မောင်တူး - ဗင်နီဇွဲလားသမ္မတကို ဖမ်း၊ မြန်မာသမ္မတတွေကို ဖမ်း
မောင်တူး - ဗင်နီဇွဲလားသမ္မတကို ဖမ်း၊ မြန်မာသမ္မတတွေကို ဖမ်း
မိုးမခ ၊ ဇန်နဝါရီ ၈ ၊ ၂၀၂၆
ဘုရင်ကို ဖမ်း၊ ရမာန်ကန်းလို
အဆန်းရာဇဝင်၊ ရိုင်းလို့ပင်သား
မတရားလား၊ တရားလားဟု
စဉ်းစားတွေးတောကြည့်သောအခါ။ ။
ပူပူနွေးနွေး ၂၀၂၆ နှစ်အစ ဇန်နဝါရီ ၃ ရက်နေ့မှာ ဗင်နီဇွဲလားနိုင်ငံ အာဏာရှင် သမ္မတ မဒူရိုကို အမေရိကန် စစ်တပ်က မြို့တော် ကာရာကပ်စ်မှာ သွားဖမ်းပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ချုပ်နှောင် တရားစွဲထားပါပြီ။ အကြောင်းပြချက်ကတော့ မူးယစ်ဆေးဝါးကိစ္စပါ။ ဒါပေမဲ့ စစ်တပ်အားကြီး နိုင်ငံကြီးတခုက အချုပ်အခြာအာဏာာကို ချိုးဖောက်ပြီး အခုလို ဝင်ရောက်ဖမ်းဆီးတာကတော့ သေချာပါတယ်။ တရားပါသလား။ မတရားဘူးလား။ ဗင်နီဇွဲလားသမ္မတ မာရူဒိုကတော့ အကျဉ်းကျနေရပါပြီ။
အလားတူ ဖမ်းဆီးတာမျိုးကို မြန်မာပြည်မှာလည်း ပြည်သူတွေက အမြန်ဖြစ်စေချင်နေကြပြီလို့ တိုးတိုး ကျယ်ကျယ် ပြောသံတွေ ကြားလာရပါပြီ။ ယာယီသမ္မတက ကာချုပ် မင်းအောင်လှိုင်ပါ။ အမေရိကန်က အခုလို ဗင်နီဇွဲလားလို နိုင်ငံတနိုင်ငံရဲ့ သမ္မတကို ဝင်ဖမ်းခေါ်သွားတာမျိုးက မြန်မာ အာဏာသိမ်းစစ်တပ် ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်တို့ကို စိုးရိမ်စရာ အဖြစ်အပျက်တခု အဖြစ်နဲ့ စိတ်မချမ်းမြေ့ကြစေမှာပါ။ နောက်ပိုင်းမှာ အမေရိကန်က မြန်မာ့အရေးမှာ ဝင်ရောက် စွက်ဖက်နိုင်ခြေ ရှိ၊ မရှိကို ဟောကိန်း မထုတ်နိုင်ပေမဲ့ စစ်အင်အားကြီးနိုင်ငံတွေအနေနဲ့ တခြားနိုင်ငံ တနိုင်ငံရဲ့ သမ္မတတို့၊ ဝန်ကြီးချုပ်တို့လိုမျိုးကို ဝင်ဖမ်းချင်လျှင် ဖမ်းနိုင်တယ်ဆိုတဲ့ နမူနာပြ ဖြစ်ရပ်ကြောင့် အာဏာရှင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ပူပန်တွေးတောဖွယ်ရာတော့ ဖြစ်စေမှာပါ။ အခုဆိုရင် ဗင်နီဇွဲလား အလားတူမျိုး မကြုံရစေအောင် အာဏာသိမ်း စစ်တပ်အနေနဲ့ ရုရှား၊ တရုတ်နိုင်ငံတွေနဲ့ သံတမန်ရေး၊ စစ်ရေး ပိုပြီး အကူအညီတွေယူဖို့ ပြင်နေလောက်ပြီ။
မြန်မာနိုင်ငံသမ္မတကို စစ်တပ်က အင်အားသုံးဖမ်းဆီး
မြန်မာမှာ နိုင်ငံတော်သမ္မတကို စစ်တပ်က အင်နဲ့ အားနဲ့ နေထိုင်ရာ အိမ်တော်မှာ ဝင်ဖမ်းခဲ့တာ ရှိခဲ့ဖူးပါတယ်။ ဒီလို ဝင်ဖမ်းတာကလည်း တကြိမ်တည်း မဟုတ်ပါဘူး။ နှစ်ကြိမ် နှစ်ခါတောင် ဖြစ်ခဲ့ပါရဲ့။ ၂၀၂၁ ခုနှစ်မှာ တကြိမ် ၁၉၆၂ ခုနှစ်မှာ တကြိမ် ဖြစ်ခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော်မှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို မအလ စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ၁၉၆၂ ခုနှစ်ကတော့ ရန်ကုန်မှာ ပြည်သူ့သမ္မတကြီး စပ်ရွှေသိုက်ကို ဗိုလ်နေဝင်း စစ်တပ်က ဝင်ဖမ်းခဲ့တာပါ။ တကြိမ်နဲ့ တကြိမ် နှစ် ၆၀ ကွာခြားခဲ့တယ်ဆိုပေမဲ့ မြန်မာအာဏာသိမ်းစစ်တပ်က မြန်မာ့ ပြည်သူ့ရွေးကောက်ခံ သမ္မတကို ဖမ်းတာဆီးတာချင်းကတော့ အတူတူပါ။ အခု အမေရိကန်က သူများနိုင်ငံက သမ္မတကို ဝင်ဖမ်းတယ်။ တကြိမ်။ မြန်မာပြည်မှာတော့ ကိုယ့်နိုင်ငံ စစ်တပ်က ကိုယ်ပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတတွေကို ဥပဒေကို ချိုးဖောက်ပြီး အိမ်တော်တွေမှာ ဝင်ရောက် ဖမ်းဆီးခဲ့ကြတယ်။ နှစ်ကြိမ် နှစ်ခါ။
မြန်မာပြည်က သမ္မတ အဖမ်းအဆီး မြင်ကွင်းတွေ
သမ္မတကြီး စပ်ရွေသိုက်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ကို စစ်တပ်က ဝင်ဖမ်းတာတွေက ၁၉၆၂ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့ကဆိုတော့ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က တခါ၊ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတခါပေါ့။ ဒါပေမဲ့ ဒီမြင်ကွင်းကို မြင်ခဲ့ရသူတွေက ပြန်ပြောကြပါတယ်။ နောက်ပိုင်းမှပေါ့။ သမ္မတ ဦးဝင်းမြင့်ကို ဖမ်းတုန်းကဆို တာဝန်လွှဲပြောင်းပေးဖို့ လက်မှတ်ထိုးပေးရင် ကျန်းမာရေးကြောင့် အနားယူမယ် ဆိုရင် ဖမ်းမှာ မဟုတ်ဘူးတဲ့။ အမယ်… သမ္မတကို ဖမ်းတာတောင် အပေးအယူနဲ့ပါ။ ဦးဝင်းမြင့်ကတော့ ပြည်သူ့ဘက်တော်သား ပီသခဲ့ပါတယ်။ ရဲရဲရင့်ရင့်ပါပဲ။ စစ်တပ်နဲ့ မပူးပေါင်းခဲ့ပါဘူး။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က သမ္မတကြီး စဝ်ရွှေသိုက်ကို ဝင်ဖမ်းတုန်းကဆိုရင် သားဖြစ်သူ စ ပ်မီမီသိုက်က သေနတ်နဲ့ ပြန်ပစ်တော့ စစ်တပ်က စဝ်မီမီသိုက်ကို ပစ်သတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သမ္မတကြီး စဝ်ရွှေသိုက်ဟာလည်း ရဲရဲရင့်ရင့် စစ်တပ်ကို ရင်ဆိုင်ပြီး အဖမ်းခံခဲ့ပါတယ်။
ကြုံလို့ ပြောပြရရင် ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်က ဖြုတ်ချခံခဲ့ရတဲ့ မြန်မာနိုင်ငံ ၁၉ ယောက်မြောက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ အိမ်ကို ရဲချုပ်ခင်ရီနဲ့ အဖွဲ့ ဝင်ရောက် စီးနင်းစဉ်ကတော့ ခင်ညွန့်ဟာ သမ္မတ စဝ်ရွှေသိုက်တို့လို ဦးဝင်းမြင့်တို့လို ရဲရဲရင့်ရင့် မရှိခဲ့တာကို တွေ့ရပါတယ်။ ငိုမဲ့မဲ့မျက်နှာကြီးနဲ့ ဗွီဒီယိုထဲမှာ ခင်ရီကို ညည်းညူပြနေတာကို ကျနော်တို့ ကြည့်ရှုခဲ့ကြရပါတယ်။ ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခင်ညွန့်ကို သိက္ခာချတဲ့ သဘောနဲ့ ဗွီဒီယိုကို အများပြည်သူ သိရှိစေအောင် တမင် ထုတ်ပေးလိုက်တာပါ။ အခုလည်း အမေရိကန် သမ္မတက ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးပုံတွေကိုလည်း ဒီလိုပဲ ထုတ်ပြတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း တရားခွင်နဲ့ တခြား ပုံရိပ်တွေကို မင်းအောင်လှိုင်က ထုတ် ထုတ်ပြခဲ့တာလည်း ဒီသဘောပါပဲ။ သူများနိုင်ငံက ဖမ်းတာဆီးတာတွေကို ထားလိုက်ပါတော့ ကိုယ်နိုင်ငံက အဖမ်းအဆီးတွေမှာတော့ ပြည်သူ့ဘက်တော်သားတွေဟာ ဖမ်းရုံမက သတ်လိုက သတ်စေ မမှုခဲ့ကြပါဘူး။ မတုန်လှုပ်ခဲ့ကြပါဘူးဆိုတာ သမိုင်း ရာဇဝင်ချီ သက်သေပြခဲ့ကြပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေ အာဏာရှိတုန်း သူတပါးကို အနိုင်စား ဗိုလ်ကျခဲ့ကြသူတွေကတော့ သူတို့ အဖမ်းခံကြရချိန်တွေမှာ သံဝေဂ နောင်တတွေနဲ့ ကမ္ဘာပျက်မတတ် ခံစားလို့ သွားကြရလေ့ ရှိတတ်ပါတယ်။
အမြန်ယူထွက်သွားရမည့် တနိုင်တပိုင် တန်ဖိုးရှိပစ္စည်း
မနေ့က လက်ဖက်ရည်ဆိုင်ထိုင်တော့ အသိတယောက်နဲ့ တွေ့ပြီး စကားပြောကြတယ်။ ပြောကြရင်းက နအဖ အတွင်းရေးမှူး-၃ ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့် အဖမ်းခံရတဲ့အကြောင်း ရောက်တော့ သူ အဖမ်းခံရပြီး ခင်ညွန့် ထောက်လှမ်းရေးက အိမ်ကို ဝင်သိမ်းချိန် (၉/ ၁၁/ ၂၀၀၁) နေ့ကပေါ့။ တွင်း ၃ ဝင်းမြင့်ဟာ အာဏာရှင်ကြီး ဦးနေဝင်းနဲ့ စကော်ပီယံဂိုဏ်းခေါင်းဆောင် သူ့မြေးတွေရဲ့ အာဏာသိမ်းပွဲ ကြံစည်မှုနဲ့ အဖမ်းခံခဲ့ရတာပါ။ အိမ်သွားသိမ်းသူတွေက တွင်း ၃ ရဲ့ဇနီးကို အိမ်ရှိ တန်ဖိုးရှိပစ္စည်း တနိုင်စာ သယ်ခွင့်ပြုတယ်တဲ့။ ကျပ်ငွေစက္ကူတွေ၊ ဒေါ်လာ ငွေစက္ကူတွေ အိတ်တွေနဲ့ အထပ်လိုက် ရှိတယ်။ ရွှေချောင်းအိတ်တွေ ကျောက်သံပတ္တမြားတွေ အများကြီး ရှိနေတယ်တဲ့။ ဒါပေမဲ့ တနိုင်ဆိုတော့ ရွှေတုံးအိတ်တွေလောက်နဲ့ ကျောက်မျက်ရတနာ နိုင်သလောက်ပဲ လွယ်ပြီး ယူခဲ့ရတယ်တဲ့။ ဒါက အငြိမ်းစား ထောက်လှမ်းရေး တဦးက ပြန်ပြောပြတာကို အသိတယောက်က တဆင့် ပြန်ပြောပြခဲ့တာပါ။ လူဆိုတာ လောဘသားတွေပဲလေ။ လင်ယောက်ျား ရာထူးကျ အဖမ်းခံရပြီဆိုတော့ ဇနီးမယားတွေလည်း လာဘ်စားထားသမျှ ရှာထားသမျှ တအိမ်လုံးက ငွေ ရွှေ ရတနာတွေ အားလုံးကို မသယ်နိုင်ပေမဲ့ တနိုင်တော့ တန်ဖိုးအရှိဆုံးတွေ သယ်ကြတာပေါ့လို့ တွေးမိလိုက်ပါတယ်။ စုဖုရားလတ် တို့တုန်းကဆို ထဘီအနားမှာ စိန်တွေကို ချုပ်သီပြီး ယူသွားကြရသေးတာပဲလေ။ ဒါပေမဲ့ ငွေအမြောက်အမြားကို မမက်ဘဲ ငွေကြေးတန်ဖိုး လုံးဝမရှိတဲ့ ပန်းချီကားတချပ်ကိုပဲ တန်ဖိုးထား မက်မောသူကလည်း ရှိခဲ့ဖူးတာပါပဲ။
ဦးနေဝင်း စစ်တပ် အာဏာသိမ်းခဲ့အပြီး ၇/ ၇ / ၁၉၆၂ အရေးအခင်း ညကပေါ့။ ကျောင်းသားတွေကို ပစ်သတ်အပြီး ၈ ရက်နေ့မနက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဗုံးမခွဲမီ မိနစ်ပိုင်းလေးမှာပေါ့။ အဆောက်အဦကြီးပေါ်က ကျောင်းသားတွေ အစောင့်တွေ နေထိုင်သူတွေကို စစ်တပ်က ၁၀ မိနစ် အချိန်ပေးပြီး ထွက်ခွာခိုင်းပါတယ်။ ဒီအခါမှာ တကသ ကျောင်းသား လက်ဖက်ရည်ဆိုင်ပိုင်ရှင် ပန်းချီဆရာ ဦးနန်းဝေဟာ ဈေးရောင်းထားတဲ့ ကျပ် သောင်းနဲ့ချီ ငွေတွေ ထည့်ထားတဲ့ ကျွန်းပိုက်ဆံပုံးကြီးနဲ့ သူ့ရဲ့ ဆုရပန်းချီကားချပ်ကြီး ၂ ခု ကိုချထားပါတယ်။ ၂ ခုစလုံးကလည်း ဝန်ကျယ်တာမို့ တခုကို သယ်သွားရင် တခုကို သယ်မသွားနိုင်ဘဲ ထားခဲ့ရမှာပါ။ နောက်ဆုံး စစ်သားက သေနတ်ချိန်ပြီး မောင်းထုတ်တဲ့ အချိန်မှာတော့ ငွေကြေးအရ တန်ကြေးမရှိတော့တဲ့ သူ့ရဲ့ ဆုရ ပန်းချီကားကြီးကိုသာ မ ပြီး အပြေးထွက်သွားပါတော့တယ်။ ကျပ်သောင်းနဲ့ချီရှိတဲ့ ငွေသေတ္တာကြီး ယူမသွားပါ။ လက်ဖက်ရည် တခွက် တပြားခေတ်က ကျပ်ငွေ ၁၀,၀၀၀ ဟာ အရမ်းတန်ဖိုးရှိပါတယ်။
ဖြုတ်ထုတ်ရှင်းခံခဲ့ရတဲ့ နဝတ အဖွဲ့ဝင်တွေ
သမ္မတ အိမ်တွေကိုတင်မက တွင်း-၃ ဝင်းမြင့်အိမ်ကို စစ်တပ်က ဝင်သိမ်းခဲ့သလို ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးတပ်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှာ ရှင်းလင်းတုန်းကလည်း ခင်ညွန့် အပါအဝင် တပြည်လုံးက ထောက်လှမ်းရေး ၃,၀၀၀ လောက်ရဲ့ အိမ်တွေကို တပြိုင်တည်း ဝင်သိမ်းခဲ့တာပါ။ ရွှေ၊ ငွေ၊ ဒေါ်လာ ကျောက်သံပတ္တမြားတွေ ပိုင်ဆိုင်သမျှကို သိမ်းဆည်းခဲ့တယ်လို့ ထောက်လှမ်းရေးဟောင်းတွေက ပြန်ပြောပြကြပါတယ်။ အလားတူ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ ထွန်းကြည်၊ ကျော်ဘ၊ စစ်တိုင်းမှူးဟောင်း နဝတ အာဏာသိမ်း အဖွဲ့ဝင်တွေကို အနားပေးတုန်းလည်း ပိုင်ဆိုင်ပစ္စည်းအားလုံး (တနိုင်သာ ယူခွင့်ပေးပြီး) စစ်တပ်က သိမ်းဆည်းခဲ့ပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီး အပြီးကာလ စစ်တပ်အပေါ် သစ္စာထားခဲ့ကြတဲ့ ဗိုလ်ချုပ်ခင်ညွန်နဲ့ ခေတ်ပြိုင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်မြင့်အောင်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မျိုးညွန့် အစရှိတဲ့ စစ်တိုင်းမှူးဟောင်းကြီးတွေ အားလုံးကိုလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း အမိန့်နဲ့ ဦးသန်းရွှေကတဆင့် ရန်ကုန်မှာ အစည်းအဝေးခေါ်ပြီး ဝန်ကြီးတွေ ခန့်တယ်။ နောက်ပိုင်းမှာ နိုင်ငံတော်အကြံပေး လုပ်ခိုင်းပြီး ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။
မဆလခေတ် အဖမ်းခံခဲ့ရသူ ပြည်ထဲရေးဝန်ကြီး ဦးဘိုနီ
ထောင်ထဲမှာက
ထောင်သားပဲ ရှိတယ်
နိုင်ငံရေးသမား မရှိဘူး
အကုန် ခြေချင်းခတ်ရမယ်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဦးဘိုနီ
ဦးဘိုနီ ပြည်ထဲရေးဝန်ကြီးအဖြစ် တန်ခိုးထက်ချိန်က ထောင်သား နောက်အမှုနဲ့ ရုံးထွက်ရင် ခြေချင်းခတ်ရမယ်လို့ ဥပဒေကို သတ်မှတ်ခဲ့တယ်။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကပေါ့။ လာဘ်စားမှုနဲ့ ဦးဘိုနီကိုယ်တိုင် ထောင်ကျတော့မှ သူကိုယ်တိုင် ခြေချင်းဝတ်ရသတဲ့။ အဲ့သည်အခါ ဝဋ်ဟာ ဘဝမကူးဘဲ လည်ပါလားဆိုပြီး ဦးဘိုနီ မျက်ရည်ကျတယ်ဆိုပဲ။ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတ စဝ်ရွှေသိုက်တို့လို လောကဓံကို ကြံ့ကြံ့မခံနိုင်ကြပါလား။ ဦးဘိုနီရဲ့ ပဲခူးကအိမ်ကို ဝင်သိမ်းတော့လည်း ရှိသမျှအကုန် ယူသွားကြတာပါပဲ။ အလားတူ စစ်ထောက်လှမ်းရေးမှူးချုပ်ဟောင်း မျက်မှန်ကြီးတင်ဦး ထောင်ထဲ ရောက်လာတော့လည်း စိတ်ဓာတ်တွေကျပြီး နောင်တ သံဝေဂတွေ ရကြောင်း ပြောသွားခဲ့ပါသတဲ့။ အခုဆိုရင် ဗင်နီဇွဲလား သမ္မတဟောင်း မာရူဒိုနဲ့ ဇနီးတို့လည်း အကျဉ်းစံဘဝမှာ နောင်တ သံဝေဂတွေ ရနေကြမလား။
ဗင်နီဇွဲလားသမ္မတကို ဖမ်း၊ မြန်မာသမ္မတတွေကို ဖမ်း
အမေရိကန်သမ္မတကတော့ ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲလုပ်ပြီး ပေါ်ပေါက်လာမဲ့ အစိုးရသစ် တာဝန်ယူနိုင်တဲ့တိုင်အောင် အမေရိကန်က အုပ်ချုပ်ရေးကို တာဝန်ယူသွားမယ်လို့ ပြောထားပါပြီ။ တချိန်တည်းမှာပဲ ဗင်နီဇွဲလားက ရေနံလုပ်ငန်းတွေကိုလည်း အမေရိကန်ကုမ္ပဏီကြီးတွေက လုပ်ကိုင်ကြဖို့ ရှိနေပုံတွေလည်း မြင်နေရပါပြီ။ ဒီဖြစ်ရပ်တွေဟာ မြန်မာပြည်ကိုလည်း ရိုက်ခတ်လာနေပါတယ်။ “အမေရိကန်ရယ် ဗင်နီဇွဲလားကို ဝင်သလို ငါတို့နိုင်ငံကိုရော ဘယ်တော့လာမလဲ” ဆိုပြီး ပြက်ရယ်သဘော ပြောနေကြပါပြီ။ ဒါပေမဲ့ အမေရိကန်ဘက်က မက်လောက်စရာ စီးပွားရေးက မြန်မာပြည်မှာ မရှိ။ မြေရှားလိုမျိုး ရနိုင်တာကလည်း တရုတ်နဲ့ပြိုင်လုရမှာမို့ အမေရိကန်က လက်ရှောင်နိုင်တယ်။ ဒါပေမဲ့ တိမ်တောင်သဖွယ် ဆိုသလို နိုင်ငံရေးက မထင်တာတွေလည်း မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါ။ လတ်တလော ဗင်နီဇွဲလားသမ္မတကို အမေရိကန်က ဝင်ဖမ်းခဲ့ပြီ။ သမိုင်းမှာ မြန်မာသမ္မတတွေကိုလည်း စစ်တပ်က ဖမ်းခဲ့ဖူးပြီ။ ပြည်ထဲရေးဝန်ကြီး စစ်ထောက်လှမ်းရေးမှုးချုပ်တွေကိုလည်း ဖမ်းခဲ့ဖူးပြီ။ စစ်အာဏာသိမ်း ဥက္ကဋ္ဌကြီးတွေ အတွင်းရေးမှူ ၁ တွေ၊ ၂ တွေ၊ ၃ တွေကိုလည်း ဖမ်းခဲ့ သတ်ခဲ့ လုပ်ကြံခဲ့ကြဖူးခဲ့ပါပြီ။ မလုပ်ရဲတာ ဘာမျှမရှိလို့ ကြွေးကြော်ခဲ့ကြတဲ့ စစ်အာဏာရှင်ကြီးတွေကို ဖမ်းရဲသူတွေကလည်း ဖမ်းခဲ့ဖူးတဲ့ ရာဇဝင်တွေကလည်း ရှိခဲ့တာက အထင်အရှားလေ။ ပိုဆိုးတာက ဆန္ဒပြရုံ၊ မဲပေးကြရုံနဲ့ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာကို ပိုပိုသိလာကြတဲ့ ပြည်သူတွေက PDF တပ်တွေဖွဲ့ပြီး တနိုင်ငံလုံးမှာ ခုခံတိုက်ခိုက်လာနေကြတာကလည်း အရှိန်အဟုန် အတော်ကြီးမားလာနေတာပါ။ ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar