လေးလေး - “ပါရဂူ့ဘိုင်အိုဂရပ်ဖီ”
“ပါရဂူ့ဘိုင်အိုဂရပ်ဖီ”
လေးလေး
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၂၆
“စာရေးသူ ပါရဂူက “Autobiography က အတ္တကထာဖြစ်ပြီး၊ Biography မှာ “ပရကထာ”ဖြစ်တယ်လို့ အမှာ စာမှာ ဖွင့်ဆိုထားတယ်။ ပါရဂူနဲ့အဝေးမြင်၊အနီးကပ် ထိတွေ့ဆက်ဆံပေါင်းသင်းခဲ့သူတွေရဲ့လျှပ်တပြက် ပုံရိပ်လွှာတွေလို့ဆိုနိုင်ပါတယ်။ စာအုပ်အဖုံးမှာညွှန်းထားတာက “ပါရဂူ၏ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့ အကြောင်း ဖွဲ့ဆိုရေးသားသောဆောင်းပါးများ (၁)လို့ ဖော်ပြထားတယ်။ ထုတ်ဝေသူအဆိုအရလည်း ပရကထာတွေ နှစ်၊သုံး၊ လေး ဆိုပြီး ဆက်ထွက်လာဖို့ရှိတယ်လို့သိရတယ်။
ဆောင်းပါးအများစုက မိုးဂျာနယ်မှာဖော်ပြခဲ့တဲ့စာစုတွေဖြစ်ကြပြီး၊ မိုးဝေ၊ ရှုမဝ စတဲ့မဂ္ဂဇင်းတွေမှာ ရေးသား ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေလည်း ပါတယ်။
”ဇေယျနှင့်ဇေယျသတင်းစာ”၊ ဓနုဖြူဦးအေးမောင်၊ စကြာ အလည် ရပ်ပြီ”၊ ပင်တိုင်ဆောင်းပါးရှင်နှင့် စက္ကူဖောက်သည်”၊ မိမိနှင့် သိန်းဖေမြင့်”၊ ”ရုပ်ပုံလွှာ၏စာမျက်နှာများ”၊ စတဲ့ ခေါင်းစဥ◌်တွေတပ်ပြီး စာပေလောက၊ သတင်းစာလောကက စာရေးဆရာပုံရိပ်တွေကိုရေးဖွဲ့ထားတယ်။ စာ
ရေးဆရာနာမည်တပ်ပေးထားတဲ့ခေါင်းစဥ◌်ကြည့်ပြီး ဘယ်သူဘယ်ဝါအကြောင်းရေးထားတယ်ဆိုတာတန်းသိ နိုင်တယ်။
“ပင်တိုင်ဆောင်းပါးရှင်နှင့်စက္ကူဖောက်သည်” က လူထုဦးလှနဲ့လူထုဒေါ်အမာအကြောင်းရေးထားတာဖြစ်သလို ရုပ်ပုံလွှာ၏စာမျက်နှာများ” က ဒဂုန်တာရာအကြောင်း ရေးထားတာပါ။ ဒီစာအုပ် ဖတ်ရင်း နတ်နွယ်ရဲ့ တောအကြောင်းတောင်အကြောင်းခေါင်းစဥ◌်အောက်က မိမိနှင့်ဘယ်သူ”ဆိုတဲ့ ဆောင်းပါးစီးရီးတွေ ပြေးအမှတ်ရပါတယ်။ မိမိနှင့် မြသန်းတင့်၊ မိမိနှင့် မင်းကျော် စသဖြင့် မိမိစီးရီးတွေဆွဲလိုက်တာ မိမိအကြောင်းတွေများတယ်လို့ ဝေဖန်သံလည်း ကြားခဲ့ရ။ အခုလည်း ပါရဂူရဲ့ ပရကထာမှာ ပါရဂူ့အကြောင်းက အပုဒ်တိုင်းမှာနေရာယူထားသလို အဖြစ်အပျက်တချို့ကလည်း တထပ်တည်း တူတာဖတ်ရတယ်။
တချို့စာရေးဆရာတွေအကြောင်းက အဝေးမြင်မို့ ခပ်တိုတို၊ တချို့စာရေးဆရာတွေကျ တပူးတွဲတွဲမို့ခပ်ရှည်ရှည် ဖတ်ရ၊ ဒီထဲက ဒဂုန်တာရာအကြောင်းရေးဖွဲ့ထားတဲ့ ခပ်ရှည်ရှည် ”ရုပ်ပုံလွှာ၏စာမျက်နှာများ”ကောက်နုတ်ဖော်ပြလိုက်၊ ဒဂုန်တာရာရဲ့ တခုသောမှော်ဘီမွေးနေ့ပွဲတခုတက်ရင်း ပါရဂူက နောက်ကြောင်းပြန်ပုံစံနဲ့ ဒဂုန်တာရာ့ပုံရိပ်ကိုရေးဖွဲ့သွားတယ်။ ဒဂုန်တာရာလို့ပြောရင် ဘန်ကောက်ပုဆိုးက မပါမဖြစ်၊ သို့သော် ဘန်ကောက်ပုဆိုးခေတ်မရှိတော့တဲအခါကျ ဒဂုန်တာရာ့ကိုယ်ပေါ်ရောက်လာတာက ယောပုဆိုးနဲ့ ပါတိတ်အင်္ကျီ။ ဒီတုန်းက ပါရဂူရယ် ဗန်း မော်တင်အောင်ရယ် ဒဂုန်တာရာရယ် သုံးယောက်တွဲ ထမင်းစားဖိတ်တဲ့အိမ်တွေဆီသွားပြီး လည်စားကြပါ သတဲ့။
တရက် ထမင်းစားသွားကြတော့ ဒဂုန်တာရာက ပါတိတ်အင်္ကျီဝတ်လာတယ်။”ဘယ့်နှယ့်လဲ၊ခင်ဗျားဟာက ကြောင်လား ကျားလား” ။ သူ့အင်္ကျီကိုကြည့်ပြီးကျနော်ပြောသောအခါ ဗန်းမော်တင်အောင်က ဟား ဟား ဟားနှင့်ရီနေသည်။ သူကမူ တခွန်းမှပြန်မပြောဘဲ ပြုံးစိစိလုပ်နေသည်။ တကြိမ်တွင်လည်း သူ့ပါတိတ်အင်္ကျီကို“ခင်ဗျားအင်္ကျီက ကြောင်ကြောင်ကြားကြားကြီးပါလားဟု ကျနော် ဝေဖန်ပြန်သည်။ ထိုတကြိမ်၌မူ “ကြောင် ကြောင်ကြားကြား မဟုတ်ပါဘူး။ အလှအပပါ ဟု သူက ပြန်ပြောသည်။”
ဒီ့နောက်ကွယ်ကအနက်အဓိပ္ပါယ်ကို ပါရဂူကသုံးသပ်ပြတော့ သူက ရှေးရိုးကို မပစ်ပယ်သော်လည်း ကျောခိုင်းမထားသူ၊ ဒဂုန်တာရာကတော့ ခေတ်သစ်ဘက် အလေးသာနေသူလို့ ဖွင့်ဆိုတယ်။Biography ပရကထာလို့ ဆရာ ပါရဂူက ဖွင့်ဆိုတဲ့ လူပုဂ္ဂိုလ်ရေးဖွဲ့တာကို နတ်နွယ်၊ မြသန်းတင့် စတဲ့သူတွေလည်း အတော်များများ ရေးထားခဲ့ ကြတယ်။ ဒီလို ရေးဖွဲ့ရာမှာ လူပုဂ္ဂိုလ်ကို လေးစားချစ်ခင်တဲ့စိတ်နဲ့ရေးဖွဲ့ထားတဲ့စာစုနဲ့ သာမန်ရင်းနှီးခင်မင်မှုမျိုးနဲ့ ရေးဖွဲ့ထားတဲ့ စာစုတို့
အတော်ကွာတာ သတိထားမိတယ်။
ဖြတ်သန်းမှုချင်း သိပ်မကွာကြရင်လည်း ပုဂ္ဂိုလ်ရေးအဖွဲ့တွေက လင်းလက်တောက်ပနေတတ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ သာမန်ဆောင်းပါးတပုဒ်ဖတ်ရသလို ဖတ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပါပဲ။ ပါရဂူရဲ့ ပရကထာကတော့ တသွင်သွင်စီးဆင်းနေတဲ့စမ်းချောင်းလေးတခုရဲ့အသံကို နားဆင်ရသလို သာယာချမ်းမြေ့တယ်။ လေးတန်းအထိသာ ပညာသင်ကြားခဲ့ဖူးပေမယ့် ပညာလိုချင်စိတ်နဲ့ကိုရင်၊ ရဟန်းဝတ်ပြီး ပညာရှာခဲ့တဲ့ ပါရဂူ့ဘဝဇာတ်ကြောင်းကိုက စိတ်ဝင်စားဖွယ်အတိ။
စာမျက်နှာ ၃၁၀ ကျော်ရှိတဲ့ ပါရဂူရဲ့ “ပရကထာ” စာအုပ်ကို စိတ်ကူးချိုချိုစာပေတိုက်က ၂၀၂၅ခု
နိုဝင်ဘာလမှာ (စတုတ္ထအကြိမ်)ပုံနှိပ်ဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၁၃,၅၀၀။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
