ကမ္ဘာ့ကြီးရဲ့ အာဏာ ပါဝါ အပြောင်းအလဲတွေနဲ့ မြန်မာ့အရေး
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၉ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆
ကမ္ဘာ့ကြီးရဲ့ အာဏာ ပါဝါ အပြောင်းအလဲတွေနဲ့ မြန်မာ့အရေး
မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ အဆုံးမသတ်နိုင်ခဲ့တဲ့ ပြည်တွင်းစစ် ပြဿနာဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး လူထုက အာဏာသိမ်းခဲ့တဲ့ စစ်တပ်အပေါ် ဆန့်ကျင်မှု အမြင့်ဆုံးရောက်ရှိချိန်ကို ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နယ်မြေသိမ်းယူနိုင်ရေးအတွက် အခွင့်အလမ်းသာစေခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှ အသစ်အသစ်သော ဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ပေါင်းများစွာလည်း ပေါ်ထွက်လာခဲ့ပြီး အဖွဲ့အများအပြားထဲမှာ အာဏာသိမ်းစစ်တပ်နဲ့ စင်ပြိုင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လက်အောက်က People Defense Force တပ်ဖွဲက ကြီးမားတဲ့ လက်နက်ကိုင် အင်အားရှိတယ်လို့ ဆိုနိုင်ပါတယ်။ NUGရဲ့ PDF တပ်ဖွဲ့ဟာ လူအင်အား ငွေအင်အား အများဆုံးလို့ဆိုနိုင်ပေမယ့် စစ်တပ်တခုလို စုစည်းအမိန့်နာခံမှု၊ စစ်ရေးအတွေ့အကြုံ၊ လက်နက်ခဲယမ်း (လက်ဖြစ်မဟုတ်တဲ့)ကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နှိုင်းယှဥ်လို့ မရတဲ့ အနေအထားက အခု ၅ နှစ် အချိန်ရောက်လာတဲ့အထိ ရှိနေဆဲလို့ဆိုရမှာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ မြို့၊ စစ်စခန်းတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ AA, KNLA, KIA တို့က စစ်ဆင်တိုက်ခိုက်နေတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ ကျောက်ဖြူ က စစ်တပ်ရဲ့ ကာကင်းစခန်းတွေ၊ ရေတပ် အခြေစိုက်စခန်းတွေကို ဦးတည်တိုက်ခိုက်နေသလို ပဲခူးတိုင်းအရှေ့ဘက်ခြမ်းက ရထားလမ်းပေါ်က တောကျွဲအင်းမြို့ ကို မြို့သိမ်းတိုက်ပွဲ အဖြစ်နဲ့ တိုက်ခိုက်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ ဗန်းမော်နဲ့ ကသာမှာ KIA တပ်ဖွဲ့တွေကိုယ်တိုင်နဲ့ KIA နဲ့ NUG အစိုးရ လက်အောက်က PDF တပ်ဖွဲ့တွေ ပါဝင်ပြီးတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ NUG လက်အောက်က PDF တပ်ဖွဲ့တွေ၊ အခြားသော ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အထောက်အပံ့ရယူပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ လက်တွဲ တိုက်ခိုက်နေတဲ့ အဖွဲ့တွေက နယ်မြေတွေအများ အပြားသိမ်းယူနိုင်ခဲ့သလို နယ်မြေအချို့ကိုလည်း ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း ပြန်လက်လွှတ်ခဲ့ရတာ ရှိပါတယ်။
၅ နှစ်တာ အခြေအနေကို အနှစ်ချုပ်သုံးသပ်ရရင် ပြည်တွင်းစစ်ရဲ့ အနိုင်အရှုံး ရလဒ်က ထင်ထင်ရှားရှားမရှိသေးတဲ့ အခြေအနေလို့ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့ နှစ်စပိုင်းနဲ့ နှစ်လယ်ပိုင်းမှာ အနိုင်အရှုံးရလဒ်က ပေါ်လုနီးမှာ တရုတ်နိုင်ငံက ၄င်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို ဖိအားပေး စွက်ဖက်လို့ ရလဒ်က ပြောင်းလဲသွားတာလို့လည်း အချို့က ရှုမြင်သုံးသပ်ကြပါတယ်။
အချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး စစ်ရေး ရည်မှန်းချက်နဲ့ NUG ၊ မြန်မာ (ဗမာ) လူမျိုးလက်နက်ကိုင်တပ်တွေရဲ့ နိုင်ငံရေးစစ်ရေး ရည်မှန်းချက်က မတူညီကြတာကြောင့် တနည်းအားဖြင့်ဆိုရရင် ပန်းတိုင် မတူကြတာကြောင့် အဆင့်တခုမှာ ကွဲပြားမှုက ထင်ရှားပြီး အကျိုးစီးပွားကွဲပြားမှု ပေါ်ပေါက်လာရတာလို့ သုံးသပ်ကြပါတယ်။
အဆိုပါ သုံးသပ်ချက်တွေ ချဥ်းကပ်မှုတွေကို လေ့လာကြည့်ရင် မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် ရဲ့ အရှုံးအနိုင် ရလဒ်ထွက်ဖို့ ယှဥ်ပြိုင်တိုက်ခိုက်ကြရာမှာ ပြည်ပရဲ့ သြဇာသက်ရောက်မှုက အတိုင်းအတာတခုထိ ရှိနေတယ်ဆိုတာကို သက်သေခံသလို ဖြစ်စေပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ဟာ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ဥရောပနဲ့ အာရှတိုက် ၂ တိုက်ကို ဖြန့်ကျက်တည်ရှိတဲ့ ရုရှားနိုင်ငံတို့နဲ့ ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေး ကို အခြေပြုပြီး သံတမန်ရေး ထောက်ခံမှု နဲ့ စစ်လက်နက် နည်းပညာတွေ ဝယ်ယူရရှိနိုင်တဲ့ အနေအထားမှာ ပြည်တွင်းက ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အင်အားစုတွေကို အသာစီးရရှိစေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နဲ့ ၂၀၂၆ ခုနှစ်သစ်ထဲ သီတင်းတပတ်ကျော်မျှ ဝင်ရောက်ချိန်အတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အခင်းအကျင်း၊ ချဥ်းကပ်မှု၊ ရပ်တည်ချက်၊ အကျိုးစီးပွားတွေ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာတာတွေ့ကြရမှာ ဖြစ်ပါတယ်။
အဓိက ကစားနေတဲ့ အမေရိကန်နိုင်ငံက ထရန့် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ မူဝါဒ အရွေ့က ဥရောပ၊ လက်တင်အမေရိက၊ အရှေ့အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့နိုင်ငံတွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိလာမှာ ထင်ရှားနေပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ မှာ အမေရိကန်သမတ အာဏာစတင်လွှဲပြောင်းပြီးနောက် ကုန်သွယ်ရေးမူဝါဒ၊ နိုင်ငံခြားရေး မူဝါဒ၊ နိုင်ငံတကာဖွံဖြိုးရေး အကူအညီ ဆိုင်ရာ မူဝါဒတွေမှာ ပြောင်းပြန်လှန်တယ်လို့ ဆိုရလောက်အောင် အပြောင်းအလဲ များစွာ၊ မျှော်လင့်မထားတဲ့ ရလဒ်များစွာ ကြုံတွေ့ခဲ့ကြရပြီ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံအပေါ် မြန်မာ နိုင်ငံသားတွေ အပေါ် သက်ရောက်မှု ဖြစ်စေတဲ့ အမေရိကန်အစိုးရ၏ မူဝါဒတွေ အမိန့်ကြေညာချက်တွေ အများအပြားထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တနှစ်တာကာလ အတွင်း နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ ဖြတ်တောက်မှု၊ ဗီဇာကန့်သတ်မှု၊ ဒုက္ခသည်ဆိုင်ရာမူဝါဒ၊ ကုန်သွယ်ခွန် စတဲ့ မူဝါဒ အပြောင်းအလဲတွေထက် ၂၀၂၆ ခုနှစ် နှစ်သစ်ဝင်ပြီး ၁ ပတ်ကျော်အကြာကာလအတွင်း ပြောင်းလဲလိုက်တဲ့ မူဝါဒ အရွေ့က မြန်မာနိုင်ငံ အပေါ် သက်ရောက်မှုတွေ ပိုကြီးမားနိုင်တာလည်း တွေ့ကြရမှာပါ။
ဗင်နီဇွဲလား ကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်ရောက်ပြီး သမ္မတကို ဖမ်းဆီးတဲ့ ဖြစ်ရပ်၊ ဂရင်းလန်းကို အမေရိကန် အနေနဲ့ ရယူဖို့ စစ်ရေးနည်းလမ်း အထိ ထည့်သွင်းစဥ်းစားမယ် ဆိုတဲ့ မူဝါဒတွေ၊ မက္ကစီကို နိုင်ငံက မူးယစ်ဆေးဝါး ဂိုဏ်းတွေကို ၄င်းတို့အစိုးရ မကိုင်တွယ်နိုင်တာကြောင့် အမေရိကန် အနေနဲ့ လိုအပ်ရင် ဝင်ရောက်နှိမ်နှင်းမယ်ဆိုတဲ့ ပြောဆိုမှုတွေက ဆယ်စုနှစ်များစွာ ကမ္ဘာမှာ လက်ခံထားခဲ့တဲ့ (အချုပ်အချာအာဏာကို မကျူးကျော်ရ ဆိုတဲ့) နိုင်ငံတကာဥပဒေ ကို အရေးမစိုက်တော့တဲ့ သဘောလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းမှာ အီရန်နိုင်ငံမှာ ဆန္ဒပြမှုတွေ ပေါ်ထွက်လာအောင် CIA က အားပေးလှုံ့ဆော်ပြီး အီရန်ကိုလည်း လိုအပ်ရင် ဝင်ရောက်တိုက်ခိုက်ဖို့ စကားဦးသန်းတဲ့ အဖြစ်အပျက်တွေက အမေရိကန် မူဝါဒ အပြောင်းအလဲက ကမ္ဘာရဲ့ ဒေသအသီးသီးကို သက်ရောက်မှုရှိနေတာတွေ့နေကြရတဲ့ သဘောဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေ၊ ကြီးမားတဲ့ မူဝါဒ အရွေ့တွေက လက်တင်အမေရိက၊ ဥရောပ၊ အတ္တလန်တိတ် မြောက်ပိုင်းဒေသနဲ့ အရှေ့အလယ်ပိုင်းတွေမှာပဲ ဖြစ်ပျက်နေမှာတော့ မဟုတ်ပါဘူး။
အမေရိကန်က ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတကို ဖမ်းဆီးနိုင်တဲ့ သာဓကက အခြားသော အင်အားကြီးနိုင်ငံ အနေနဲ့လည်း အလားတူ လုပ်ရပ်မျိုး လုပ်ခွင့်ရှိတယ်ဆိုတဲ့ အစဥ်အလာကို လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။ ၄ နှစ်နီးပါး ဖြစ်ပွားလာတဲ့ ယူကရိန်း-ရုရှားစစ်ရဲ့ ရပ်တည်ချက်တွေကိုလည်း ပြောင်းပြန်ဖြစ်စေနိုင်တာပါ။ အရှေ့အာရှမှာ ထိုင်ဝမ် အရေး၊ တောင်တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာ၊ တရုတ်-ဂျပန် ဆက်ဆံရေး ဆိုးရွားလာတာတွေက အမေရိကန် မူဝါဒအရွေ့ရဲ့ ဂယက်နဲ့ ပေါင်းလိုက်ရင် ကမ္ဘာ့ဘယ်နေရာ ဘယ်ဒေသမဆို ဒေသဆိုင်ရာ စစ်ပွဲ၊ အကန့်အသတ်နဲ့ ဖြစ်တဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်သလို အင်အားကြီးနိုင်ငံတွေက မိမိတို့ လုံခြုံရေးအတွက်၊ မိမိတို့ အမျိုးသားအကျိုးစီးပွားအတွက်ဆိုကာ ဝင်ရောက်စွက်ဖက်တာ ကျူးကျော်တာတွေ ဖြစ်လာနိုင်တဲ့ အခင်းအကျင်းမျိုးဆီ ဦးတည်နေတာ ဖြစ်ပါတယ်။
ဒီအမြင် အယူအဆတွေဟာ အဆိုးမြင်လွန်းတဲ့ အမြင်၊ ဖြစ်နိုင်ခြေမရှိတာကို စိုးရိမ်မှုတွေလို့ ဆိုကောင်းဆိုပါလိမ့်မယ်။
လက်တွေ့မှာတော့ ကမ္ဘာ့အခြေအနေဟာ ၁၉၃၀ ပြည့်လွန်နှစ်၊ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ အခြေအနေမျိုးနဲ့ နှိုင်းယှဥ်လို့ ရလုနီးပါး အနေအထားရောက်လာနေတာ ဖြစ်ပါတယ်။
ကမ္ဘာစစ်ဖြစ်ဖို့ အခင်းအကျင်းလို့ မဆိုနိုင်သည့်တိုင် အဲဒီကာလလို အနေအထားမျိုး နဲ့ နှိုင်းယှဥ်လို့ ရတဲ့ အခြေအနေဖြစ်ပြီး အင်အားကြီးနိုင်ငံတွေ အနေနဲ့ မိမိတို့ အကျိုးစီးပွားက ပထမ ဦးစားပေး စဥ်းစားဆုံးဖြတ်ကာ တနိုင်ငံက လုပ်လို့ရရင် အခြားတနိုင်ငံမှာလည်း လုပ်ဖို့ အခွင့်အရေး ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေ အားကောင်းလာနေတာပါ။
၁၉၃၀ ခုနှစ်တွေလို ကမ္ဘာ့နိုင်ငံတွေအချင်းချင်း အကြားဖြစ်ပွားတဲ့ ပြဿနာတွေကို ကြားဝင်ဖြေရှင်းမယ့် နိုင်ငံပေါင်းချုပ် အသင်းကြီး ရဲ့ သြဇာ မရှိတော့တဲ့ အခြေအနေနဲ့ အခုလက်ရှိ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အနေအထားက တူညီနေတာဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်း ကုလသမဂ္ဂရဲ့ အောက်က အချို့သော အဖွဲ့အစည်းတွေကနေ အမေရိကန် နိုင်ငံက နုတ်ထွက်တာတွေ လုပ်ဆောင်လာပြီး ကမ္ဘာ့ အရေးမှာ ငါ့မြင်းငါစိုင်းတဲ့ အနေအထားတွေ ဖြစ်ပါတယ်။
ဒီအခင်းအကျင်းတွေကို မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ သဘောပေါက် နားလည်ပြီး မိမိတို့ရဲ့ လမ်းစဥ်၊ ရပ်တည်မှု၊ လက်တွေ့ဖော်ဆောင်မယ့် လုပ်ငန်းစဥ်တွေအပေါ် ပြန်လည် သုံးသပ်ကြည့်ကြဖို့ အချိန်ရောက်နေပြီလို့ ဆိုချင်ပါတယ်။
ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီးကာလ မြန်မာလွတ်လပ်ရေး ကြိုးပမ်းသူတွေ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်း ဂျပန်အဆက်အသွယ်နဲ့ ချိတ်ဆက်မိကာ ဂျပန်ပြည်ရောက်ကာ စစ်ပညာသင်ပြီး ဖက်ဆစ်ဂျပန်အစိုးရရဲ့ အရှေ့အာရှ ကြီးစိုးရေး မဟာဗျူဟာအောက်မှာ အသုံးချခံခဲ့ရတဲ့ သမိုင်းသင်ခန်းစာလည်း အတိတ်မှာ ရှိခဲ့ပြီးဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar