Breaking News

တာပလု - စကားပြောတဲ့ ဦးထုပ်

တာပလု - စကားပြောတဲ့ ဦးထုပ်

မိုးမခ ၊ ဇန်နဝါရီ ၂၂ ၊ ၂၀၂၆


သူက အိမ်မှာ လူပိုအဖြစ်နဲ့ နေလာတာ ကာလတခုတောင် ရှိနေပါပြီ။ မိသားစုအတွက် အသုံးမဝင်တော့တာ၊ ပတ်ဝန်းကျင်အတွက် အ‌နှောင့်အယှက်ဖြစ်တာ၊ လူကောင်းပကတိက တယောက်ယောက်အတွက် ဒါမှမဟုတ် မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက် အကျိုးပြုခြင်း တစုံတရာ မရှိတော့ဘူးဆို သူ့ကို လူပိုလို့ပဲ သတ်မှတ်ရတော့မလားဆိုတာ ပြောရခက်ပါတယ်။

သူ ကောင်းနေတဲ့အချိန်တွေတုန်းက မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက် အကျိုးပြုခဲ့သေးတာပဲလို့ ဖာထေးပြီးပြောရင် ရနိုင်ပါသေးတယ်။ နောက်ပိုင်းနှစ်ကာလတွေမှာ ကောင်းနေတဲ့အချိန်ထက် ဖောက်နေတဲ့အချိန်တွေကပဲ ပိုပိုများလာတယ်။

စိတ်ဖောက်လာပြီဆို အနားက အဖေနဲ့အမေက ရန်ရှာခံရတယ်။ သူဦးတည်ရာမဲ့ပြောစကားတွေကိုလဲ ဒီအဖေနဲ့အမေကပဲ နားထောင်ပေးရတယ်။ ကြာလာတော့ အိုကြီးအိုမတွေလည်း ခံနိုင်အားနည်းလာတော့တာပါပဲ။

စိတ်ဖောက်နေတဲ့ လူတယောက်ကို ပတ်ဝန်းကျင်က မသိမသာလေး ဝိုင်းကြဉ်ထားတဲ့ပုံစံတွေ ရှိလာတယ်။ အခေါ်အပြော မလုပ်ရဲတော့တာ။ သူ ရှိနေတဲ့အိမ်ကို မလာရဲကြတော့တာတွေ ဖြစ်လာတယ်။ ရောဂါအတိုင်းအဆကို ပြောရရင် စိတ်ဖောက်ယဉ်ပါးရောဂါလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။

ဒီလို အများသူငှာ ဝိုင်းကြဉ်ထားတဲ့ အဆင့်ရောက်လာတော့လည်း ဒီအဖေအို၊ အမေအိုကြီးကပဲ အနားမှာ ရှိနေပေးရတာပါပဲ။ မထင်ရင်၊ မထင်သလို ပစ္စည်းတခုခုနဲ့ ပစ်ပေါက်ရင်လဲ အနားမှာရှိတဲ့ တယောက်မဟုတ် တယောက်ကတော့ ဒဏ်ရာရသွားရတာပဲ။

ဒဏ်ရာနဲ့ ရွာရိုးကိုးပေါက် လျှောက်မိလို့ လူတွေ ဝိုင်းမေးကြတဲ့အခါ အိုကြီးအိုမတွေက ပွင့်ပွင့်လင်းလင်းပဲ ပြောပြကြတယ်။

"မောင်ငွေပေါ့၊ ဘယ်သူရှိရမလဲ၊ ငရုတ်ကျည်ပွေ့နဲ့ လှမ်းပစ်လိုက်တာ"

"တော်သေးတာပေါ့၊ ဒါ ချောသွားလို့၊ တည့်တည့်သာထိရင် ဘယ်ချောင်မလဲ၊ မူးမေ့သွားနိုင်တယ်"

ဆရာကောင်းကောင်းနဲ့ ခေါ်ကုပါလားလို့ဝိုင်းအကြံပြုကြတယ်။ ကုလိုက်ရတဲ့ ဆရာတွေကလည်း စုံလို့၊ သူ့ကို တံတားလေး စိတ်ကျန်းမာရေးဆေးရုံကိုလည်း ပို့ဖူးခဲ့တယ်။ ရွာသာကြီးဘက် ဆေးရုံပြောင်းသွားတော့လည်း အဲဒီကို သွားပို့ထားရတဲ့ အကြိမ်ရေကလည်း မနည်းတော့ဘူး။

သူ့ကို ရွာသာကြီးဆေးရုံကိုပို့တော့ ဖိုးပြူး ငယ်ငယ်ပဲရှိသေးတယ်။ ဖိုးပြူးက သူ့ဦးလေးကို ရွာကလူတွေ သံကြိုးနဲ့ခတ်ပြီး အမိုးဖွင့် ဟိုင်းလတ်ကားပေါ်‌ တင်ခေါ်သွားတာကို တွေ့လိုက်တယ်။ အရူးဆိုတာ အဲဒီလို သံကြိုးခတ်ပြီး ဆေးရုံပို့ရတာလို့ ဘယ်သူက လမ်းညွှန်လိုက်လဲတော့ မသိပါဘူး။

စိတ်ဖောက်လာရင် တွေ့ရာလူကို လက်သီးနဲ့ လိုက်ထိုးတာ၊ အနောက်ကနေ အမှတ်တမဲ့နဲ့ ကန်တာ။ သူ့မိတ်ဆွေသူငယ်ချင်းတွေကိုလည်း အဲဒီလိုလုပ်တာ။ အနားမှာ တွေ့ရာလူတွေကို အဲ့လိုရန်ရှာတတ်လို့ ဘယ်သူကမှ မနိုင်တော့တဲ့ အခြေအနေ ဖြစ်လာတာပဲ။

တံတားလေးဆေးရုံကို ပို့တော့ သူ ဆေးရုံရောက်တဲ့အထိ တအေး‌တဆေးပဲ လိုက်သွားတယ်လို့ ရွာမှာ ပြန်ပြောကြတယ်။ ရွာကနေ သံကြိုးတန်းလန်းနဲ့ မတ်တတ်ရပ်ပြီး ကားစီးသွားတာ ဆေးရုံရောက်တဲ့အထိပဲတဲ့။ ကားဆရာက ကားကို အရှိန်ပြင်းပြင်းမောင်းတော့လည်း သူ့မျက်နှာကို ရှေ့တည့်တည့်မှာပဲ ထားတယ်။ မျက်နှာတချက်စောင်းမသွားဘူးတဲ့။

တံတားလေးဆေးရုံကနေ သူ့ကို ရှော့တွေ ရိုက်တယ်။ ၃ လလောက်နေတော့ အထုပ်တထုပ်နဲ့ အိမ်ကို ပြန်ရောက်လာတယ်။ အိမ်ပြန်ရောက်လာတော့ လူကောင်းပကတိပါပဲ။ အလုပ် ပြန်လုပ်တယ်။ အဖေဖြစ်သူနဲ့အတူ လွှဆွဲလိုက်တယ်။ သူ့အဖေက သစ်တုံးရဲ့အပေါ်က သူက အောက်ကနေလွှဆွဲ၊ သစ်ဖြတ်အလုပ်ကို လိုက်လုပ်တယ်။

အိမ်ပြန်ရောက်လို့ တနှစ်လောက် ကြာတော့ အရင်လိုပဲ စိတ်ဖောက်လာပြန်တယ်။ စိတ်ဖောက်လာရင် သူ ပြောနေကျစကားတွေ ပြန်ပြောလာတယ်။ သီရိမင်္ဂလာဈေးက အမျိုးသမီးတယောက်ရဲ့ နာမည်ကို ခဏခဏ ခေါ်နေတာ။ ရန်ကုန်-ငါးသိုင်းချောင်း ပြေးဆွဲနေတဲ့ ကားတစီးရဲ့ အမည်ကို ရေရွတ်နေတာမျိုးတွေ လုပ်လာတယ်။

"ခင်ဆွေဝင်း၊ ခင်ဆွေဝင်း ဒီမိန်းမ ငါ့ကို လှည့်စားသွားတာ။ မောင်မောင် ဆိုရင် မင်းထီဖောကို ချေးအိုးပေါ်တင်၊ ဖားသီလရှင်၊ ဂျိုကောင်တွေ၊ ဂျိုကောင်တွေ၊ ငါးသိုင်းချောင်းကားက  ကျော်သိန်းသန်း၊ ဂျိုကာ"

ဒီလို စကားတွေကို ပြောရင်းနဲ့ သူ့ရှေ့က ရေနွေးကရားအိုးကို အရှိန်ပြင်းပြင်း ပေါက်ချလိုက်တာမျိုးတွေ လုပ်လာတယ်။ ဒါ စိတ်ဖောက်လာတဲ့ အမှတ်လက္ခဏာတွေပဲ။

တခါတလေများဆို ရေနွေကရား၊ ဓာတ်ဗူးကို ထပြီး ကန်ထုတ်လိုက်တာမျိုးတွေ လုပ်တယ်။ ဒီလိုလုပ်တော့ ဘေးမှာရှိတဲ့ အဖေအို၊ အမေအိုကြီးက သူ့ကို ဘာတခွန်းမှ မပြောဘဲ ငြိမ်ပြီးနေကြတယ်။ အဲဒီလို အချိန်မျိုးမှာ တအိမ်လုံး တိတ်ဆိတ်ငြိမ်သက်လို့။ သူကပဲ စကားတခုခုနဲ့ စကားစပြောတယ်။ သူ မကျေနပ်ဘူးဆိုတဲ့ အရာတွေကိုလည်း ပြောတယ်။ သူ့စိတ်ကို သူမနိုင်တော့ဘူး ဆိုတဲ့ နောင်တရတဲ့ စကားလုံးမျိုးကိုလည်း ပြောသေးတယ်။

ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဆိုတဲ့ ရာသီမှာ သူ စိတ်ဖောက်တဲ့ နေ့တနေ့ကို ဖိုးပြူး သတိရနေသေးတယ်။ အဲဒီနှစ်က ဝါထပ်လို့ ရေတွေအတော်ကြီးတဲ့နှစ်ပဲ။ စိုက်ထားတဲ့ စပါးခင်းတွေလဲ ရေတွေမြုပ်လို့ ကုန်တာပါပဲ။ စပါးပင်တွေဆိုတာ ရေမြုပ်သွားတာ အပင်အဖျားအနားလေးတွေပဲ ရေပေါ်မှာ ပေါ်တော့တယ်။

အဘွားဖြစ်သူက သူ့သားအခြေအနေကို သွားကြည့်ချင်တယ်။ ဖိုးပြူးကို လှေလှော်ပြီး လိုက်ပို့ခိုင်းတယ်။ ဖိုးပြူးတို့အိမ်နဲ့ အဖွားတို့အိမ်က တဖက်ကမ်းစီမှာ ရှိနေကြတာ။ အဘွားဖြစ်သူက သားဖြစ်သူ စိတ်ဖောက်ရန်ရှာနေလို့ ဖိုးပြူးတို့အိမ်မှာ လာနေရတယ်။ လာနေပေမဲ့ စိတ်မချ ဖြစ်နေရှာတယ်။ စိတ်ဖောက်ပြီး ထမင်းမှ စားရဲ့လား။ မိုးအေးနေချိန် နွေးနွေးထွေးထွေးမှနေရဲ့လားဆိုတာ အမေဖြစ်သူက စိတ်ပူနေရှာမှာပေါ့။

ဖိုးပြူးက ရေဖွေးနေတဲ့ ရေပြင်ပေါ်မှာ အဘွားကို လှေလှော်ပို့ပေးရမှာဆိုတော့ ပျော်နေတာ။ လှေလှော်တတ်တဲ့အကြောင်း ပြချင်တာ။ လှေလှော်ဖူးတဲ့ အတွေ့အကြုံကို လိုချင်တာ။ အဘွားက လှေလှော်ပြီး ဟိုဘက်ကမ်းကို လိုက်ပို့ခိုင်းတော့ ဖိုးပြူးတယောက် မဆိုင်းမတွဘဲ လိုက်ပို့မယ့်အကြောင်း အဘွားကို ပြောလိုက်တယ်။

လိုက်ပို့မယ်သာ ပြောတာ၊ ဦးလေးဖြစ်သူအနားတော့ သူ မသွားဘူးလို့ အဘွားကို ပြန်ပြောလိုက်တယ်။ စိတ်ဖောက်လာရင် ဖိုးပြူးတို့လို ကလေးတွေဆို ကောက်ပေါက်လို့တောင် ရတယ်လေ။

ဖိုးပြူးနဲ့ သူ့အဘွားက လှေကလေးတစီးနဲ့ စိတ်ဖောက်နေတဲ့သူကို အခြေအနေသွားကြည့်ဖို့ တဖက်ကမ်းကို ဖြတ်ကူးကြတယ်။ ဖိုးပြူးက လှေကို မလှော်တတ်လှော်တတ် ဆိုတော့ တော်တော်နဲ့မရောက်ဘူး။ လှေက ရှေ့တည့်တည့်ကို သွားရမှာ၊ ရှေ့တည့်တည့်မသွားဘဲ ရေလယ်လောက်မှာ တပတ်ပြီးတပတ် လှည့်ပတ်နေတော့တာ။ စပါးစိုက်ခင်းပေါ်မှာ လှေလှော်နေတာ တွေ့ရင် လယ်ပိုင်ရှင်ကလည်း ကျေနပ်မှာ မဟုတ်ဘူး။

စပါးခင်း ရေမြုပ်ရတဲ့အထဲ စပါးပင် အဖျားအနားလေးတွေ ပေါ်နေချိန် လှေတစီးက ဦးတည်ရာမဲ့သွားနေတာ သဘာဝမကျဘူး။ သဘာဝမကျဘူးဆိုတာ စပါးပင်တွေ အဖျားကျိုးရင် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့။ ရေမြုပ်နေတဲ့ စပါးခင်းက ရေပြန်ကျချိန် မျှော်လင့်ချက်ထားလို့ ရသေးတာပေါ့။ အခုတော့ ဖိုးပြူးတို့ မြေးအဘွားနှစ်ယောက်ဟာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ စပါးခင်းပေါ်ကနေ လှေတစီးနဲ့ လှော်ခတ်နေကြတာပါ။ တော်သေးတယ် ပြောရမှာ၊ စပါးခင်းပိုင်ရှင် ‌ဒေါ်မအေး မတွေ့လို့ပါ။

ဒေါ်မအေး တွေ့လို့ကတော့ သူ့စပါးခင်းပေါ် လှေနဲ့ အခုလို ဖြတ်ရမလားဆိုပြီး လှမ်းအော်မှာ သေချာပါတယ်။ ဖိုးပြူးတို့ မြေးအဘွား တဖက်ကမ်းကို ရောက်လာတယ်။ လှေဆိုက်ရမယ့် နေရာတော့ မဟုတ်ဘူး။ လှေကို မလှော်တတ် လှော်တတ်နဲ့ဆိုတော့ ဆင်းရမယ့်နေရာ တည့်တည့်မတ်မတ် မရောက်လာတာလည်း အဆန်းတော့မဟုတ်ပါဘူး။ အဘွားဖြစ်သူက သူ့သားရဲ့ အခြေအနေကို တွေ့လို‌ဇောသာ များနေတာပါ။ ဖိုးပြူး လှေလှော်ပုံ အဆင်မပြေတာကိုလည်း ဘာမှတော့ မပြောရှာပါဘူး။

အနားကလူတွေ မနေနိုင်အောင် လုပ်မိတဲ့ စိတ်ဖောက်နေတဲ့ သူကတော့ ဘယ်နေရာ ရောက်နေလဲ မသိပါဘူး။ ခွေးမ‌လေးတကောင်နဲ့ သူနဲ့ အိမ်မှာနေကြတာ။ သူ့ကို လာကြည့်တဲ့သူ အိမ်နားရောက်လာတာကို ခွေးမလေးတကောင်က အရင်ဆုံး သိတယ်။ စိတ်ဖောက်နေတဲ့သူကတော့ အနားမှာ မရှိဘူး။ ဘယ်ရောက်နေလဲ ဆိုတာကို စနည်းနာကြည့်လိုက်တယ်။ ခြံရဲ့တနေရာမှာ သူ ရောက်နေတဲ့အကြောင်း သိရတော့ ပြန်လှည့်လာကြတယ်။

အဲဒီအိမ်မှာ သူနဲ့ ခွေးမလေးတကောင်နဲ့ပဲ နေကြတယ်။ စိတ်ဖောက်လာတဲ့အချိန်ဆို အနားက လူတွေ မခံနိုင်တော့လို့ပါ။ အမေကိုလဲ အမေမှန်း မသိတော့သလို၊ အဖေကို အဖေမှန်းလည်း မသိတော့ပါဘူး။ လက်သီးနဲ့ထိုးတာ၊ ပစ္စည်းတခုခုနဲ့ ပစ်ပေါက်တာတွေ လုပ်တယ်။

အဲဒီလိုအချိန်မျိုးဆို သူ့ကို ထမင်းနဲ့ဟင်း လာလာပို့ပေးရတယ်။ သူ့အချိန်ကျရင် ထမင်း၊ ဟင်းလာပို့ထားတဲ့ နေရာကနေ ယူစားလိုက်တယ်။ တခါကဆို လာပို့ထားတဲ့ ထမင်း တကယ်စားရဲ့လားလို့ ထမင်းလာပို့တဲ့သူက ပြန်ချောင်းနေတာ။ ပို့တဲ့ ထမင်းကို ခွေးနဲ့ တပန်းကန်တည်း အတူစားနေတာကို တွေ့လိုက်တယ် ပြောတယ်။

ဒီလို ခွေးနဲ့အတူ စားတာဆို သူ ဗိုက်ဆာနေလို့ပဲ ဖြစ်မှာပါ။ တချို့ရက်တွေမှာဆို သူ မစားဘဲ ခွေးပဲကျွေးလိုက်တာကို မြင်ခဲ့ရတာလည်း ရှိတာကိုး။ ခွေးတကောင်နဲ့ အဖော်လုပ်ပြီး နေတယ်။ တခါတလေ သူ့အသံက တခုခုကို ‌အော်ငေါက်တဲ့အသံမျိုး ကြားရတယ်။ သူ့မကျေနပ်ချက်တွေကို အန်ထုတ်နေတာလည်း ဖြစ်မှာပါ။

နွေလသီတင်းပေါက်တော့ အရူးထောင်ကို ပို့ပေးရပြန်ပါတယ်။ ဒီတခါ အရူးထောင် ဆိုတဲ့နေရာက တံတားလေးမှာ မဟုတ်တော့ဘူး။ တောင်ဒဂုံဘက်ကို ရောက်သွားတယ်။ အဲဒီလို နေရာပြောင်းတဲ့အကြောင်းကို သူ ပြန်လာချိန်မှာ ပြောပြလို့ သိရတာပါ။ စိတ်ကျန်းမာရေးဆေးရုံ နေရာပြောင်းသွားတာ။ သူ့ကို ဆေးတိုက်တဲ့ ဆရာမက အသစ်တယောက် ဖြစ်နေတာ။ ဆရာမ နာမည်က ဘယ်သူဆိုတာကို ဆေးရုံကနေ ပြန်လာတဲ့ အစပိုင်းရက်တွေမှာ လူကောင်းတယောက်လိုပဲ ပြောပြနေတာ။

သူ လူကောင်းတယောက်လို ပြန်ဖြစ်လာတော့ အမျိုးသမီးကြီးတွေက သူ့ကို စိတ်ဝင်စားကြတယ်။ သူနဲ့ လာအိပ်တဲ့ အမျိုးသမီး နှစ်ယောက် ရှိတယ်။ အဲဒီအမျိုးသမီး နှစ်ယောက်က လွတ်လွတ်လပ်လပ်တွေတော့ မဟုတ်ဘူး။ လင်ငုတ်တုတ် ရှိနေလျက်နဲ့ သူနဲ့ လာအိပ်ကြတာ။ တပတ်၊ နှစ်ပတ်လောက် သူနဲ့ပဲ ပေါင်းသင်းနေထိုင်ကြတယ်။ ဒီလောက်ပဲ။ ဒီထက်ပိုပြီးတော့လည်း မနေကြဘူး။ ဒီလို သူနဲ့လာနေပြီး အဲဒီအမျိုးသမီးတွေက သူတို့ အိမ်ပြန်သွားကြတယ်။ ပြန်သွားကြတော့လည်း သူတို့အရင်ယောကျ်ားတွေက ပြန်ပေါင်းကြတာပဲ။

အဲဒီမိန်းမကြီးနှစ်ယောက်ထဲက တယောက်ကိုတော့ သူ တန်းတန်းစွဲဖြစ်ခဲ့တယ်။ သူ့ဆီ လာအိပ်တဲ့ ဒုတိယမြောက် တယောက်ပဲ။ အဲဒီတယောက် သူနဲ့ တပတ်လောက် လာအိပ်လိုက်၊ ပြန်သွားလိုက်နဲ့လုပ်နေတာ။ ခဏခဏပါပဲ။ ပြောရရင် ပထမယောကျ်ားနဲ့ ပေါင်းလိုက်၊ သူနဲ့ လာပေါင်းလိုက်ပေါ့။ သူ အဲဒီတယောက်ကို တော်တော်စွဲလမ်းခဲ့ပုံရတယ်။ အဲဒီတယောက် ပြန်သွားပြီး တော်တော်နဲ့ ပြန်မလာတော့ အဲဒီမိန်းမရဲ့ ထဘီထုပ်ကလေးထမ်းပြီး လျှောက်သွားနေတော့တာ။

တညနေမှာ ဖိုးပြူးက လယ်တလင်းထဲမှာ တယောက်တည်း ဘောလုံးကန်နေတယ်။ သူ ရောက်လာတော့ ဖိုးပြူးနဲ့ သူနဲ့ ဘောလုံးကန်ကြတယ်။

"ရော့ ငါ့တူ ဘောလုံးကို ခြေတောက်နဲ့ မိအောင်ဖမ်းရတယ်ကွ"

"ရော့ ဒီမှာ တလုံး။ ရော့ ဒီမှာ တလုံး"

ဖိုးပြူးနဲ့ သူ ဘောလုံးကန်နေရင်း သူကချည်းပဲ ရော့ ဒီမှာ တလုံး၊ ရော့ ဒီမှာ တလုံးနဲ့ ပါစပ်ကလည်းပြော ခြေတောက်ကလည်း ကန်ပေါ့။ တူအရီးနှစ်ယောက် ဟိုဘက် ဒီဘက် ဘောလုံးကန်နေချိန်မှာ အထုပ်ကလေး တထုပ်ကိုလဲ ပခုံးပေါ်မှာ တင်ထားပြီး လက်တဖက်နဲ့ ထိန်းထားသေးတာ။ အဲဒီအထုပ်က ဟိုမိန်းမကြီးရဲ့ ထဘီထုပ်ပဲ။

ဘောလုံးကန်နေရင်း ဖိုးပြူးအဖေ အနားရောက်လာတော့ သူက ဖိုးပြူး‌အဖေကို ကြူကြူပါအောင် ငိုပြနေတော့တာ။ ထဘီထုပ်ကလေးကို ကိုင်ကာကိုင်ကာနဲ့ တော်တော်နဲ့ အငိုမရပ်ဘူး။

"ယောက်ဖရယ် ငါ့ကို အဲဒီမိန်းမ သွားခေါ်ပေးပါလား"လို့လည်း ဖိုးပြူးအဖေကို ပြောပြောနေတာ။ သူ့ကို စိတ်ကျေနပ်အောင်တော့ ဖိုးပြူးအဖေက ပြန်ပြောလိုက်ပါတယ်။ ဒါ သူ စိတ်ပြန်ဖောက်လာဖို့ အစပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီး တ‌လလောက်မှာ ဆိုးဆိုးရွားရွား စိတ်ပြန်ဖောက်လာမယ်ဆိုတာ မိသားစုတွေက သိထားကြပါတယ်။

အရပ်ထဲက မိန်းမပျိုးတွေရဲ့ ပြောစကားတွေမှာတော့ မောင်ငွေတယောက် သူ့ရုပ်သူ့ရည်လေးနဲ့ အပျိုတယောက်ကို ခေါင်းခေါက်ယူလို့ ရနိုင်ပါတယ်။ ယောက်ျားတယောက် ရှိရမယ့် ကိုယ်လုံးကိုယ်ပေါက်၊ မျက်ခုံမွေးကောင်းကောင်းနဲ့ သူ့ပုံစံက ရုပ်ရှင်မင်းသားတယောက်ရဲ့ ပုံစံလိုပဲ။ ဘာလို့များ လင်ရှိမိန်းမတွေကို ကြိုက်ရလဲ မသိဘူးနော်ဆိုပြီး ပြောနေသံတွေ မကြာခဏဆိုသလို ကြားရတတ်ပါတယ်။ ကျောင်းဈေးရောင်းတဲ့ အပျိုကြီးတယောက်ကဆို နင်တို့ ဦးလေးက စိုးသူနဲ့ တူတယ်လို့ ဖိုးပြူးတို့ ညီအစ်ကိုတွေကို ပြောသေးတာ။

ဖိုးပြူးတို့ ညီအစ်ကိုတွေကိုတော့ သူက ဂရုစိုက်ပေးတတ်တယ်။ ဆန်ရှိရဲ့လား။ အေးတဲ့အချိန် အနွေးထည်ရှိရဲ့လား။ ည‌ရေးညတာ အဖော်ရှိရဲ့လားဆိုတာ သူ စိတ်ပူပေးတတ်ပါတယ်။ တခါက ဖိုးပြူး ဆယ်တန်းစာမေးပွဲ ကျတယ်လို့ အသံကြားတော့ သူ ရုတ်တရက်ကြီး စိတ်ထဖောက်လာတယ်။ စိတ်ဖောက်ရင်းတန်းလန်း ဖိုးပြူးဆီ ရောက်အောင် လာတယ်။

ဖိုးပြူးက ခြံထဲမှာ ပေါက်ပြားတလက်နဲ့ မြေတွေ ါက်ဆွနေချိန်ပါ။ ဖိုးပြူးအနောက်ကနေ အသံတခု ကြားလိုက်တယ်။

"ပြူး......မင်း ကျောင်းပြန်တက်ကွာ"

ဒီတခွန်းတည်း ပြောတယ်။ ပြီးတော့ ဖိုးပြူးအနားကနေ ချာခနဲ လှည့်ထွက်သွားတယ်။ ဖိုးပြူး အသံကြားကြားချင်း အနောက်ကို လှည့်ကြည့်တော့ သူ ကျောခိုင်းထွက်သွားတာကိုပဲ တွေ့ရတော့တယ်။ ဖိုးပြူးနားထဲမှာတော့ သူ ပြောသွားတဲ့အသံ ပဲ့တင်ထပ်နေတယ်။ "ပြူး မင်း ကျောင်းပြန်တက်ကွာ"တဲ့။

နှစ်ကာလတွေ ကြာညောင်းခဲ့ပါတယ်။ သူ အကောင်းပတိ ပြန်ဖြစ်မလာတော့ပါဘူး။ သူ့အနားမှာ စိတ်ဒဏ်ရာတွေ၊ ပြင်ပဒဏ်ရာတွေနဲ့ နေလာခဲ့ရတဲ့ အမေအိုကြီးလည်း တိမ်းပါးသွားခဲ့ပါပြီ။

သူ့ကို အိမ်မှာ လက်သင့်မခံတော့ဘူးလို့ မိသားစုဝင်တွေက ဆုံးဖြတ်လိုက်ကြတယ်။ ခါတိုင်းဆို အမေအိုကြီးက ဖုံးတန်တာဖုံး။ ဖိတန်တာ ဖိပြီး နှစ်ပေါင်းများစွာ နေလာခဲ့တာ။ အခုတော့ သူ့ကိုအကာအကွယ်ပေးမယ့်သူက မရှိတော့ဘူး။

အမေအို မရှိတော့တဲ့နောက် သူ အိမ်ကနေ ထွက်ခွာလာခဲ့ရပါတော့တယ်။ အမေအို ဆိုတာ တချိန်က ဖိုးပြူးနဲ့အတူ ရေမြုပ်နေတဲ့ စပါးခင်းပေါ်က ဖြတ်ပြီး လှေတစင်းနဲ့ သူ ဘယ်‌လိုနေရသလဲ ဆိုတာ လာကြည့်ပေးတဲ့သူပေါ့။

ဒီတခါ သူ အိမ်ကနေ ထွက်လာခဲ့ရတာ အရူးထောင်ကိုတော့ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေ ထားတဲ့ ဘုန်းကြီးကျောင်းတခုကိုပါ။ ဒီတခေါက် အိမ်က ထွက်လာခဲ့ရတာ ဘယ်တော့မှ အိမ်ပြန်မရောက်နိုင်တော့ဘူး ဆိုတာလဲ သူသိထားနှင့်နေမှာပါ။

သူ ပြန်လာရင် သူ့ကို အကာကွယ်ပေးမယ့်သူလည်း မရှိတော့ဘူး။ သူ အိမ်က ထွက်လာချိန်က အမေအိုတယောက်တည်း လူ့လောကကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ သူ ထွက်လာပြီး မကြာပါဘူး။ အဖေအိုကြီးပါ လူ့လောကကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဖေအိုကြီး မရှိတော့တဲ့အကြောင်း သူ့ဆီ ဘယ်သူကမှ သတင်းပို့ကြမယ် မထင်ပါဘူး။

သူ နောက်ဆုံး အိမ်ကထွက်လာတဲ့နေ့က အကြောင်းကို ဖိုးပြူး အမေက ဖိုးပြူးဆီရောက်အောင် လှမ်းပြီး သတင်းပို့ပေးတယ်။ မင်းဖာထိ မောင်ငွေ သူ နေတဲ့ ဘုန်းကြီးကျောင်း ရောက်တော့ သူ့တူမလေး ကြယ်စင်ရဲ့ ဦးထုပ်ကို ပြန်ပေးလိုက်တယ်။ သူ့ကို လိုက်ပို့ကြတဲ့သူတွေကို "ရော့ ကြယ်စင်ရဲ့ဦးထုပ် ပြန်ယူသွားပေးပါ"တဲ့။

ဦးထုပ် တလုံးက လူတယောက်ကို ဘယ်လို သံယောဇဉ် ချည်နှောင်မှုမျိုး ပေးနိုင်မလဲဆိုတာ ကာယကံရှင်ကိုယ်တိုင်က အသိဆုံးဖြစ်မှာပါ။ ဦးထုပ်ကလေး ပြန်ပေးလိုက်တဲ့အကြောင်း ဖိုးပြူးကြားရတော့ ရင်ထဲ ဆို့နင့်သွားခဲ့ရတဲ့ အပိုင်းအခြားတခု ဖြစ်ခဲ့ပါတယ်။ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အရာတခုတလေတော့ သူ အမှတ်တရအနေနဲ့ လက်ထဲ သိမ်းထားမယ်ဆိုလဲ ရနိုင်ရဲ့သားနဲ့ပေါ့။ ဘယ်တော့မှ အိမ်ပြန်မလာရတော့တဲ့ အကြောင်း သူ့မသိစိတ်က သိနေလို့များ မိသားစုနဲ့ သံယောဇဉ်ဖြတ်ဖို့များ ဦးထုပ်တလုံးကို ပြန်ပေးလိုက်လေရော့သလားတော့ မပြောတတ်ပါဘူး။

ဖိုးပြူးကတော့ သူ့ဦးလေးကို စိတ်ပူတဲ့ အကြောင်းအရာတခုကလည်း ရှိနေသေးတာပါ။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟိုတစ၊ ဒီတစ ပြောနေကြသံတွေထဲမှာ သူ့ဦးလေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတခုက ပါလာတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေ ဘုန်းကြီးကျောင်းတွေမှာ ခေါ်ထားတယ်။ ကူညီပေးတဲ့ပုံစံနဲ့ ခေါ်ထားကြတာပေါ့။ အဲဒီလူတွေကို တနည်းနည်းနဲ့ မိချောင်းစာ ကျွေးဖို့ ပြန်အသုံးချကြတယ်တဲ့။ ဒါဈေးကွက်တခုလိုတောင် လုပ်နေကြတာ ဆိုပဲ။ ကြားရတဲ့သတင်း၊ လွဲပါစေ ဖယ်ပါစေလို့ ဖိုးပြူးကျိတ်ပြီး ဆုတောင်းနေရှာပါတယ်။

ဦးလေးဖြစ်သူ ဘဝတလျှောက်လုံး ကြုံခဲ့ရတွေနဲ့ ဘဝအဆုံးသတ် ကာလမှာ သတင်းတွေထဲကအတိုင်း မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရှာပါတယ်။ သံသရာမှာ အခုလို ဝဋ်ဆင်းရဲ ဒုက္ခ‌တွေနဲ့ နောက်တကြိမ် မကြုံရပါစေနဲ့။ ဒီဘဝ ဒီမျှနဲ့ ဆိုင်ရာဆိုင်ရာ ဝဋ်ဒုက္ခတွေ ပြီးမြောက်နိုင်ပါစေလို့ပဲ ဖိုးပြူး ဆုတောင်းပေးနေပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar