ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အခွန်၊ NUG၊ ဗိုက်နဂါး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အခွန်၊ NUG၊ ဗိုလ်နဂါး
မိုးမခ ၊ ဇန်နဝါရီ ၂၁ ၊ ၂၀၂၆
အခွန်။ ဤအခွန်သည် ဟိုအခွံမဟုတ်။ အခွန်ဆိုတိုင်း အလွတ်ဟု မမှတ်နှင့်။ ဤအခွန်ကား အပြည့်၊ အဆီအနှစ် အပြည့် အခွန်။ ဗလာနတ္ထိ သေးသေးတင်အခွံမဟုတ်။ နသတ်ခွန်။ မလိုင်အပြည့်နို့။ သောက်စို့လို့ သိပ်အရသာရှိ၊ ထိ မိ ဂွိ။
အခွန်ကား အစိုးရသူတို့ တန်ဆာတည်း။ မင်းတို့ အမှတ်ဆိပ်တည်း။ ဘုရင်ဖြစ် လက်မှတ်တည်း။
အခွန်ကို တိုက်ခိုက်သိမ်းပိုက်နိုင်သူတို့သာ ကောက်ရာသည်။ အခွန်ကို မင်းအဖြစ် ရာဇဘိသိက်ခံသူတို့သာ ကောက်ရာသည်။ အခြားသူ မကောက်ရ။ အခြားသူကောက်လျှင် ဆက်ကြေးသာ။
အသို့ဆိုတော့ အခွန်သည် တိုက်ခိုက်သူတို့နှင့် တိုက်ရိုက်သက်ဆိုင်သည်။ မတိုက်ခိုက်သူတို့နှင့် ပသို့မျှ မဆိုင်။
တိုင်းပြည်နယ်ပယ်တခုအတွင်း ဘုံရန်သူ အဦးမူ၍ မည်သူတို့ တိုက်ခိုက်နေသနည်း။ ထိုသူတို့ အခွန်နှင့်ဆိုင်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်နေသော ERO တို့နှင့် အခွန်မှန်သမျှ ဆိုင်သည်။
ထို့ကြောင့် ဘုံရန်သူစစ်အုပ်စုကိုတိုက်ခိုက်နေသော NUG PDF များနှင့် အခွန်မှန်သမျှ ဆိုင်သည်။
ထို့ကြောင့် ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်နေသော LOCAL PDF များနှင့် အခွန်မှန်သမျှ ဆိုင်သည်။
ထို့ကြောင့် ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်နေသော CDMများနှင့် အခွန်မှန်သမျှ ဆိုင်သည်။
ထို့ကြောင့် ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်နေသော ပညာရေးလုပ်သူများနှင့် အခွန်မှန်သမျှ ဆိုင်သည်။
ထို့ကြောင့် ဘုံရန်သူ စစ်အုပ်စုကို တိုက်ခိုက်နေသော လူမှန်သမျှနှင့် အခွန်မှန်သမျှ ဆိုင်သည်။
ထို့ကြောင့် ဘုံရန်သူ စစ်အုပ်စုဒဏ်ကို ကြံ့ကြံ့ခံနေသော စစ်ပုန်း စစ်ရှောင် ပြည်သူများနှင့် အခွန်မှန်သမျှ ဆိုင်သည်။
အားလုံး၏ တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုသည် ဒေသနယ်ပယ်များကို စွန့်လွှတ်နေရသည်။ တနေရာတည်း တအုပ်စုတည်း တိုက်ခိုက်မှုကြောင့်မဟုတ်၊ အားလုံး၏ မိမိရောက်ရာဒေသမှ မိမိအသိ မိမိခံယူချက်၊ မိမိသဘော၊ မိမိအမြင်၊ မိမိအရင်းအနှီး၊ မိမိအသက်၊ မိမိလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် စစ်အုပ်စုသည် နေရာဒေသများကို လက်လွှတ်နေရသည်။
ထိုနေရာများတွင် မိမိတို့အုပ်စိုးသည့်အတွက် အခွန်ကောက်ခံနေသည်။
အနှီအခွန် ထိုအခွန် ယင်းအခွန် ၎င်းအခွန်သည် တိုက်ခိုက်သူအားလုံးနှင့် ဆိုင်သည်။ တိုက်ခိုက်မှုဒဏ်ကို ကြံ့ကြံ့ခံသူ အားလုံးနှင့် ဆိုင်သည်။ တိုက်ခိုက်မှုတွင် ပါဝင်သူအားလုံးနှင့် ဆိုင်သည်။ တဦးဆိုင် မဟုတ်။ တဖွဲ့ပိုင် မဟုတ်။ အနှီအခွန်နှင့် တသဘောတည်း စီမံခွင့်မရှိ။ ထိုအခွန်နှင့် တအုပ်စုတည်း နှီးနှောခွင့်မရှိ။ ယင်းအခွန်နှင့် တဖွဲ့စည်းတည်း ဆက်ဆံခွင့်မရှိ။ ၎င်းအခွန်နှင့် တစိုးရတည်း ပေါင်းသင်းခွင့်မရှိ။
အနှီအခွန်ကို ဘယ်သူ သုံးစွဲသနည်း။ ထိုအခွန်ကို ဘယ်မှာ သုံးစွဲသနည်း။ ယင်းအခွန်ကို ဘယ်လို သုံးစွဲသနည်း။ ၎င်းအခွန်ကို ဘာ့ကြောင့် သုံးစွဲသနည်း။ စာရင်းဇယား ရှိလား။ စာရင်းကိုင် ရှိလား။ စာရင်းစစ် ရှိလား။ မေးကို မေးရမည့်နည်းတူ တာဝန်ရှိသူက ဖြေကို ဖြေရမည်။
ဤအရာသည် NUG နှင့် ဗိုလ်နဂါးကြား ဖြစ်သောပြဿနာဖြစ်သည်။
ဤအရာသည် NUG နှင့် NOCAL တို့ကြား ဖြစ်သောပြဿနာတည်း။
ဤအရာသည် NUG နှင့် မဟာမိတ်တို့ကြား ဆက်ဖြစ်မည့်ပြဿနာဟူ၍မှတ်။
နေရာအနှံ့ တိုက်ခိုက်မှုရှိ၍ တနေရာ၌ အခွန်ကောက်ရနေခြင်းဖြစ်သည်ကို မပြတ်ရှုမှတ်ဆင်ခြင်ရမည်။
နောက်တဆင့်မှတ်ရန်မှာ ယခုအခါ တိုင်းဒေသအသီးသီးတွင် ကြားကာလ ဒေသဆိုင်ရာအစိုးရများ ပေါ်ပေါက်လာနေပြီ။ ယခင်ကဲ့သို့ သေးပေါက်ချီးယိုကစ NUGက မမြင်စမ်းတမ်းလုပ်ရန် အကြောင်းမရှိပေ။ မြေပြင်ရှိအစိုးရက ဆောင်ရွက်ရန်ရှိသည်များ၌ အဝေးရောက်ဝန်များက စွက်ဖက်မှုများကို ရှောင်ကြဉ်သင့်သည်။ မြေပြင်အစိုးရများကလည်း ရာဇဝတ်မှုမကင်းသော ပသုံးလုံးများကို အထက်ပါဝန်များကို ထောက်ရှု၍ ဆက်လက်မခန့်ထားသင့်တော့ချေ။ တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေရှေ့မှောက် ဒူးထောက်ခိုင်းရတော့မည်။ အမှုကို ရင်ဆိုင်စေ၍ အပြစ်မရှိမှသာ ပြန်လည်ခန့်ထားရမည်။ အပြစ်တန်းလန်းနှင့် ရာထူးလက်ကိုင်ပြုထားလျှင် ဘယ်သူမှ ပေါင်းစည်းမှုမရနိုင်ပေ။ သူတို့အောက်နေဖို့ထား၊ သူတို့နှင့် တွဲလုပ်ရန်ပင် သတီလိမ့်မည် မဟုတ်။ လိုမပ်လျှင် ဒေသပြည်သူက ရွေးကောက်သောသူကိုသာ ခန့်ထားရန်ရှိသည်။
တိုင်းဒေသကြီးအစိုးသည် တိုင်းအတွင်း ကောက်ခံသောအခွန်နှင့် ပတ်သက်၍ အပြည့်အဝ စီမံခန့်ခွဲခွင့်ရှိရမည်။ မျှမျှတတ ဖြစ်ရန်သာ ဗဟိုအစိုးရက ထိန်းကျောင်းရန် ရှိသည်။ တိုင်းအတွင်းဖြစ်သော ပြဿနာတိုင်းကို စီမံခန့်ခွဲခွင့်၊ စီရင်လုပ်ပိုင်ခွင့် ရှိရမည်။ ဗဟိုနှင့်မဆိုင်သမျှ ဗဟိုက ပသို့မျှဝင်ရောက်စွက်ဖက် ခြယ်လှယ်ရန် အကြောင်းမရှိ။
ယခု လက်ငင်းဒိဋ္ဌရင်ဆိုင်နေရသော ပုလဲပြဿနာသည် တိုင်းဒေသကြီးအစိုးရနှင့်ဆိုင်သလော။ ဗဟိုအစိုးရ NUG နှင့်ဆိုင်သလော၊ NUCC ကပါ ထောက်ပြ ပြောဆိုဖို့ တာဝန်ရှိလေသည်။ မရောင်ရာ ဆီလူးမနေသင့်ကြပေ။
ဝန်ကြီးချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်လည်း ပြောရေးဆိုခွင့်ဟုတ်၊ မဟုတ် ဆင်ခြင်သင့်သည်။ တရားဥပဒေစိုးမိုးရေးအတွက် အရေးယူဆောင်ရွက်ရပါသည် ဆိုပြီး လွတ်ရာကျွတ်ရာကနေ မြေပြင်ကို အရမ်းကာရော အမိန့်မပေးသင့်၊ တည့်တည့်ပြောရလျှင် ရန်မတိုက်သင့်ပေ။ အကြောင်းမှာ မြေပြင်တွင် ကိုယ်စီသေနတ်နှင့် နေကြသောကြောင့် ဖြစ်သည်။ ထိုသေနတ်သည်လည်း NUG တပ်ဆင်ထားသည် မဟုတ်၊ စစ်အုပ်စု၏ လက်နက်ကိုင်သောင်းကျန်းမှုကို မကျေနပ်၍ လက်နက်ကိုင် တော်လှန်နေသည်ကို မမေ့သင့်။ နောက်တကြောင်းမှာ တရားဥပဒေစိုးမိုးရေး ပျက်ယွင်းနေသည့် ကိုယ့်ရုံးတွင်းက မကြည်ပြာ လင်မယား၊ အမျိုးများနှင့် သူတို့၏ ခွေးအမှုကို မရှင်းနိုင်ဘဲ နေ့ရွှေ့ညရွှေ့ လုပ်နေရသောကြောင့်ဖြစ်သည်။
ဗိုလနဂါးနှင့် ဖြစ်သောကိစ္စသည် တော်လှန်ရေးအတွက် အပြတ်ပြတ်နှင့် နှာခေါင်းသွေးထွက်ကိန်းဆိုက်လာပြီ။ MOD က အတွင်းဝန် နိုင်ထူးအောင် အပြီးအပြတ် မရှင်းလင်းဘဲ မလိမ့်တပတ်နှင့် ထွက်သွားသည်။ သမ္မတရုံး ပြောခွင့်ရ မောင်မောင်ဆွေလည်း ထို့အတူပင်။ ကာဝန်လည်း ရှင်းရမယ့်ဟာတွေရှိသည်။ သမတကြီး ဒူးဝါးလရှီးလပါ တာဝန်ရှိသည်။ ကြားလူ ကိုတေဇာဆန်းရော ဆိုင်သည်။ အကုန်လုံး ရိုးရိုးရှင်းရှင်း ပြည်သူတွေ လင်းသွားအောင် လုပ်ဖို့ တာဝန်ရှိသည်။ လော်ဘီတွေ၏ တော်ကီတွေနှင့် ပြီးသွားရမည့်ဇာတ်လမ်း မဟုတ်။
အနှီကိစ္စ ဒီကိစ္စ ယင်းကိစ္စ ထိုကိစ္စ ၎င်းကိစ္စ အကြောင်းကိစ္စကို ထောက်ပို့တွေရော မဟာမိတ်တွေရော ERO တွေရော စောင့်ကြည့်နေပါလိမ့်မည်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar