Breaking News

လှကျော်ဇော - ဂျီသရီး (G-3) ဖြစ်လာမှာလား

လှကျော်ဇော - ဂျီသရီး (G-3) ဖြစ်လာမှာလား

မိုးမခ ၊ ဇန်နဝါရီ ၁၁ ၊ ၂၀၂၆


နှစ်သစ်ကူးကာလ ထရန့်ရဲ့ ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ဗုံးကြဲပြီး သမ္မတဇနီးမောင်နှံ ပြန်ပေးဆွဲခန်းကတော့ တကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ တနေ့ ဗင်နီဇွဲလားတော့ ခံရတော့မယ် ဆိုတာ လူတွေ ရိပ်မိထားပေမယ့် ဒီလောက် မြန်ဆန်ဗြောင်ကျလိမ့်မယ်လို့တော့ တွက်မထားကြပါဘူး။

ဖြစ်လာတော့လည်း အားလုံး ဝိုင်းကန့်ကွက်သူကကန့်ကွက် အားပေးသူကအားပေးနဲ့ ထောင့်အသီးသီးက ခွဲခြမ်းစိတ်ဖြာမှု အစုံစုံနဲ့ ပွက်လောရိုက်သွားပါတယ်။

တချို့ဝေဖန်ချက်တွေဟာ အတော်စုံလင်ကောင်းမွန်ပြည့်စုံလှပါတယ်။

ဒါတွေ ရသမျှလိုက်ဖတ်ရင်း အာရုံထဲရောက်လာတဲ့ အကြောင်းအရာတွေကို ရေးချင်လာပါတယ်။

၁။ အမေရိကန်အစိုးရနဲ့ ပြည်တွင်းအခြေအနေ 

ဒါကို အကောင်းဆုံးပြောပြသွားသူများဟာ အမေရိကန်များပဲ ဖြစ်ပါတယ်။

(က) လွှတ်တော်အမတ် ဘာနီဆောင်းဒါးရဲ့ ပြောစကားများ။

ထရန့်ရဲ့ ဒီလို နိုင်ငံတကာဥပဒေတွေကိုဖောက်ဖျက်လုပ်ဆောင်မှုဟာ အမေရိကန်ကိုရော ကမ္ဘာကြီးကိုပါ ပိုမိုမတည်မငြိမ်ဖြစ်စေမှာ ဖြစ်ပြီး၊ တခြားနိုင်ငံများအတွက် မကောင်းတဲ့အစဉ်အလာတရပ် ဖြစ်စေနိုင်တယ်။ ဒါ့အပြင် ထရန့်ဟာ ကိုယ့်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကိုရော ဥပဒေကိုရော မထီမဲ့မြင်လုပ်ရာလည်း ကျတယ်။

ထရန့် မဲဆွယ်စည်းရုံးစဉ်က 'အမေရိကန် ပထမ' ဆိုတဲ့ ကြွေးကြော်သံတင်ခဲ့ပြီး သူ့ကိုယ်သူလည်း-ငြိမ်းချမ်းရေးဖော်ဆောင်သူလို့ ပြောနေတာပါ။ ဒါပေမဲ့ အခုတို့ဆီမှာ ပြည်သူ ၆၀ ရာနှုန်းဟာ တလတလ အလျဉ်မမီနိုင်အောင် ဖြစ်နေတယ်။ ကျန်းမာရေးစနစ် တခုလုံးလည်း ပြိုလဲမတတ်ဖြစ်‌နေပြီ။ ပြည်သူအတော်များများဟာလည်း အိုးအိမ်မဲ့တွေ ဖြစ်နေကြတာ၊ အိမ်လခတွေ မပေးနိုင်ကြတဲ့အဖြစ်တွေ ရောက်နေကြတာ။ ဉာဏ်ရည်တုတွေ ပေါ်လာလို့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရမဲ့အရေး။ ဒါတွေကို သမ္မတဖြစ်တဲ့ ထရန့်က ဖြေရှင်းမပေးရုံမက နိုင်ငံကိုလည်း စစ်ပွဲတပွဲဆီ ခေါ်သွားဖို့လုပ်နေပြန်ပြီ။ ဒီလို ကိုယ့်နိုင်ငံကိုတောင် ကောင်းအောင် မအုပ်ချုပ်နိုင်ဘဲနဲ့များ တခြားနိုင်ငံ ဗင်နီဇွဲလားကို အုပ်ချုပ်မယ် ဆိုနေတာ သူ့ကို ဘယ်သူက အခွင့်ပေးထားလို့လဲ။ တကယ်တော့ ဒီလုပ်ရပ်ဟာ နယ်ချဲ့စနစ် လုပ်ရပ်သက်သက်သာ ဖြစ်တယ်။ အမေရိကန်ပြည်သူအများစုက လက်ခံမှာ မဟုတ်ဘူး။

ထရန့်ဟာ သူ့အပေါင်းအသင်း ရောင်းရင်းတွေ ဖြစ်တဲ့ ဘီလီယံနာသူဌေးကြီးများအတွက်ပဲ စဥ်းစားလုပ်ဆောင်ပေးနေတာ။ အခု အမေရိကန်မှာ အချမ်းသာဆုံး ထိပ်ဆုံးတစ်ရာနှုန်းသော သူတွေရဲ့ပိုင်ဆိုင်မှုဟာ အောက်ဆုံးလူတန်းစား (၉၃) ရာနှုန်းသောသူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ညီမျှတယ်။ အဲလောက် မညီမမျှတွေဖြစ်နေတာ။

(ခ) အမေရိကန် စီးပွားရေးပညာရှင် ပါမောက္ခ ဂျက်ဖရီဆာခ်ရဲ့ ပြောစကားများ

၆-၁-၂၀၂၆ နေ့က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားအတွက် အရေးပေါ် ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တင်ပြပြောဆိုသွားတာပါ။

အမေရိကန်အစိုးရအဆက်ဆက်ရဲ့ ကုလပဋိညာဉ်ကို ချိုးဖောက်မှုဖြစ်စဉ်တွေကို ၁၉၄၇ ခုနှစ်ကစလို့ (၇၉ နှစ်)ကြာ ကိုင်စွဲခဲ့တဲ့ တခြားနိုင်ငံများက၊ အစိုးရ အပြောင်းအလဲဖြစ်ရေးအတွက် အင်အားသုံးစွက်ဖက်တာ၊ စီးပွားရေးအရ အကျပ်ကိုင်တာ၊ နိုင်ငံရေးအရ ကြိုးကိုင်ချယ်လှယ်တာ စတဲ့ နိုင်ငံခြားရေးပေါ်လစီများကို စနစ်တကျ နှစ်အလိုက် သမိုင်းအထောက်အထားများနဲ့ ဖော်ပြပြောဆိုပြီး၊ လူသားမျိုးနွယ်တရပ်လုံးရဲ့ ရှင်သန်ရေးနဲ့ ငြိမ်းချမ်းရေးဟာ ကုလပဋိညာဉ်စာချုပ်ကို နိုင်ငံတကာဥပဒေအဖြစ် နိုင်ငံအားလုံးက လက်ခံလိုက်နာမှ ဖြစ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးသွားပါတယ်။

ဒါတွေဟာ အမေရိကန်အစိုးရ အဆက်ဆက်က လုပ်ဟန်တွေ၊ လက်ရှိ သမ္မတရဲ့ တရားမဝင်လုပ်ရပ်တွေ အပြင်၊ လက်ရှိ အမေရိကန် ပြည်တွင်းအခြေအနေများကို ဖော်ပြနေပါတယ်။ ဒါ့ပြင် အမေရိကန်ရဲ့ ထရီလျှံနဲ့ချီ တင်နေတဲ့ ကြွေးများအပြင် လတ်တလော ပေါ်ထွက်လာနေတဲ့ (ကလေးငယ်များကို လိင်ကုန်ကူးခဲ့မှုများနဲ့ ဆက်စပ်ပြီး နာမည်ပျက်စာရင်းဝင်) Epstein (အက်ပ်စတီးန်) အမှုတွဲဆိုင်ရာ အချက်အလက်တွေ ပေါ်ပေါက်လာပြီး အမေရိကန် နိုင်ငံရေးလောက က ထရန့်အပါအဝင် မျက်နှာကြီးများ ပါဝင်ပတ်သက်လာမှုများ စတဲ့ ပြဿနာများကလည်း တပုံတပင်ပါ။ ဒါတွေကို အာရုံလွှဲဖို့ လုပ်နေတာလို့ တချို့က ထောက်ပြနေတာတွေလည်း တွေ့ရပါတယ်။

(၂) သူခိုးသေဖော်ညှိ လုပ်ရပ်များ

ဘယ်လိုပဲကြည့်ကြည့် ဒီလောက် မတရားတာကြီးကို တချို့ အမေရိကန်သတင်းသမားများက (ဒါလည်း လက်ဝါးကြီးအုပ် အရင်းရှင်ကြီးများက ဝယ်ထားတာ။)

ဒီလို တရားထူထောင်လာကြပါတယ်။

ထရန့်ရဲ့ လုပ်ရပ်ဟာ ၁၈ ရာစုကတည်းက ရှိခဲ့တဲ့ မွန်ရိုးဝါဒကို အကောင်အထည်ဖော်တာပါ။ အမေရိကန် အနေနဲ့ မိမိရဲ့ နောက်ဖေးခြံဖြစ်တဲ့ လက်တင်အမေရိကနိုင်ငံများကို ဝင်ရောက်စွက်ဖက်ခွင့်ရှိသလို၊ ရုရှားအနေနဲ့လည်း မိမိတို့ရဲ့ အရင်အင်ပါယာ‌ဟောင်းဖြစ်တဲ့ ဆိုဗီယက်ယူနီယံကို ပြန်ထူထောင်နိုင်တာပဲ။ 

တရုတ်ကလည်း သူ့ပိုင်နက်လို့ ကြေညာထားတဲ့ တောင်တရုတ်ပင်လယ်တွင်း သူ့သြဇာ ထူထောင်ပေါ့။ -ဆိုတဲ့ အရေးအသားတွေပေါ်လာပြီး ကမ္ဘာကြီးမှာ ကြီး-သုံး-ကြီး (သို့မဟုတ်) ဂျီ-သရီးပဲ ပေါ်လာတော့မယောင် ရေးသားလာတာတွေ့ရပါတယ်။

တကယ်တော့ အမေရိကန် နာမည်ပျက်ကို အဖတ်ဆယ်ဖို့ ကြိုးစားချက်ပါ။

(၃) ကမ္ဘာ့ပြည်သူများရဲ့ဖော်ပြချက်များ

အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်များ (အထူးသဖြင့် ထရန့် တက်လာပြီးနောက် လုပ်ဆောင်ချက်များ) အပေါ် အမေရိကန် ပြည်သူများ အပါအဝင် ကျန်ကမ္ဘာ့ပြည်သူများက နည်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ ပါလက်စတိုင်း ပြည်သူများဖက်က ထောက်ခံတဲ့ ဆန္ဒပြပွဲများ၊ ဗင်နီဇွဲလားအပေါ် ကျူးကျော်တိုက်ခိုက်မှု ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများ၊ ရွှေ့ပြောင်းလုပ်သားများအပေါ် တိုက်ခိုက်မှုက်ု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲများနဲ့ သူတို့ကို ကာကွယ်ပေးတဲ့ လုပ်ရပ်များဟာ အထင်အရှား ရှိနေပါတယ်။ ဒါတွေဟာ ဗိယက်နမ် စစ်ကာလများအတွင်း ဖြစ်ပေါ်တဲ့ ကမ္ဘာ့ပြည်သူများရဲ့ လှုပ်ရှားမှုနဲ့ ဆင်တူပါတယ်။

(၄) ပထဝီနိုင်ငံရေး ဖော်ပြချက်များ

အမေရိကန်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်များ အပါအဝင် ကျန်ကမ္ဘာ့နိုင်ငံတွေကလည်း စိတ်မသက်မသာဖြစ်နေတာ ကြာပါပြီ။ 

ဥပမာ- ဥရောပနိုင်ငံများဆို အတော်ခံပြင်းနေတာပါ။ ထရန့်သာမက ဒုသမ္မတ‌ ဗွန့် (Vance) ကပါ စော်စော်ကားကား ပြောတာကို ခံနေရတာပါ။ အခုလည်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းကို မျက်စောင်းထိုးနေပြန်ပြီ။ ဒီတော့ သူတို့တတွေလည်း ကမန်းကတန်းနဲ့ တပ်ပေါင်းစုဖွဲ့လာကြတာ တွေ့လာရပါတယ်။

ရုရှားတို့-တရုတ်တို့ကတော့ အစောကတည်းက ကမ္ဘာတောင်ပိုင်းနိုင်ငံများလို့ ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားကို စုစည်းပြီး အဖွဲ့အမျိုးမျိုးကို ဖွဲ့စည်းထားတာတွေ ရှိပါတယ်။ 

ဥပမာ- BRICS+ SCO တို့ စသဖြင့် ရှိပါတယ်။

အခုအခြေအနေအရတော့ - အမေရိကန်ရဲ့ ရမ်းကားမှု (ဗင်နီဇွဲလားကိစ္စအပြီး ပေးတဲ့ ထရန့်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ခြိမ်းခြောက်သွားတဲ့ အကြောင်းအရာများ) တွေကို ကျန်ကမ္ဘာ့ပြည်သူတရပ်လုံး စုပေါင်းကာကွယ်ကြရတော့မှာပါ။

အမေရိကန်အဖို့တော့ (အစ္စရေး နာတာယာဟုလို လူမျိုးကလွဲလို့) အထီးကျန် ဖြစ်လာပါလိမ့်မယ်။

တကယ်တော့ လက်ဝါးကြီးအုပ် အရင်းရှင်ကြီးတွေ ဖြစ်တဲ့ ထရန့်တို့တတွေ မိမိတို့ရဲ့အခက်အခဲအကျပ်အတည်းတွေကို ရှေးရိုးနည်းလမ်းဟောင်းတွေဖြစ်တဲ့ နယ်ချဲ့စနစ်လမ်းကြောင်းနဲ့ ထွက်ပေါက်ရှာဖို့လုပ်ပေမဲ့ ဒီအချိန်အခါဟာ နယ်ချဲ့စနစ် လျှမ်းလျှမ်းတောက်ခဲ့တဲ့ (၁၈-၁၉) ရာစုများ မဟုတ်တော့ဘဲ၊ အဖိနှိပ်ခံပြည်သူများ အများအပြား နိုးကြားလာနေတဲ့ ၂၁ ရာစုဖြစ်နေပြီ ဖြစ်နေပါပြီ။ 

အမေရိက ပြည်သူများရဲ့-ဘုရင် အလိုမရှိ-ဆိုတဲ့ လှုပ်ရှားမှုပဲ ကြည့်ပါ။

လတ်တလော ရေတိုမှာ ထရန့် မော်ကြွားသလို အမေရိကန်စစ်တပ်ရဲ့ အောင်မြင်မှု (၂-နာရီအတွင်း တခြားနိုင်ငံက သမ္မတနန်းတော်တွင်း ဝင်ဖမ်းဆီးပြနိုင်မှု) လို့ မြင်နိုင်ပေမဲ့ ရေရှည်မှာ ထရန့် ပြောသလို လွယ်ကူမှာ မဟုတ်ဘဲ၊ ကျန်ကမ္ဘာ့ပြည်သူတရပ်လုံးရဲ့ အုံကြွဆန့်ကျင်မှုကို တွေ့လာရမှာ မုချမလွဲပါ။

ကမ္ဘာ့အရပ်ရပ်ရှိ အဖိနှိပ်ခံပြည်သူများ စည်းလုံးညီညွတ်ကြ။

လှကျော်ဇော

၉-၁-၂၀၂၆။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar