Breaking News

စစ်ကိုင်းတိုင်းထဲက မြို့သိမ်းတိုက်ပွဲနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက တိုက်ခိုက်မှုတွေရဲ့ အလားအလာ

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၈ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၆


စစ်ကိုင်းတိုင်းထဲက မြို့သိမ်းတိုက်ပွဲနဲ့ ပဲခူးတိုင်းအနောက်ခြမ်းက တိုက်ခိုက်မှုတွေရဲ့ အလားအလာ

ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ်မှာ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကသာမြို့ကို NUG လက်အောက်က PDF တပ်ဖွဲ့နဲ့ အခြားတော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသလို ခုရက်ပိုင်းအတွင်း ကသာမြို့အနောက်တောင်ဘက်က ဝန်းသို မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်မယ့်အကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ 

အဲဒီအချိန်မှာပဲ ဒီဇင်ဘာ ၇ ရက်နေ့မှာ ပဲခူးတိုင်း အနောက်ခြမ်း ရန်ကုန်-ပြည် ကားလမ်းပေါ်က မင်းလှ၊ စစ်ကွင်း နဲ့ လက်ပံတန်း အကြားက ကင်းစခန်းတွေကို PDF တပ်တွေက တပြိုင်နက်တိုက်ခိုက်နေတာကြောင့် ရန်ကုန်-ပြည် ကားလမ်း အချိန်အတန်ကြာပိတ်ထားခဲ့ရတယ်လို့ သတင်းဖေါ်ပြချက်တွေမှာ တွေ့ရပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်း မင်းလှနဲ့  လက်ပံတန်း အကြား စစ်ကွင်းမြို့ အနီး ရန်ကုန်-ပြည် ကားလမ်းပေါ် စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကင်းစခန်းတွေကို တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တာလို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာပဲ ပဲခူးတိုင်း အနောက်ခြမ်းက ဇီးကုန်းမြို့နယ်နဲ့ နတ်တလင်းမြို့နယ်ထဲက စစ်ကောင်စီ ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်စခန်းတွေကိုလည်း အဆိုပါ ဒေသက PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းအချို့မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

ပဲခူးတိုင်း အနောက်ခြမ်းဟာ မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ PDF တပ်ဖွဲ့တွေရှိကြပြီး ရန်ကုန်-ပြည်ကားလမ်း ရဲ့ အရှေ့ဘက် ပဲခူးရိုးမ အစပ်နဲ့ ကားလမ်းအနောက်ဘက်ခြမ်းတွေမှာ အခြေပြုပြီး လှုပ်ရှားကြတာတွေ့ရပါတယ်။ ဒီဒေသတွေမှာ လှုပ်ရှားကြတဲ့ PDF တပ်ဖွဲ့တွေက မြို့သိမ်း၊ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွေထက် ကြားဖြတ်တိုက်ခိုက်တာ၊ အုပ်ချုပ်ရေးမှူးနဲ့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ လှုပ်ရှားမှုတွေ ပိုမိုများပြားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အချို့သော ဒေသတွေမှာ လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ နည်းပါးသွားတာတွေ့ရပေမယ့် ပဲခူးတိုင်း အနောက်ခြမ်းဒေသမှာတော့ လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေ နေ့စဥ်လိုလို ဖေါ်ပြနေကြတာ သတိပြုမိပါတယ်။ 

အခုဇန်နဝါရီ ၇ ရက်နေ့ စစ်ကောင်စီရဲ့ လုံခြုံရေးစခန်းတွေကို တပြိုင်နက်ထဲ တိုက်တဲ့ လုပ်ဆောင်မှုမျိုး ယခင်က မတွေ့ခဲ့ရဖူးပါဘူး။ အခုလို တပြိုင်နက်ထဲ တိုက်ခိုက်တဲ့ စစ်ဆင်ရေးလိုမျိုး ဖေါ်ဆောင်နိုင်တာဟာ အဆိုပါ ဒေသက တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပူးပေါင်းစစ်ဆင်ရေး၊ တပြိုင်နက်ထည်း တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖြစ်ပေါ်လာအောင် ညှိနှိုင်းလုပ်ဆောင်မှုတွေ ရှိလာပြီလားလို့ တွေးဆစရာတွေလည်း ရှိလာပါတယ်။ 

ပဲခူးတိုင်း အနောက်ခြမ်းက မြို့တွေက ရန်ကုန်-ပြည် ကားလမ်း ရထားလမ်းနဲ့ နီးကပ်စွာတည်ရှိနေကြတာ ဖြစ်ပြီး အရှေ့ဘက်ခြမ်းမှာတော့ ပဲခူးရိုးမ ရှိတာပါ။ ပဲခူးရိုးမအစပ်နဲ့ ပဲခူးရိုးမပေါ် ဒေသတွေကလွဲရင် ကားလမ်း အနောက်ဘက်ခြမ်းဟာ နယ်မြေ အနေအထားအရ ခိုအောင်းရ ခက်ခဲတဲ့ ဒေသတွေဖြစ်ပြီး မြေပြန့်ဒေသလည်း ဖြစ်တာကြောင့် အတည်တကျ စခန်းချဖို့ ခက်ခဲကောင်း ခက်ခဲလိမ့်မှာ ဖြစ်ပါတယ်။ ပဲခူးရိုးမ အစပ်နဲ့ ရိုးမပေါ်ကတော့ ပထဝီအနေအထားအရ အကာအကွယ်ရှိပေမယ့် နောက်ရှုထောင့်တခုအနေနဲ့ ထောက်ပံ့မှု၊ ရိက္ခာ လူအင်အား စတာတွေအတွက်တော့ မြို့ရွာ ကြီးကြီးမားမား မရှိတဲ့အချက်က အားနည်းချက် ဖြစ်ပါလိမ့်မယ်။ 

ဒီပဲခူးတိုင်း အနောက်ခြမ်းဒေသရဲ့ အနောက်ဘက်မှာ ဧရာဝတီတိုင်း အထက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ မြို့တွေဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေနဲ့ ဆက်စပ်မှု ထိစပ်မှုလည်း မရှိတာကြောင့် ဒီဒေသတွေမှာ လှုပ်ရှားတဲ့ PDF တွေအနေနဲ့လည်း ပြောက်ကျားစစ်ဗျူဟာကလွဲပြီး အခြားသော ဗျူဟာတွေ ချမှတ်ဖို့ အခက်အခဲတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ 

ခုဇန်နဝါရီလ ၇ ရက် စစ်ကွင်းအနီးက လုံခြုံရေးကင်းစခန်းကို တိုက်ခိုက်တာကြောင့် ရန်ကုန်-ပြည် ကားလမ်း နာရီအတန်ကြာ ဖြတ်သန်းနိုင်ခြင်း မရှိဘဲ ဖြစ်သွားခဲ့ပါတယ်။ အခုလိုတိုက်ခိုက်မှုအနေအထားနဲ့တော့ ရန်ကုန်-ပြည် ကားလမ်းကို ဖြတ်တောက် ပိတ်ဆို့ဖို့အထိ ရည်မှန်းချက်နဲ့ ဗျူဟာ ရှိမရှိ မသိရပေမယ့် ဒီ ပဲခူးရိုးမ အနောက်ဘက် ကားလမ်းက မြန်မာနိုင်ငံ အောက်ပိုင်းနဲ့ အထက်ပိုင်း ဆက်သွယ်ထားတဲ့ အဓိကကျတဲ့ လမ်းတော့ ဟုတ်မနေပါဘူး။ ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းနဲ့ ရန်ကုန်-ပဲခူး-တောင်ငူ နေပြည်တော်-မန္တလေး လမ်းဟောင်းတို့က အဓိက ကျတဲ့ ထောက်ပံ့ရေး ပို့ဆောင်ရေး လမ်းကြောင်းတွေ ဖြစ်ပါတယ်။ ရိုးမအရှေ့ ရန်ကုန်-မန္တလေး ကားလမ်း၊ ရထားလမ်းတွေဟာ မြန်မာနိုင်ငံ တောင်ပိုင်း စီးပွားရေးမြို့တော် ရန်ကုန်နဲ့ နေပြည်တော်၊ မန္တလေးတို့ကို ဆက်သွယ်ရာမှာ မဟာဗျူဟာအကျဆုံး တောင် နဲ့ မြောက် ဆက်သွယ်ထားတဲ့ လမ်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက ကုန်စည်တွေကို နေပြည်တော်၊ မန္တလေး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မုံရွာ၊ ရှမ်းပြည်နယ် နဲ့ ကရင်နီ(ကယား) ဒေသတွေကို ပို့ဆောင်ဖို့ လူအင်အား တပ်အင်အား အရွှေ့အပြောင်းတွေ အတွက် မြန်မြန်ဆန်ဆန် ရွှေ့ပြောင်း နိုင်ဖို့က ရိုးမအရှေ့ လမ်းတွေက အရေးပါတဲ့ လမ်းတွေ ဖြစ်ပါတယ်။ 

ရိုးမအနောက် လမ်းတွေ ဖြစ်တဲ့ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-ပြည် မကွေး-ရေနံချောင်း-ချောက် လမ်းကြောင်းကတော့ အဲဒီဒေသတွေ အတွက်အရေးပါပေမယ့် အုပ်ချုပ်ရေး စစ်ရေးတို့အတွက် မရှိမဖြစ် လမ်းကြောင်းတွေတော့ မဟုတ်ပါဘူး။ 

ခုလပိုင်း ရက်ပိုင်းတွေမှာ ပုသိမ်-မုံရွာ လမ်းပိုင်းက ဆင်ဖြူကျွန်း စလင်းဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဆင်ဖြူကျွန်းမြို့သိမ်းဖို့ စလင်း PDF တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး သိမ်းယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

မြန်မာနိုင်ငံတခုလုံး အနေနဲ့ ခြုံကြည့်ရင် လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေအဖြစ် မင်းဘူးခရိုင် ဂုတ်ကြီး၊ နတ်ရေကန်၊ စစ်တွေမြို့ အနီး၊ ကျောက်ဖြူမြို့ အနီးတဝိုက်၊ ဧရာဝတီတိုင်း ရေကြည်၊ အထက်က ရေးပြခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်အချို့၊ စစ်ကိုင်းတိုင်းထဲမှာ ကသာ၊ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ တနင်္သာရီတိုင်း နဲ့ ကရင်ပြည်နယ်က ဒေသအချို့တို့ ဖြစ်ပါတယ်။ 

အခုလို ဖြစ်ပွားနေတဲ့ ဒေသတွေက တိုက်ပွဲတွေဟာ အချို့နေရာတွေမှာတော့ ဒေသတခုနဲ့ တခု ဆက်စပ်မှု ရှိကြပေမယ့် အများစုကတော့ သီးခြားစီဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ မကွေး၊ ပဲခူးတိုင်း၊ စစ်တွေ၊ ကျောက်ဖြူနဲ့ ဧရာဝတီတိုင်း နဲ့ ရခိုင်အစပ်တွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေက AA ရဲ့ မဟာဗျူဟာ တခုထည်းအောက်က ဖြစ်ပေမယ့် ကျန်ဒေသတွေက တိုက်ပွဲတွေက တိုက်ခိုက်ရေး ဗျူဟာတခုထည်း အောက်က ဖြစ်မဖြစ် ကောက်ချက်ချဖို့ ခက်ခဲပါတယ်။ 

အခုလိုနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့  စစ်ရေးအရ ဖော်ဆောင်နေတဲ့ ထိုးစစ်၊ မြို့သိမ်း၊ နယ်မြေသိမ်းတိုက်ပွဲတွေဟာ တခုနဲ့ တခု ဆက်စပ်မှုရှိပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗျူဟာတခုထည်း အောက်မှာ လုပ်ဆေောင်နိုင်ခဲ့ရင် ထိရောက်မှု၊ ဆက်စပ်မှုပိုကောင်းပြီး အာဏာသိမ်းစစ်တပ်ကို အပြီးသတ် အနိုင်ရဖို့ အခြေအနေနဲ့ ပိုမိုနီးစပ်မှာ ဖြစ်ပါတယ်။ အဲလို မဟုတ်ခဲ့ရင်တော့ ဒေသအလိုက် နယ်မြေတွေ လွတ်မြောက်တာတွေရှိနိင်ပေမယ့် လွတ်မြောက်မှုက ဘယ်လောက်ထိ ကြာရှည်မလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေသလို သူတပြန်ကိုယ်တပြန် တိုက်ခိုက်သိမ်းယူနေတဲ့ အခြေအနေမျိုးနဲ့ တနိင်ငံလုံး စစ်ရေးအောင်ပွဲက အလှမ်းကွာနေနိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar