Breaking News

မောင်တူး - ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်ခဲ့သော ၃၅ နှစ်ပြည့်



မောင်တူး - ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်ခဲ့သော ၃၅ နှစ်ပြည့်

မိုးမခ ၊ ဇန်နဝါရီ ၁၁ ၊ ၂၀၂၆


ကျောရိုးမဲ့တဲ့ မျှော့လိုကောင်မျိုး

သွေးနဲတဲ့ ပုစွန်လိုကောင်မျိုး

မဖြစ်စေနဲ့။ 

(ရန်ကြီးအောင်စိန်ဝင်း)

ရဲရဲတောက်ထွန်း၊ သူ့မိန့်ခွန်းများ

ခွန်အားတက်စေ၊ ခွပ်ဒေါင်းတွေဖြစ်

နှစ် သုံး ဆယ့် ငါး၊ ကြာသွားသည့်တိုင်

မမေ့နိုင်ခြင်း၊ ဦးစိန်ဝင်းကား

ဒို့များရှေ့ဆောင် လမ်းပြသူ။ ။

ဗကသများအဖွဲ့ချုပ် အမှုဆောင် ၊ တကသ ဒုဥက္ကဌဟောင်း ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ခဲ့သူ ဦးစိန်ဝင်း (ရန်ကြီးအောင် စိန်ဝင်းဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၈ ရက်က အင်းစိန်ထောင်မှာ ကျဆုံးသွားခဲ့ရပါတယ်။ ဒီနေ့ ဆို ၃၅ နှစ် တင်းတင်း ပြည့်ပါပြီ။ ဦးစိန်ဝင်းဟာ စစ်ကြောရေးနဲ့ ထောင်တွင်း နှိပ်စက်ခံရတဲ့ ဒဏ်တွေအပြင် ထောင်တွင်းမှာ ဆေးဝါးကုသမပေးတာတွေကြောင့် ကွယ်လွန်ခဲ့ရတာပါ။ ဗိုလ်စောမောင် ဦးဆောင်တဲ့ အာဏာသိမ်း နဝတစစ်တပ်က သူတို့နဲ့ပူးပေါင်းဖို့ အနုနည်း အကြမ်းနည်းတွေ မျိုးစုံသုံးပြီး စည်းရုံးနေတဲ့ကြားက ဦးစိန်ဝင်းဟာ ပြည်သူဖက်က ရပ်တည်ပြီး စစ်တပ်ကို ပြတ်ပြတ်သားသား အသက်စွန့်ပြီး ဆန့်ကျင်သွားခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ ဖိနှိပ်ညှဉ်းပန်းခံခဲ့ရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည်များစွာထဲက အာဇာနည်တဦးပါ။ သူ့ရဲ့ ကျဆုံးခြင်း ၃၅ နှစ်မြောက် ဒီနေ့မှာ သူ့ကို အလေးပြုကြပါစို့။ 

(ဟံသာဝတီဦးဝင်းတင်ရဲ့ ကျဆုံးအာဇာနည်များသို့ ဂုဏ်ပြုစကား) 

"ဒီလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဖိနှိပ်ညှဉ်းပန်းခံရပြီး ကျဆုံးသူ အာဇာနည် အထောင်အသောင်းတို့ရဲ့ ကျဆုံးခြင်း အထိမ်းအမှတ်နေ့တွေဟာ စစ်အာဏာရှင်တွေအတွက် သူတို့ ပြုလုပ်ကျူးလွန်ခဲ့တဲ့ ရက်စက်ရိုင်းပြတဲ့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှု ပေါ်လစီတွေကို အရိုးတွန်တဲ့ ပွဲအနေနဲ့ စဉ်ဆက်မပြတ် ဖော်ထုတ်နေဖို့ လိုတယ်။’’ (ဟံသာဝတီဦးဝင်းတင်)

ဆရာကြီး ဦးဝင်းတင်က နီအောင်မေသု အမှတ်တရ စာအုပ်မှာ ဒီစာစုလေးကို ရေးခဲ့တာပါ။ နီအောင်မေသု (ဦးအောင်မေသု) ဟာလည်း ရန်ကြီးအောင် စိန်ဝင်းလိုပဲ အင်းစိန်ထောင်တွင် ကျဆုံးခဲ့ရသူ မင်းလှ NLD ဥက္ကဌ ဖြစ်ပါတယ်။ ဦးအောင်မေသု၊ ရန်ကြီးအောင်စိန်ဝင်း၊ ခရမ်းဦးတင်မောင်ဝင်း၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဌ ဦးခင်မောင်မြင့်၊ မောင်သော်က၊ ဦးညိုဝင်းစတဲ့ စတဲ့ အာဇာနည်တွေရဲ့ အမှတ်တရပွဲနေ့တွေကို NUG, NLD စတဲ့ တာဝန်ရှိ အဖွဲ့တွေက နှစ်စဉ် စီမံ ပြုလုပ် ကျင်းပပေးသင့်ပါတယ်။ ဒါမှလည်း ကျဆုံး အာဇာနည်တွေကို အမှန်တကယ် ဂုဏ်ပြုရာ ရောက်မှာမဟုတ်လား။ အာဇာနည်ဟာ ကိုးဦးမကပါဘူး။ ဒီနေ့ ဇန်နဝါရီ ၈ ကတော့ ရန်ကြီးအောင်စိန်ဝင် ကျဆုံးခြင်း ၃၅ နှစ်မြောက်ပါ။

ရန်ကြီးအောင်စိန်ဝင်း

ရန်ကြီးအောင်စိန်ဝင်း (ခ) ဦးစိန်ဝင်းကို ရန်ကုန်တိုင်း၊ ရန်ကြီးအောင်ရွာမှာ အဖ ဦးအောင်ပွင့်၊ အမိ ဒေါ်ရွှေခင်တို့က ၁၉၃၅ ခုနှစ် ဇူလိုင် ၃၁ ရက်မှာ မွေးဖွားခဲ့ပါတယ်။  ရန်ကြီးအောင်ရွာသားဖြစ်လို့ ရန်ကုန်တက္ကသိုလ် (တကသ) ကျောင်းသားခေါင်းဆောင် ဖြစ်လာတဲ့အခါ သူ့ကို ရန်ကြီးအောင်လို့ ခေါ်ခဲ့ကြတာပါ။ ကျောင်းသားခေါင်းဆောင် ရန်ကြီးအောင်ပေါ့။ သူငယ်စဉ် တိုးတက်သော ကျောင်းသားထုကြား ခေတ်စားခဲ့တဲ့ ကွန်မြူနစ်ဝါဒကို ယုံကြည်သူပါ။ မတရားမှုတွေ့တိုင်း ဆန့်ကျင်သူမို့ ခေတ်အဆက်ဆက် အစိုးရတွေက သူ့ကို ရန်သူလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ရန်ကြီးအောင်ဦးစိန်ဝင်းဟာ စကားပြောရင် ဒေါသမပါ မတိုးမကျယ် ပြတ်ပြတ်သားသား ပြောတတ်တယ်။ စည်းရုံးရေးမှူးကောင်း တယောက်ပါ။ သူဟာ ငယ်စဉ် အထက်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသားသမဂ္ဂခေါင်းဆောင် ဖြစ်ခဲ့ပြီး။ ၁၉၅၉ ခုနှစ် တကသ ဒုဥက္ကဋ္ဌ လည်းဖြစ်၊ ဗကသများအဖွဲ့ချုပ် အမှုဆောင်လည်း ဖြစ်ခဲ့တယ်။ ကျောင်းသား လှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့ပြီး အဖမ်းခံရတဲ့နောက် ၁၉၆၉ ခုနှစ်မှာ ကိုကိုးကျွန်းကို အပို့ခံခဲ့ရပါတယ်။ ကျွန်းပေါ်က ၅၈ ရက် အစာငတ်ခံဆန္ဒ တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး တိုက်ပွဲနိုင်ခဲ့ပေမယ့် မသေရုံတမယ် မသန်စွမ်း ဖြစ်သွားခဲ့တဲ့အထိ ကျောင်းသားအရေးကို အနစ်နာခံ တိုက်ပွဲဝင်ခဲ့သူပါ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာလည်း ခေါင်းဆောင်ခဲ့တာကြောင့် နဝတ စစ်အစိုးရက သူ့ကို အငြိုးထား ဖမ်းဆီးခဲ့တယ်၊ ထောင်ထဲမှာ ဆေးကုမပေးခဲ့တာကြောင့် သူဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်က ကျဆုံးခဲ့ရတာပါ။

ကျောရိုးမဲ့တဲ့ မျှော့လိုကောင်မျိုး သွေးနည်းတဲ့ ပုစွန်လိုကောင်မျိုး မဖြစ်စေနဲ့

ဦးစိန်ဝင်း မဆလရဲ့ အကျဉ်ထောင်နဲ့ ကိုကိုးကျွန်းတွေကနေ လွတ်လာတော့ ကျနော်တို့က ၈ တန်းကျောင်းသားတွေပါ။ သူက အခမဲ့ အင်္ဂလိပ်သာ ကျူရှင် သင်ပေးတော့ စာသင်ပြကောင်းတာကြောင့် ကျောင်းသားတွေ အများကြီး သွားတက်ကြပါတယ်။ ဇူလိုင် ၃၁ ရက် သူ့မွေးနေ့ကို ကျောင်းသားတွေက စုလုပ်ကြပါတယ်။ သူ့မွေးနေ့ပွဲ ကန်တော့ခံ အမှာစကားဟာ ဟောပြောပွဲတခုလိုပါပဲ။ ကျနော်မှတ်မိနေတာကတော့ " ကြောရိုးမဲ့တဲ့ မျှော့လိုကောင်မျိုးတွေ၊ 

သွေးနဲတဲ့ ပုစွန်လိုကောင်မျိုးတွေ ငါ့တပည့်အားလုံး မဖြစ်စေနဲ့။ " ဆိုတဲ့စကားပါပဲ။ "မပြော့ညံ့ရဘူး။ ဘာပဲဖြစ်ဖြစ် ဘာအခက်အခဲပဲ ရှိရှိ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် လူထုဖက်က ရပ်တည်မယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက် ခိုင်ခိုင်မာမာ ကိုင်စွဲထားဖို့၊ သွေးနီတယ် သွေးကောင်းတယ်ဆိုတဲ့ ကိုယ်ခံအားကောင်းနေဖို့ လေ့ကျင့် ကြိုးစားထားရမယ်။" ဆိုပြီး သူက ပြောခဲ့တာကို အခုအထိ ကြားယောင်နေပါသေးတယ်။

ရန်ကြီးအောင် အမည်တွင်ခြင်း

အခု နွေဦးတော်လှန်ရေးမှာဆို PDF တပ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ မိမွေးတိုင်း ဖမွေးတိုင်း နာမည် အရင်းတွေကို မသုံးပဲ နာမည် ထူးထူးဆန်းဆန်းတွေ ပေးကြပါတယ်။ ဥပမာ။ ။ ဗိုလ်မိုက်ခဲ၊ ဗိုလ်သမန်းကျား စသည်ဖြင့်ပါ။ အလားတူ ၈၈၈၈ အရေးတော်ပုံကြီးမှာလည်း ဗကသ ခေါင်းဆောင်တွေကို မင်းကိုနိုင် စတဲ့ နာမည်တွေ ပေးခဲ့ကြတာပါ။ အလားတူ ဦးစိန်ဝင်းတို့ ခေတ်ကလည်း အမည်တွေ ပေးကြတဲ့အခါ သူ့ရွာနာမည်က ရန်ကြီးအောင်မို့ တကသ ဒုဥက္ကဌ ဗကသ အမှု့ဆောင်ဖြစ်တဲ့သူ့ကို ရန်ကြီးအောင်လို့ အမည် ပေးလိုက်ကြတာလို့ ဆိုပါတယ်။ 

ရန်ကြီးအောင်ရွာဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ် အရှေ့စူးစူး ပင်လယ်ကမ်းခြေ အစွန်ဆုံးရွာပါ။ ရှေးအခါက ရွာမရှိပဲ တောကြီးသာ ဖြစ်ခဲ့ပါတယ်။ လာရောက် ခိုအောင်း ပုန်းအောင်း နေထိုင်လို့ကောင်းတဲ့ နေရာနယ်ပယ်တခု ဖြစ်ခဲ့ပါတယ်။ အထက်ဗမာပြည် ရွေဘိုနယ်က ပြေးလာကြတဲ့ မင်းပြေး မိသားစုတွေ နေထိုင်ခဲ့ရာက ရွာအမည် တွင်ခဲ့တာပါ။ ရွှေဘိုဟာ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ၊ မုဆိုးဘို စသဖြင့် ၅ မည်ရပါတယ်။ လာနေကြတဲ့ ရွှေဘိုသားတွေက ရန်ကြီးအောင်လို့ ရွာနာမည် ပေးခဲ့ကြတာပါ။ ရန်ကြီးအောင်စိန်ဝင်းကို ခါးကြီး စိန်ဝင်းလို့လည်း ခေါ်ကြတယ်။ ၁၉၅၈ ခုနှစ် အမေရိကန်သံရုံး ဆန္ဒပြပွဲမှာ ဦးဆောင် ဆန္ဒပြနေတုန်း လုံခြုံရေးတွေက ရိုက်နှက်တာကြောင့် ရန်ကြီးအောင်စိန်ဝင်းရဲ့ ခါးမှာ ဒဏ်ရာရသွားခဲ့တယ်။ နောက်ပိုင်းမှာ ခါးကြီးကို ခါးပတ်ပြားကြီးနဲ့ပတ်ပြီး နေထိုင်ခဲ့ရလို့ သူ့ကို ခါးကြီးစိန်ဝင်းလို့လည်း ခေါ်ကြတာ။

လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်

ဦးစိန်ဝင်းရဲ့ အမှာစကားတခုကတော့ "လှေခွက်ချည်းကျန် အလံမလှဲကြနဲ့။ ဘယ်တော့မှ စစ်အာဏာရှင်ကို အရှုံးမပေးကြနဲ့။ " ဆိုတာပါပဲ။ မဆလ အစိုးရက ကျောင်းသားခေါင်းဆောင်တွေကို အားလုံးလိုလို ဖမ်းပြီး ထောင်ချ တိုက်ပိတ် ကျွန်းပို့ခံနေရချိန်မှာ သူပြောခဲ့တဲ့စကားပါ။ နောက်ဆုံးခံစစ်အနေနဲ့ လုပ်နိုင်တဲ့ "အလံမလှဲစတန်း အရှုံးမပေးဘူး" ဆိုတာကို သူက ကိုင်စွဲ ပြောကြားခဲ့တာပါ။ သူပြောခဲ့သလိုပဲ သူက လိုက်နာ လုပ်ကိုင် တော်လှန်ခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် ဇွန်လ ၉ ရက် စခဲ့တဲ့ ကိုကိုးကျွန်းက ၅၈ ရက် အစာငတ်ခံပွဲမှာ သူပါခဲ့တယ်။ ၈ ယောက်ကျဆုံးခဲ့ပြီးနောက် တိုက်ပွဲနိုင်ခဲ့အပြီးမှာ ဦးစိန်ဝင်းက အခုလို ပြောခဲ့တယ်။ 

“ မဆလ စစ်အစိုးရက ပြည်သူတွေကို လုပ်ချင်သလို လုပ်ပြီး အနိုင်ကျင့် ဖိနှိပ် အုပ်ချုပ်ခဲ့တယ်။ မတရား ညှင်းဆဲတယ်။ လူ့အခွင့်အရေး ချိုးဖေါက်တယ်။ ဒီလိုလုပ်တာကို အညံ့ခံမှာ မဟုတ်ဘူး။ ကြောက်နေမှာ မဟုတ်ဘူး ဆိုတာကို ပြသတဲ့အနေနဲ့ ၅၃ ရက်ကြာ အစာငတ်ခံခဲ့တာ ဖြစ်တယ်။ စနစ်ဆိုးကိုတုန့်ပြန်တာ ဖြစ်တယ်။ တိုက်ပွဲဝင်သူတွေဟာ စစ်အာဏာရှင်တွေကို အသက်နဲ့ ရင်းပြီး စိန်ခေါ်တယ်ဆိုတာမှာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့မှ လုပ်နိုင်တာ ဖြစ်တယ်။ တနေ့ပြီးတနေ့ သေမင်းဆီကို သွားနေပေမဲ့ တွေဝေ မနေကြဘူး။ အသက်စွန့်မယ်လို့ စိတ်ပိုင်းဖြတ်ထားတာ ဖြစ်တယ်။ မိမိ တဦးတည်းအတွက် တိုက်ပွဲဝင်တာ မဟုတ်ဘူး။ ကျွန်းပို့ပြီး ကိုယ်ထူကိုယ်ထ စနစ်ကျင့်သုံး တာကို ထာဝရ ရပ်တန့်တာဖြစ်တယ်။ အသက်နဲ့ ရင်းပြီး အခွင့်အရေးကို တောင်းဆိုကြတာဖြစ်တယ်။ စစ်အစိုးရက နိုင်ငံရေးသမားတွေကို ကျွန်းပို့ပြီး မိသားစုနဲ့ အဆက်ဖြတ််ဖို့ အစီအစဉ်ဆိုးကို ရပ်တန့်သွားဖို့ တိုက်ပွဲဝင်တာ ဖြစ်တယ်။ “

ရန်ကြီးအောင်စိန်ဝင်း ကျဆုံးခဲ့တဲ့ ၃၅ နှစ်ပြည့်

ဦးစိန်ဝင်း အင်းစိန်ထောင် ဆေးရုံမှာ ကျဆုံးတဲ့နေ့က ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်ပါ။ အခု ၃၅ နှစ်ပြည့်ပြီ။ သူ့ကို ထောင်ဆေးရုံမှာ သွားတွေ့ကြတော့ သူ့ရဲ့ အကိုကြီး အမကြီးတွေကို ကျနော် သက်သာပါပြီဆိုပြီး ကောင်းကောင်းမွန်မွန် သက်သက်သာသာပဲ စကားပြောလိုက် သေးတယ်တဲ့။ သူ့ကို သွားကြည့်သူတွေ   ဆေးရုံက ပြန်ထွက်လာလို့မှ အပြင် မရောက်သေးဘူး သူဆုံးပြီဆိုပြီး လိုက်ခေါ်ကြသတဲ့။ တကယ်ဆိုရင် သူသေမှာကို သူသိပြီးသားလို့ ယူဆကြပါတယ်။ ဒါပေမယ့် တခြားသူတွေရှေ့မှာ သူဟာ ငါ့နောက်ဆုံးအချိန်ပါလားဆိုပြီး ဝမ်းနည်းကြောက်ရွံ့ ဗျာများ စိတ်လှုပ်ရှား မနေတတ်သူ။ အလားတူ ရန်သူ စစ်တပ်ကိုလည်း သူက မကြောက်။ စစ်ကြောရေးမှာ သေနတ်နဲ့ အချိန်ခံထားရတာတောင်မှ ပစ်လိုက်ပါ။ သေရဲတယ်။ မကြောက်ဘူး။ နားကြပ်ယူလာပြီး ကျုပ်ရင်ဘတ်ကို ထောက်ပြီး စမ်း နားထောင်လိုက်။ ရန်တုန်မနေဘူး။ ခင်ဗျားတို့ စစ်တပ်ကို မကြောက်ဘူးလို့ ပြောခဲ့သူပါ။ 

ရန်ကြီးအောင်ရဲ့ ကွယ်လွန်ခြင်း ၃၅ နှစ်မှာ သူ့မှာတမ်း ရှိခဲ့တဲ့

ကျောရိုးမဲ့တဲ့ မျှော့လိုကောင်မျိုးတွေ

သွေးနဲတဲ့ ပုစွန်လိုကောင်မျိုးတွေ မဖြစ်ကြစေနဲ့။

"လှေခွက်ချည်းကျန် အလံမလှဲကြနဲ့။ 

ဘယ်တော့မှ စစ်အာဏာရှင်ကို အရှုံးမပေးကြနဲ့။ "

အရှုံးမပေးရင် ဘယ်တော့မှ မရှုံးဘူး ဆိုတာတွေကို ကြားနေမိပါတယ်။ ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar