Breaking News

ကရင်နီပြည်(ကယား) မယ်စဲ့ မှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ နီးပါး ထွက်ပြေး

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၉ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆


ကရင်နီပြည်(ကယား) မယ်စဲ့ မှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ နီးပါး ထွက်ပြေး

ယခုလ ၁၈ ရက်နေ့က ကရင်နီပြည်(ကယား) ထဲက မယ်စဲ့မြို့ အကျဥ်းထောင်ထဲက စစ်သုံ့ပန်းနဲ့ အကျဥ်းထောင်မှာ ဆေးမှူးနဲ့ ဆေးအကူတပ်သား အချို့ပါ ထွက်ပြေးတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါ အဖြစ်အပျက်ဖြစ်ပွားပြီး နောက်တရက်မှာတော့ ထွက်ပြေးသွားတဲ့သူတွေထဲက စစ်သုံ့ပန်းတဦး ဖြစ်ပြီး စစ်ကောင်စီတပ်မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူဟာ ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်ထဲကို ရောက်ရှိပြီး ထိုင်းနယ်ခြားစောင့် လုံခြုံရေးတွေက ဖမ်းဆီးရမိထားကြောင်း သတင်းတွေ ဆက်လက်ပေါ်ထွက်လာခဲ့ပါတယ်။ 

ကရင်နီပြည် မယ်စဲ့မြို့ဟာ ထိုင်းနိုင်ငံနယ်စပ်နဲ့ နီးကပ်စွာတည်ရှိပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ကရင်နီ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ယမန်နှစ်က တိုက်ခိုက်ခဲ့ပြီး ဖားဆောင်းမြို့ ရှိ တပ်ရင်းတရင်း ဖြစ်တဲ့ ခြေလျင်တပ်ရင်း အမှတ် ၁၃၄ နဲ့ ၁၃၅ ကို ယမန်နှစ် နှစ်လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

ယခု မယ်စဲ့ အကျဥ်းထောင်ထဲကနေ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ အဆိုပါ ဖားဆောင်းတိုက်ပွဲနဲ့ ဖားဆောင်းတိုက်ပွဲ မတိုင်မီ ဘော်လခဲတိုက်ပွဲတွေမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်က စစ်အရာရှိတွေ ပါဝင်တဲ့ စစ်သုံ့ပန်းတွေ ဖြစ်ပါတယ်။ 

စစ်သုံ့ပန်းနဲ့ အကျဥ်းထောင်မှာ ဆေးကုသရေး တာဝန်ပေးထားသူတွေ အပါအဝင် ၈၀ ဦး ထွက်ပြေးသွားရာမှာ အကျဥ်းထောင် လုံခြုံရေးဝန်ထမ်းတွေရဲ့ လက်နက် ၉ လက်ကို လုယူပြီး အဆိုပါ လုံခြုံရေးဝန်ထမ်းတွေကို ကြိုးတုပ်ကာ အကျဥ်းထောင်မှာ ထားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကရင်နီပြည် တော်လှန်ရေး လက်နက်ကိုင်တွေ အနေနဲ့ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေအပေါ်  ဂျီနီဗာ ကွန်ဗန်းရှင်းတို့လို နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်တွေက တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့အခါ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တဲ့ လုပ်ရပ်မျိုးနဲ့ လုံးလုံးကြီး ကွဲလွဲနေတဲ့ အနေအထား ဖြစ်ပါတယ်။ 

အခြားရှုထောင့်တခုကတော့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ရန်သူ စစ်ကောင်စီတပ်က အရာရှိတွေ အပါအဝင် တပ်သားတွေပါ CDM လုပ်ဖို့ သို့မဟုတ် တိုက်ပွဲအတွင်းမှာ လက်နက်ချဖို့ စည်းရုံးဆွဲဆောင်တဲ့ မူဝါဒ ချမှတ်ထားတာကလည်း အကြောင်းတချက် ဖြစ်နိုင်ပါတယ်။ 

ရန်သူ့ဘက်က တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဘူးဆိုတဲ့ မူဝါဒ ချမှတ်ပြီး တဖက်ရန်သူ့ တပ်ဖွဲ့ဝင်တွေကို သိရှိစေတဲ့ နည်းနဲ့ စည်းရုံးသိမ်းသွင်းတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ရန်သူတပ် အင်အားနည်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက် ခိုလှုံဝင်ရောက်လာသူ များပြားလာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်တပ်တွေ အနေနဲ့ ရန်သူ တပ်တွေလို မဟုတ်ဘဲ စစ်သုံ့ပန်းတွေအပေါ် ထားရမယ့် နိုင်ငံတက စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာခြင်းဟာ ညံ့ရာကျတယ်လို့ ယူဆသူတွေလည်း အများအပြားရှိနေတာကို လူမှုကွန်ရက်တွေမှာ မှတ်ချက်တွေကို ဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါတယ်။ တော်လှန်ရေးတပ်က တပ်သားတွေ တပ်ဖွဲ့ဝင်တွေကို ရန်သူဘက်က မိတဲ့အခါ အများအားဖြင့် ချုပ်နှောင်ထားတာ တရားရုံးတင်စစ်ဆေးတာတွေ လုပ်ဆောင်ခြင်း မရှိဘဲ အခင်းဖြစ်ရာနေရာတွေမှာတင် သတ်ဖြတ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ အညာဒေသက ကျေးရွာတရွာမှာ PDF တပ်ဖွဲ့ဝင်တွေ နားနေတဲ့ ကျေးရွာကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက အလစ်အငိုက်ဝင်ရောက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၉ ဦး ကို အရှင်ဖမ်းမိကာ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ 

ရန်သူဘက်က အခုလို ပြုမူကျင့်သုံးနေပေမယ့် တော်လှန်ရေးလက်နက်ကိုင်တပ်တွေဘက်ကတော့ မိမိတို့ ကိုင်စွဲထားတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စည်းမျဥ်းစည်းကမ်းတွေကို တိကျစွာ လိုက်နာလျှက်ရှိတာ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းရာမှာ လုံခြုံရေး အားကောင်းတဲ့ အဆောက်အဦ၊ လုံခြုံရေး ဝန်ထမ်းအင်အား၊ အကျဥ်းထောင်၊ အချုပ်ထောင်တွေကို စီမံအုပ်ချုပ်မှု အတွေ့အကြုံတွေ အားနည်းတာကြောင့်လည်း မကြာခဏ အချုပ်ထောင် အကျဥ်းထောင်တွေက ထွက်ပြေးတဲ့ အဖြစ်မျိုးကြုံတွေ့ ကြရလေ့ရှိပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေ အတွင်း တိုက်ပွဲတွေမှာ ရာထောင်ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ နဲ့ အပစ်ရပ်သဘောတူထားတဲ့ MNDAA တပ်ဖွဲ့မှာတင် ထောင်ဂဏန်းနဲ့ ချီတဲ့ သုံ့ပန်းတွေ ရှိခဲ့ပြီး မကြာသေးခင်ရက်ပိုင်းတွေကတောင် ရာဂဏန်း အရေအတွက် ရှိတဲ့ သုံ့ပန်းတွေကို စစ်ကောင်စီထံပြန်လွှဲပြောင်း ပေးခဲ့တာ တွေ့ရပါတယ်။ 

MNDAA အနေနဲ့ အခုလို အသုတ်လိုက် ပြန်လွှတ်ပေးတာတွေမှာ စစ်ကောင်စီဘက်နဲ့ ဘယ်လို သဘောတူညီချက် အပေးအယူ လုပ်ဆောင်မှုတွေ ရှိသလဲတော့ မသိရပါဘူး။ နိုင်ငံတကာမှာ ယေဘုယျအားဖြင့်တော့ စစ်ပွဲတွေ မှာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်တာမျိုး လုပ်လေ့ ရှိပြီး မြန်မာနိုင်ငံမှာတော့ သုံ့ပန်းအလဲအလှယ်လုပ်တာမျိုး လုံးဝ မရှိတာတော့မဟုတ်ဘဲ အလွန်နည်းပါးတာ တွေ့ရပါတယ်။ 

အထူးသဖြင့် အာဏာသိမ်းစစ်တပ်ဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သုံ့ပန်းနည်းပါးတဲ့ အချက်ကလည်း အပြန်အလှန်လဲလှယ်မှု အားနည်းစေတဲ့ အချက်တခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စစ်သုံ့ပန်းတွေကို လနဲ့ သို့မဟုတ် နှစ်နဲ့ချီပြီးထိန်းသိမ်းထားရခြင်းဟာ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အဖို့ တာဝန်ကြီးတာ အမှန်ပဲ ဖြစ်ပါတယ်။ ကုန်ကျစရိတ်၊ လုံခြုံရေး ဝန်ထမ်းအရေအတွက် မလုံလောက်မှု ပြဿနာ၊ ရိက္ခာအတွက် သုံးစွဲရတဲ့ ရန်ပုံငွေတွေက ကာလကြာရှည်လာတာနဲ့အမျှ ဝန်ထုပ်ဝန်ပိုး တခုလို ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ဒီလို ကြာရှည်စွာ ထိန်းသိမ်းထားတာထက် ရန်သူ့ဘက်က ဖမ်းဆီးထားတဲ့ မိမိတို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် လဲလှယ်တာမျိုး ဖြစ်ဖို့ ICRC လို ကြားခံအဖွဲ့အစည်းတွေကတဆင့် ဆက်သွယ်ပြောဆို လုပ်ဆောင်သင့်တာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar