Breaking News

လင်းလက်နွေဦး - ဟစ်တလှိုင်

 

Art-  Than Htay Maung 

ဟစ်တလှိုင်
လင်းလက်နွေဦး
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၂၆


     နာမည်အရင်းတောင် မသိကြတော့၊ တရွာလုံးက သူ့ကို "ဟစ်တလှိုင်" လို့ ခေါ်ကြသည်။ ရွာဇာတိလည်း မဟုတ်၊ ဘယ်ဥက ပေါက်မှန်းတောင် မသိ။ လျှို့ဝှက်လွန်းသည်။ အကြောင်းတိုက်ဆိုင်လို့ မေးကြည့်တဲ့အခါ တခါတခါ ရှမ်းရှေ့ကလို့ ပြောသည်၊ တခါတရံ ဧရာဝတီကလို့ ပြောသည်။ မိဘတွေကလည်း တခါတလေ 'ဦးစိုင်းလှိုင်+ ဒေါ်နန်းလု'၊ တခါကတော့ 'ဦးသန်းလှိုင်+ ဒေါ်ခင်ခင်ကြီး' ဖြစ်သွားသည်။
     'ရိုးသားကြိုးစား'ဆိုသော စကားကိုတော့ ဘုံဆကွဲကိန်းအနေနဲ့ အမြဲသုံးသည်။ စကားပြောသံ လေးလေးနက်နက်ကြီးနဲ့ အတည်ကြီးလိုလို 'ရိုးသားကြိုးစားတဲ့ ဖေဖေ ဦးစိုင်းလှိုင်က ရှမ်းစော်ဘွားကြီး စပ်စံထွန်းရဲ့ မြစ် ဆယ်ဝမ်းကွဲလောက် တော်တယ်လေ'လို့ ပြောတတ်သည်။ ထို့နောက် ဆိုင်တာ မဆိုင်တာ ဘေးချိပ်ထား၊ ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးရဲ့ အထင်မှားမှုဒဏ်ခံရတဲ့ 'မိဖုရား စောမွန်လှ'ကနေ အမျိုးဆက်ပြတတ်သည်။ တည်ပြီးသား စေတီကိုတောင် ဆွဲလှည့်နိုင်ခဲ့တဲ့ 'မြတဘက်'ပင်လျှင် သူတို့ ဆွေစဉ်မျိုးဆက်ရတနာဖြစ်နေသည်။
     ပြောပြီးသား စကား မမှတ်မိတာလား၊ အမှတ်မထားတာလား၊ တရွာလုံးကို 'စောခ်တောသား'တွေ သဘောထားသလားမသိ၊ နောက်တခါမှာတော့ 'ရိုးသားကြိုးစား ဧရာဝတီသားကြီး ဖေဖေ ဦးသန်း လှိုင်ဆိုတာ ကိုလိုနီခေတ်က သင်္ဘောပိုင်ရှင်သူဋ္ဌေးကြီး ဦးနာအောက်ရဲ့ မြေး ဆယ့်နှစ်ဝမ်းကွဲ တော်သူပေါ့၊ ဖေဖေလည်း သိပ်ကြိုးစားခဲ့တာ၊ သူ့ခေတ်သူ့အခါတုန်းက တနယ်လုံးရဲ့ ပင်လယ်ဒေါကြီးပေါ့'။ သူ့စကားကို နားမလည်မှာ စိုးသည့်အလား 'ပင်လယ်ဒေါဆိုတာ အိုင်တွေ ကန်တွေထက် အဆတစ်ရာကြီးတယ်လေ' ဟု တဆက်တည်း ပြောတတ်သည်။ အဖိုး ဦးနာအောက်က အရင်းရှင်ဧရာဝတီ ဖလော်တီလာကုမ္ပဏီနဲ့ ယှဉ်ပြိုင်ရတော့ စီးပွားရေး ကျဆင်းခဲ့ရပုံကို မျက်ရည်တစမ်းစမ်းနဲ့ ပြောပြတတ်သည်။ ကလေးဖြစ်သူ ကျနော့်မှာတော့ ထိုနေရာရောက်တိုင်း မျက်ရည်လိုက်ကျရသည်။
     ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိပေမယ့် လူကြီးမိဘတွေ ကျအောင် ပြောနိုင်စည်းရုံးနိုင်သဖြင့် ရပ်ကွက်မီးလင်းရေးတွင်လည်း သူပါသည်။ ဗဟုသုတကြွယ်ဝသူဟန်ပန်နဲ့ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ အတည်စွမ်းအင်၊ အရွေ့စွမ်းအင်၊ စက်စွမ်းအင် စသည့် မကြားဘူးတဲ့ စကားလုံးကြီးများ ရွေးချယ်ပစ်ပေါက်လိုက်သောအခါ 'မီးလင်းရေးဥက္ကဋ္ဌ' ဖြစ်လာသည်။ ကိုယ့်ထူကိုယ်ထရွာ ချင်းဆက်လမ်းဖောက်ရာတွင်လည်း အိမ်ခြေဘယ်ရွေရှိသည်၊ စီးပွားရေးပေါ်မူတည်ပြီး တစ်ထောင်တန် ဘယ်နှစ်အိမ်၊ နှစ်ထောင်တန် သုံးထောင်တန် ဘယ်နှစ်အိမ် ငွေခွဲလိုက်ရင် ဘယ်လောက်ရမည်၊ ဂျင်းမြေ လှည်းတစီး ဘယ်လောက်၊ လမ်းပေအရှည် ဘယ်လောက် စသည်ဖြင့် တွက်ချပြလိုက်တော့ လမ်းကော်မတီ ဘဏ္ဌာရေးမှူး ဖြစ်လာပြန်သည်။
     မီးလင်းရေးကော်မတီဥက္ကဋ္ဌကြီး ဦးဆောင်မှုဖြင့် ကျနော်တို့ရွာလေး မီးလင်းရခဲ့ပြီ။ ကော်မတီဝင်ကြီးများ အစည်းအဝေး ခဏခဏ ထိုင်၊ မြို့ပေါ် ခဏခဏတက်၊ မြို့နယ်လူကြီးများထံ ခဏခဏ တင်ပြအပြီး အောင်မြင်မှု အသီးအပွင့်အဖြစ် ရွာလေး အမှောင်တောထဲကနေ ရုန်းထွက်လာနိုင်ခဲ့သည်။ ညနေ (၇)နာရီမှ (၉)နာရီထိ မီးရသည်။ တစ်အိမ်ထောင်လျှင် မီးသုံးပွင့် ထွန်းနိုင်သည်။ ‌ရေဒီယို၊ ကတ်ဆက်၊ တီဗွီ မဖွင့်ရ။ ပြောသာ ပြောတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက တရွာလုံးပေါင်းမှ တီဗွီနှစ်လုံးသာ ရှိသည်။ တစ်လုံးက ရွာဦးဘုန်းကြီးကျောင်းမှာ၊ တစ်လုံးက ရွာထဲက ပြစားတဲ့ အိမ်မှာ။ 'အင်ဗာတာနဲ့ ဘတ္ထရီအားမသွင်းရ' ဟုလည်း စည်းကမ်းသတ်မှတ်ထားသည်။ ညတိုင်း ဆပလိုင်းချက် ဝင်သည်။ စည်းကမ်းချိုးဖောက်တာတွေ့ရင် ဒဏ်ငွေ တထောင်။ မီးယူတဲ့အိမ်က တစ်အိမ်တစ်လ နှစ်ရာကျပ်။
     လမ်းကော်အုပ်ကြီးက ရွာသားများကို အစည်းအဝေး အကြိမ်ကြိမ် ခေါ်ကာ ဤသို့ အတည်ပြုလိုက်သည်။ ရတဲ့ ငွေကလေး သောင်းဂဏန်း သိန်းဂဏန်းလေးနဲ့ ဤမျှ လမ်းအရှည်ကို ဤမျှ အရည်အသွေးကို မရနိုင်။ (သူကသာ သူဋ္ဌေးလေ သူဋ္ဌေးဟန်ကြီးဖြင့် 'ဤမျှငွေကလေး'ဟု သုံးနှုန်းခဲ့သည်၊ ထိုအချိန်က ကျနော်တို့မိသားစုမှာ ထိုခန့်ခွဲငွေရဖို့ဟိုကဒီကပင် ချေးငှားခဲ့ရသည်။ သူ့တည်းအိမ်က တော့ မည်သည့်ငွေမျှ မထည့်ဝင်ရ။) ထို့ကြောင့် တနေ့လျှင် အိမ်ထောင်စု နှစ်ဆယ်မှ အိမ်ထောင်ဦးစီးကိုယ်တိုင် သို့မဟုတ် ကူလီလုပ်နိုင်သူတစ်ဦး လုပ်အားပေးရမည်ဟု ဆိုသည်။ ကျနော်တို့မှာ ထိုသူ၏ စကားကို အာစေးအထည့်ခံရသူများပမာ လိုက်နာခဲ့သည်။
     မီးများ၊ လမ်းများ အကောင်အထည်ဖော်ရာတွင် အံ့ဩဖွယ်ရာတွေ မှတ်မိနေသေးသည်။ အိမ်ခြေဘယ်လောက်၊ ငွေထည့်သည့် အိမ်ခြေ ဘယ်လောက်မှာ ရရှိငွေဘယ်မျှ၊ သုံးငွေတွေက ဗလာဗလာ ဗလာဆိုသည့်အတွက် ဘယ်ရွေ့၊ ထို့ကြောင့် လိုငွေဘယ်လောက်ရှိသည်။ စိုက်ငွေ မှန်သမျှ သူ့ငွေ ချည်းပဲ။ ရွာရောက်ကတည်းက ဘာအလုပ်မှ မလုပ်ပေမယ့် သူ့မိဘများက အမွေ အတော်ပေးလိုက်ဟန် ရှိသည်။
     ထို့အတူ၊ လစဉ်မီးကြေးများကိုလည်း လယ်ဂျာဆိုဒ်ရှည်ကြီးဖြင့် ဘယ်လတွင် ဘယ်လောက်ကောက်ခံရရှိသည် ဆိုသည်များကို အတိအကျရေးသွင်းထားသည်။ စိစစ်ရေးလုပ်သည့် နာယက ကြီးများပင် ခေါင်းတညိမ့်ညိမ့်နဲ့ သဘောကျကြသည်။ 'သိပ်စေ့စပ်တဲ့ကောင်'ဟု။ သို့သော် ရွာဘုံမီးစက်ကြီးသည် တစ်လတခါတော့ ပုံမှန်စက်ပြတ်တတ်သည်။ ငွေကောက်ခံစဉ်က အိမ်တိုင်း မထည့်ဝင်နိုင်သည်က တကြောင်း၊ ထည့်ဝင်ကြသော်လည်း အပြည့်အဝမရသည်က တကြောင်း၊ ဈေးနှုန်းအပြောင်းအလဲ ဖြစ်သွားသည်က တကြောင်း မီးစက်အသစ်မဝယ်နိုင်ဘဲ မြို့ပေါ်ရပ်ကွက်တွင်း မီးပေးလုပ်စားနေသည့် စက်အဟောင်းသာ ဝယ်ယူခဲ့ရသောကြောင့်ဟု ဆိုသည်။ တလတခါနဲ့ တခါပြတ် သုံးလေးရက်တော့ ကြာတတ်သည်။ သို့သော် ဒီဇယ်ဆီအသုံးကတော့ ပုံမှန်အတိုင်းဖြစ်သည်။
     သုံးလေးလ ကြာလာသောအခါ ထိုသူက ကျေးရွာကို တစ်ခု တင်ပြလာသည်။ မီးစက် ပုံမှန် နှိုးဖို့၊ ပုံမှန် ပိတ်ဖို့ အရေးကြီးကြောင်း၊ ထို့မှ ညအမှောင်သန်းလာ‌တာနဲ့ မီးအလင်းရောင်ရမည် ဖြစ်ကြောင်း၊ ပိတ်ချိန် မပိတ်ဘဲ မလိုအပ်ဘဲ မီးထွန်းနေလျှင် အပိုကုန်မည် ဖြစ်ကြောင်း။ ထို့ကြောင့် အလုပ်သမားတယောက်ကို တိတိကျကျ တာဝန်ပေးရမည်။ ဟိုလူ ဖွင့်နိုး၊ ဒီလူ ဖွင့်နိုးနဲ့ အတော်မှောင်မှ စမ်းတဝါးဝါး စက်နှိုးရတာမျိုး ရှိခဲ့ကြောင်း၊ မပိတ်မိသဖြင့် နှစ်ရက်သုံးရက်စာ ဆီကုန်သွားခဲ့ဖူးကြောင်း။ ထို့သို့ ထပ်မဖြစ်ရန် 'ရွာဦးဘုန်းကြီး'၏ တူအား လစာပေးကာ တာဝန်ပေးဖို့ ဆရာတော်နှင့် တိုင်ပင်ထားပြီး ဖြစ်ကြောင်း၊ ထိုသူမှာ စက်တဲတွင်ပင် ညအိပ်စောင့်ပေးဦးမည် ဖြစ်ကြောင်း။ စာတကြောင်း 'ဖြစ်ကြောင်း' ဆယ်ခါနဲ့ ပြောပြီး အလုပ်ခန့်ခဲ့သည်။ ထို့လမှစ၍ မီးကြေးမှာ သူဆိုသော အနည်းငယ် တက်လာခဲ့သည်။
     သူ့အပြောကတော့ တပြားမှ မစားဘဲ စေတနာသက်သက်နဲ့ ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။
     အိုးချင်းထား အိုးချင်းထိ၊ ‌လောကီလူသားပေမို့ တည်းအိမ်က မုဆိုးမကြီးနဲ့ အကြောင်းပါလေ သည်။ အမှန်တော့ သူ့ကို လက်ခံပေးခဲ့သည့် အိမ်ရှင်ကြီး ကောင်းကောင်းမမာခင်ကတည်းက ငြိစွန်းနေကြသည်ဟု တီးတိုးသံများ ရှိသည်။ တချို့ကတော့ အပင်မြင့်တော့ ညလေတိုက်ခံရတာပေါ့ဟုလည်း ပြောကြသည်။ လူသိထင်ရှား မင်္ဂလာဆောင်သည်ကိုပင် ချီးကျူးသူများလည်း ရှိသည်။ ရပ်ထဲရွာထဲ ထင်ပေါ်သူမို့ ကြိတ်ကြိတ်တိုးစည်ကားသည်။ သူကြီး သမီး မင်္ဂလာဆောင်ထက်ကြီးကျယ် သည်။ လက်ဖွဲ့ငွေပင် သိန်းချီရသည် ဟူသတတ်။
     ယောက္ခမများပင် ရွှေသမက် ငွေသမက် ခေါ်ကြသည်။ ထူးခြားသည်က ဇာတိမြေမှာ ဝေးလွန်းသဖြင့် မအေကြီးတစ်ဦးသာ ရောက်နိုင်ခဲ့သည်။
     မိန်းမရသောအခါမှ ကျနော်တို့ အိုင်ဒေါကြီး အလုပ်ထလုပ်သည်။ မြို့က ဒိုင်ချုပ်မှ ကိုယ်စားလှယ်ယူရောင်းသည်ဟုဆိုသော 'ထီ' လုပ်ငန်း ဖြစ်သည်။ အစိုးရထီမှာ ပေါက်ဖို့ မလွယ်သဖြင့် 'ချိုင်းထီ' ရောင်းပေးသည်ဟု ပြောသည်။ ထိုင်းနိုင်ငံ မင်းသမီး သီရိဒုံ'ကို အစွဲပြုပြီး 'သီရိဒုံထီ'လို့လည်း ခေါ်ကြသည်။ ရေဒီယိုမှ လာသော ထိုင်းဘာသာဖြင့် ကြေငြာချက်ကို သူက ဘာသာပြန်ပြပြီး၊ ဒီတပတ် ၉၇၂ ထွက်တယ်၊ ၄၃၈ ထွက်တယ် ပြောပြသည်။ ထိုအခါ သူထံ ထိုးထားသူများထဲမှ ပေါက်မဲရှိလျှင် အဆ ၆ ဆ ရမည်ဟု ဆိုသည်။ တနှစ်အတွင်း ‌ချဲပေါက်သူများ ၃- ၄ ယောက် ရှိသည်။ ကျနော်ပင် ၅ ကျပ်ဖိုး ပတ်လည်ရ၍ ၅၀ ပေါက်ဖူးသည်။ မူလတန်း သုံးလေးတန်းအောင်ထားသူများ ချဲစာရေးများ အဖြစ် သူက အလုပ် အကိုင် ပေးနိုင်လာသည်။
     ထိုသူ့အလုပ်အကိုင် ကောင်းမွန်တိုးတက်လာသော်လည်း သူ့ ဇနီးကြီးမှာ ကျန်းမာရေးချို့ယွင်းလာသည်။ မြို့တက်ကုသသော်လည်း လုံးပါးပါးပြီး နောက်ဆုံး လက်လွှတ်လိုက်ရသည်။ စီးပွားရေး အောင်မြင်၊ ရွာ့မျက်နှာဖုံး ဖြစ်နေသော သမတ်ကို လက်မလွှတ်နိုင်၍ မယားပါ သမီးတယောက်နှင့် ပေးစားဖို့ စီစဉ်သောအခါ ထိုသူသည် အငယ်ဆုံးသမီးလေးနဲ့သာ လက်ထက်ခဲ့သည်။ ထိုစဉ်က သမီးကြီးနဲ့လိုလို၊ သမီးလတ်နဲ့လိုလို သတင်းထွက်နေပေမယ့် နောက်ဆုံး နိုု့နံ့မစင်သေးသည့် သမီးငယ်လေးနှင့် မင်္ဂလာဆောင်ခဲ့သည်။ ဆွေမျိုးတချို့ကန့်ကွက်နေသည့်ကြားမှ ကြီးကြီးကျယ်ကျယ် မင်္ဂလာပွဲဖြစ်ခဲ့သည်။ လူပျိုတချို့ကလည်း မကျေနပ်ကြ။ တချို့ကတော့ အားကျနေဟန်။
     ကျနော် အရွယ်ရောက်လာတော့ ကျောင်းစာကြည့်တိုက်ထဲမှ စာအုပ်တအုပ် ဖတ်မိသည်။ ဆရာ ဝင်းဖေဝင်း ဘာသာပြန်ထားသည့် 'သတ္တမလျှို့ဝှက်ချက်'။ ဟစ်တလာသည် သမိုင်းပညာရှင် အများစု အတည်ပြုထားသလို 'ဇနီးဖြစ်သူက အဆိပ်ကျွေးသတ်ကာ မိမိ ကိုယ်တိုင်လည်း နားထင် သေနတ်တေ့ပစ်ကာ သတ်သေသွားသည်မှာ မဟုတ်' စသော အချက်များ။
     ကျနော် ထိုအကြောင်း ဖတ်ရင်း ရွာက 'ဟစ်တလှိုင်' ကို မြင်မိသည်။ အရပ်အမောင်း လေပေကျော်ကျော်၊ စိတ်အားထက်သန်သည့် စကားပြော ဟန်ပန်၊ လူကြီးလူလည်များအား မက်လုံးပေးစည်းရုံးနိုင်မှု၊ ကျေးဇူးရှင်ကြီး ဂိုက်ဖမ်းကာ ပေါ်တင်ဝှိက်မှုများ၊ ကာမလိမ်လည်မှုများ....
     ထိုစဉ်က ဟစ်တလာသည် လူအစားထိုးခဲ့ပြီး လျှို့ဝှက်လမ်းကြောင်းမှ တဆင့် မြန်မာပြည်သို့ ရောက်ခဲ့ဟန်တူသည်။ ထို့နောက် အိမ်ထောင်ရပ်သားကျကာ 'ဟစ်တလှိုင်'၏ အဖေကို မွေးခဲ့ဟန်တူသည်။ ထိုမှ ကျနော်တို့ ရွာကလေးရဲ့ ထာဝရကျေးဇူးရှင်ဟု အမြဲပြောတတ်သူ 'ဟစ်တလှိုင်လေး' မွေးဖွားလာခဲ့မည်။
      မြန်မာ့သမိုင်းပညာရှင်များ လေ့လာသုံးသပ်ဖော်ထုတ်ဖို့ ကောင်းသည်။ 'ဟစ်တလာ' မြန်မာပြည်တွင် နေထိုင်ပုန်းခိုခဲ့သည်။ အထက်မြန်မာပြည်လား၊ အောက်မြန်မာပြည်လားတော့ မသိ။ လျှို့ဝှက်ဆန်းကြယ်သော 'ဟစ်တလှိုင်'ကလည်း တိတိကျကျ ပြောမသွား။ ၂၀၂၁ အရေးတော်ပုံအတွင်း ထောက်ပို့တပ်သားဆိုလား၊ ၅၀၅ ဆိုလား ရွာမှ ပျောက်ကွယ်သွားလေပြီ။ သူ့ဇနီးများနဲ့ ကလေးများမှာ ရွာဦးကျောင်းတွင် စစ်ဘေးရှောင်နေကြသည်။

လင်းလက်နွေဦး
(တိုက်ဆိုင်မှုရှိလျှင် ထိုသူ့ကိုသာ တည့်တည့်ရည်ညွှန်းပါသည်) 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar