပေချိမ့်။

သောင်ရင်းမြစ်တလျှောက် ပါ့ခ်တွေ ပဲပင်ပေါက်ကဲ့သို့ ပေါက်နေပြီး ရက်စက်ယုတ်ကန်းသည့် တရုတ်လူလိမ် သိန်းချီနှင့် နိုင်ငံတကာမှ လူကုန်ကူးခံ လိမ်ညာပေးရသူများလည်း သိန်းချီရှိနေတုန်းပင်။ တချို့ကတော့  ရန်ကုန်၊ မန္တလေး စသောပြည်မကြီးထဲသို့ မြန်မာမှတ်ပုံတင်များ ကိုင်ဆောင်၍ ပြောင်ပြောင်တင်းတင်း ဝင်းဝင်းပပ သဒ္ဓမ္မဇောတိက သူတော်ကောင်း သူဌေးကြီးများအဟန် သာသနာစောင့်နတ်မင်းကြီးများ ပုံစံဖြင့် ဆင်မယဉ်သာ သွားလာလှုပ်ရှား ငွေလိမ်လုပ်ငန်းများ တိုးပွားဖြစ်ထွန်းအောင် ကြံဆောင်လျက်ရှိနေချေသည်တကား။

ကျားများဝန်းရံလျက်ရှိသော မြဝတီလေးသည် မအေးချမ်းနိုင်ရှာတော့ပေ။ သူမကို တရုတ်ကြီးကလိုချင် အမေရိကန်ကြီးက လိုချင်နှင့် ဘယ်သူ့လင် တော်ရမည်မသိ ဖြစ်နေရှာသည်။ တရုတ်ကြီးကလည်း အမေရိကန်ကြီးကို မျက်စောင်းမျှမရွယ်ဖို့၊ အမေရိကန်ကလည်း လူကြီးစုံရာနှင့်လာမြန်းဖို့ အကြမ်းပတမ်း ပြင်ဆင်နေသည်။

တရုတ်ကြီးက ခြိမ်းခြောက်လေသည်နှင့်အမျှ အမေရိကန်ကလည်း တရစ်ပြီးတရစ် တင်းလာချေပြီ။ အထက်လွှတ်တော်က S. 2950 – Scam Compound Accountability and Mobilization Act ကျားဖြန့်စခန်းများအတွက် တာဝန်ခံမှုရှိစေရေးနှင့် စုပေါင်းလှုပ်ရှားမှု အက်ဥပဒေတော်ကြီးပြုလိုက်၊ အောက်လွှတ်တော်က H.R. 5490 – Dismantle Foreign Scam Syndicates Act နိုင်ငံခြား ငွေလိမ်ဂိုဏ်းများ ဖြိုခွင်းရေး အက်ဥပဒေတော်ကြီးပြုလိုက်၊ လွှတ်တော်ကြားနာပွဲတွေ လုပ်လိုက်၊ အာဏာသိမ်းကောင်တွေကို အန္တရာယ်ကောင်အဖြစ် သတ်မှတ်လိုက်၊ အမေရိကန်နိုင်ငံသားများ အပါအဝင် နိုင်ငံတကာမှ ပြည်သူများကို ခရစ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု အမြတ်ငွေများ ရရှိမည်ဟု မက်လုံးပေးကာ လိမ်လည်မှုများ ပြုလုပ်နေသော ကျောက်ခက်ရွာအခြေစိုက် တိုင်ချန်ကျားဖြန့်ဂိုဏ်း၏ ဝက်ဘ်ဆိုက်ဒိုမိန်းကို အမေရိကန် FBI က ဖော်ထုတ်သိမ်းဆည်းလိုက်နှင့် ဘက်ပေါင်းစုံက ပတ်ကာ ကပ်လာချေပြီ။ သူ့နိုင်ငံသားတွေ၏ငွေ ဒေါ်လာသန်းရာချီကို အော်ဂလီဆန်စရာနည်းလမ်းဖြင့် မြည်းစမ်းရုံမက အဝစားကြိတ်ထားသည့် တရုတ်၊ စကစနှင့် အပေါင်းအပါဖထီးများကို သူကောင်းပြုပေတော့မည်။

တရုတ်စီမံကိန်းကြီးများ အကာအကွယ်ယူ၍ စနစ်တကျ ဖွဲ့စည်းထားသော တရုတ်ရာဇဝတ်ဂိုဏ်းများသည် ငွေကြေးလိမ်ယူမှုလုပ်ငန်းများကို တကမ္ဘာလုံးက သူများထံမှ မည်၍မည်မျှ မခန့်မှန်းနိုင်သော ငွေကြေးများကို လိမ်လည်ရယူပြီးသော်လည်း မရပ်တန့်နိုင်တော့ပေ။ လွယ်လွယ်ရလျှင် သူကြွယ်ပင် လိုချင်သည်ဆိုသည့်အတိုင်း အလွန်လူမဆန်သည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် လူသိန်းသောင်းချီဖြင့် လုပ်ကိုင်နေသည်မှာ ဤဒွန္နယာတွင် တခါဖူးမျှ မပေါ်ဖူးသော ဂိုဏ်းအမျိုးအစားကြီး ဖြစ်ချေနေတော့ရာ ကမ္ဘာ့လူစွာကြီး အမေရိကန်ပင် မည်သို့ ဖြိုခွဲရမည်မသိ ဖြစ်နေရှာတော့သည်။ အနှီသို့ ဤသို့ရှိစဉ်ကြိုက်တွင် တရုတ်ကြီးက ငွေလိမ်ခြင်းကို အကြောင်းပြု၍ အဘယ်သူမျှ ဝင်မရှုပ်ရန် မဆီမဆိုင် ကြွေးကြော်လာပြန်သည်။ လူတကာကို လှမ်းလိမ်နေသူကို လူတကာက အရေးမယူရဟုဆိုခြင်းမှာ တန်တော့ လူလိမ်များသည် သူ့လူများ၊ သို့မဟုတ် သူ့စီမံချက်ဟု ဆိုလိုရာသည်။ သူ့လူမျိုးတွေက သူ့စီမံကိန်းနောက်ကွယ်က ဤငွေလိမ်လုပ်ငန်းများကိုလုပ်ကိုင်နေပေရာ ဆင်ခြေရာ ရှာစရာ မလိုတော့ချေ။

အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် တရုတ်နှင့် စစ်တပ် လက်အောက်ခံ ကိုးကန့်တရုတ်တပ်၊ ဝတပ်တို့ကြား တရုတ်ပြည်စီမံကိန်းကြီးများနှင့် တွဲဖက်မွေးဖွားကြီးပြင်းလာခဲ့ကြသည်။ One Belt One Road One Scam ဟုပင် ဆိုထိုက်ပေသည်။ အကန့်အသတ်မဲ့သော လောဘသဘောတံထွာ ဓမ္မတာအရ တရုတ်လုပ်ကိုဗစ်က တရုတ်ကို မထင်မှတ်လောက်သည်အထိ ပြန်သတ်သလို တရုတ်လုပ်ကျားဖြန့်ကလည်း တရုတ်ကို မထင်မှတ်လောက်သည်အထိ ပြန်ဟပ်လေတော့ရာ ရှီကျင့်ဖျင် ထိုင်ခုံခွေးလေးယားသီး ဖြူးထားသကဲ့သို့ ဖြစ်လာပေတော့သည်။ သူ မွေးသည့်မျောက် သူ့ပြန်ခြောက်၊ သူမွှေးသည့်မီး သူ့ပြန်လောင် ဆိုသလို သူ့နိုင်ငံသားတွေနှင့် ကျားဖြန့်လုပ်ငန်းလေ့ကျင့်ခန်းဆင်းကြည့်ရာက သူဌေးဖြစ်ဖြတ်လမ်း တွေ့သွားကြပြီး တရုတ်တွေချင်း ခွေးဖြစ်အောင် ဆော်ကြပေတော့ရာ တရုတ်အစိုးရသည် ကျားဖြန့်ခေါ်  အွန်လိုင်းလောင်းကစားဂိုဏ်းများကို နှိမ်နှင်းဖို့ သိသိသာသာ လုပ်ရသည့်အဆင့် ရောက်လာပြီး စစ်အုပ်စုကိုဖိအားပေးခိုင်းစေရုံနှင့်မလုံလောက်တော့ဘဲ နယ်မြေအပေးအယူ ဘုရင်လုပ်ခွင့် အပေးအယူများနှင့်ညှိနှိုင်းကာ နွေဦးတော်လှန်ရေးနှင့်ယာယီမဟာမိတ်ဖွဲ့၍ ၁၀၂၇ စစ်ဆင်ရေးကြီးအထိ ကမ္ဘာသိ လုပ်လိုက်ရပေတော့သည်။ နိုင်ငံသားများပျောက်ဆုံးမှုရော၊ နိုင်ငံသားများငွေလိမ်ခံရတာရောပေါင်း၍ နိုင်ငံတကာကလည်း အလွန်အမင်း စိတ်ဝင်စားလာတော့ရာ ခုတော့ ညောင်နာနာမာလီခြံစောင့်မင်းအောင်လှိုင်ကို ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံခြားအဝင်မခံဖို့အမိန့်တော်မြတ်မှတ်ပြီးသကာလ ရပ်ထားသည့် ကျားဖြန့်နှိမ်နင်းရေးကို ဟန်ဆောင်ပန်ဆောင် ဆက်လက်လုပ်ကိုင်ပြ‌နေရပေပြီလတည်း။

ဂရိတ်မဟာအမေရိကန်သည် တရုတ်စီမံကိန်းများ အခြေစိုက်ရာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့က နိုင်ငံတကာ အွန်လိုင်းငွေလိမ်ဂိုဏ်းစင်တာတွေ တိုက်ဖျက်ဖို့ ဥပဒေပြုပြီးကို လုပ်ဆောင်လာရပါပြီ။ ဒီလုပ်ငန်းတွေက ငွေလိမ်ရုံမက လူကုန်ကူးမှုနှင့် လူတွေကို သိုလှောင်ညှင်းပန်းမှု နှိပ်စက်သတ်ဖြတ်မှု ထပ်ဆင့်လိမ်လည်စေမှု ပြည့်တန်ဆာအဖြစ်ခိုင်းစေမှု မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိမှု စသည့် အော့နှလုံးနာဖွယ် မကောင်းမှုအစုံရောပြွမ်းထားသည့် ခေတ်မီနည်းပညာနှင့် လူသိန်းချီ တပြိုင်တည်း လုပ်နေကြသည့် လုပ်ငန်းဆိုးချည်းဖြစ်ရကား တစမကျန် တိုက်ဖျက်ပြီးလျှင် ပူးပေါင်းကျူးလွန်သူတွေကို မဖြစ်မနေ တာဝန်ယူစေရမည်ဟု ဥပဒေလုပ်တော့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးသည့် မြန်မာစစ်အုပ်စု အာဏာပိုင်တွေနှင့် ငွေလိမ်ဂိုဏ်းတွေ ဘယ်လောက်ထိ ဆက်စပ် ပတ်သက်နေသလဲဆိုသည်ကို စုံစမ်းစစ်ဆေးဖို့လည်း ဥပဒေကြမ်းမှာ ထည့်သွင်းထားသည်။ ဤအချက်ကတော့ တရုတ် ဖိအားပေးသည့်အတွက် ရှမ်းမြောက်ကျားဖြန့်နှိမ်နင်းရေးမှာ အရေးယူထားရသည့် စစ်ဗိုလ်ချုပ်ကြီးများ၊ တရုတ်လက် အပ်လိုက်ရသည့် ကျားဖြန့်သဒ္ဓမ္မဇောတိကများကို ကြည့်လျှင် အလွယ်တကူမြင်နိုင်ပါသည်။ ကရင့်ကျားဖြန့်တွေကြည့်လျှင်လဲ မအလ လက်အောက်ခံ BGFနှင့် DKBA တွေချည်းမို့ ပြေးကြည့်စရာမလိုလောက်အောင် ဘောလုံးကွင်းထဲ ဂေါ်ဇီလာဆင်းသလို ထင်းထင်းကြီး မြင်နေရပါပြီ။ အနှီလုပ်ငန်းအားလုံးကို တရုတ်များနှင့်သာလုပ်ကြပြီး အနှီတရုတ်တို့မှာလည်း One Belt One Road နောက်ခံနှင့် ဖြစ်နေကြရာ မမြလေးကို ရှီကျင့်ဖျင်နှင့် ထရန့် လုကြတော့မှာဖြင့် သေချာနေပါကြောင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar