ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နှုတ်ပိတ်ဆရာတော်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - နှုတ်ပိတ်ဆရာတော်
မိုးမခ ၊ ဇန်နဝါရီ ၂၃ ၊ ၂၀၂၆
"ဟလို ထမယ်ခြောက်မှ ဒံပေါက်၊ ထမယ်ခြောက်မှ ဒံပေါက် ကြားလား၊ ကြား အကြောင်းပြန်"
"ကြားတယ်၊ မစားရဘူး၊ ဒါဘဲ"
"ဟလို ပြိတ္တာမှ ရိက္ခာ၊ ပြိတ္တာမှ ရိက္ခာ ရောက်လား၊ ရောက် အကြောင်းပြန်"
"ရောက်တယ်၊ မရဘူး၊ ဒါဘဲ"
"ဟလို ငရဲလမ်းမှ ခဲယမ်း၊ ငရဲလမ်းမှ ခဲယမ်း၊ တွေ့လား၊ တွေ့ အကြောင်းပြန်"
"တွေ့တယ်၊ ကောက်မရ၊ ဒါဘဲ"
အထက်ပါစကားရပ်များသည် ရခိုင်စစ်မြေပြင် အခြေအနေ အစစ်အမှန် အဟုတ်တကယ် ဖြစ်ချေသည်တမုံ့။
စကမ၏ လူငယ်မျိုးတုံးရေးစီမံချက်အရ သင်တန်း လေး ငါး ဆယ်ရက်နဲ့ အကြာဆုံးတလလောက်တက်ပြီး စစ်တိုက်နေရသည့် ပစတွေလည်း ပြေးလမ်းပဲ ကြည့်နေကြပြီ။ မကြည့်လို့ မရ၊ နောက်ကျတဲ့ခြေထောက် အသက်ပျောက်။ စစ်တပ်ကြီး ကံကောင်းနေတာက ပြောင်းပြန်မလှည့်သေးတာပင်။
ပြောင်းပြန်မလှည့်သေးပေမင့် အတွေးနှင့် မအေးနိုင်၊ ကိုယ့်အရိပ်ကို ကြောက်၊ ကြိုး မြွေမှတ် လန့်ခုန် ရင်တုန် ပန်းတုန်။ တနေ့တနေ့ ရှေ့တန်းကကျ မဲမရ၊ တစတစ လက်ပန်းကျလို့ ဘဝရှေ့ရေး ရင်လေး ဖင်လေး ဖြစ်နေရှာသူတယောက်အဖို့ အကြောက်တိမ်တိုက်ကြီး တဖြည်းဖြည်းထူထပ်လာပြီးနောက်-
"ဟလို အဝီဇိတ်မှ ဝစီပိတ်၊ အဝီဇိတ်မှ ဝစီပိတ် ရှိလား၊ ရှိ အကြောင်းပြန်"
"ဟိုင်း ဝစီပိတ်မှ အဝီဇိတ်၊ ဝစီပိတ်မှ အဝီဇိတ်၊ ရှိ၊ ဘာကိတ်"
"အဝီဇိတ်မှ ဝစီပိတ်၊ အဝီဇိတ်မှ ဝစီပိတ်၊ အရော်ပေး၊ ခု လာပြီ၊ ကြားလား၊ ကြား အကြောင်းပြန်"
"ဝစီပိတ်မှ အဝီဇိတ်၊ ဝစီပိတ်မှ အဝီဇိတ်၊ အသောင့်ဆင့်"
သမ်းမကြီးသပ်သပ် လုပ်ရမလိုလို ကာချုပ်သက်သက် ဆက်လုပ်ရမလိုလို၊ သမ်းချုပ်ကြီး တွဲလုပ်ရမလိုလို၊ လိုလို ဆိုတဲ့အတိုင်း ပြည့်စုံတယ် မရှိ၊ နေမထိထိုင်မသာ စားမဝင်အိပ်မပျော်။ ကာချုပ်မဟုတ်ရင်လဲ လူမလေးတာထက် ခွေးချင်းမခန့်တာက ပိုဆိုးမယ်။ မခန့်ရုံမဟုတ်၊ တမိသားစုလုံး အဖြန့်ခံရမှာ သေချာတယ်။ သားလေးအတွက်သိမ်းပေးထားသမျှ ချပေးထားသမျှ ဖြတ်ဆွဲကြမှာ၊ အရေခွံစုတ်ကြမှာ။ သမီးလေးကိုလဲ ဝိုင်းသမကြမှာ။ မြေးမတွေအတွက်လဲ မတွေးရဲစရာ။ ခေါသနီမကိုလဲ မုဆိုးမတွေက ရခိုင်တွေ ငါးကိုင်တဲ့အတိုင်း အကြေးလှန် အရိုးနွှင်ကြမှာ။ စစ်ရေးကလဲ ကပစနှုတ်ခမ်းတက်နမ်းတဲ့အဆင့်၊ နေပူတော်နဲ့ သေနတ်တကမ်း လက်တကမ်းရောက်နေပြီဆိုတော့ ပူတယ်လေ ဆယ်နေကဲ အဲကွန်းနဲ့လဲမအေး ရေခဲတိုက်ထဲပြေးရမယ့်အဖြစ်။
"အခြေနေကတော့ အထက်ပါအတိုင်းဘဲ ကိုယ်တော်၊ ကိုယ်တော်လဲ ပဋိပွတ် လုပ်နေတာဆိုတော့ သိမှာပါဘဲ၊ AAကလဲ A နှစ်ထပ်နဲ့ ဖြစ်နေပါတယ်ဆို၊ ခေါင်းလောင်းမဟာက ရသွားသေးတယ်" လို့ သရေကြိုးက အပိုးကျိုးပုံအပြည့်နဲ့ အဆိုးမျိုးစုံရသေ့ကို လျှောက်တင်လိုက်တော့
"အိမ်း၊ AAက ခေါင်းလောင်းမြတ်ကို ရသွားကတည်းက ခေါင်းကို လောင်းကြေးထပ်ရတော့မယ်ဆိုတာ သိပါတယ် ဒကာတော် ကာချုပ်။ ဘာလို့ဆို ခေတ်ပြောင်းဖို့ ခေါင်းပစ်ခဲ့ကြတာမဟုတ်လား။ ခေါင်းပစ်နိုင်ရင် ပြီးမယ်ထင်ခဲ့တာ ခေါင်းလောင်းမြတ်ပေါ်လာပြီဆိုတော့ ခေါင်းကြေးထပ်ရတော့မှာပေါ့။ AAသာ ဒီတော်လှန်ရေးထဲပါမလာခဲ့ရင်တော့ ခေါင်းကြေးထပ်စရာမလိုဘူးလေ။ အဲဒါဆို ခေါင်းလောင်းမြတ်လဲ ပေါ်လာစရာမလိုဘူးပေါ့" ဟု ဝစီပိတ်က ဝစီဖွင့်လိုက်လေတော့သည်။
ဆောင်းလယ်တောင်ထိပ် လေတဟူးဟူးကြားမှာ ချွေးပြန်နေတဲ့ ကြင်စိုးဟာ-
"ဟာ ဒါဆို ဘယ်လိုယတြာဆင်ရမလဲ၊ မိန့်ပါအုံးဘုရား" ဆိုပြီး လက်အုပ်တုန်တုန်နဲ့ တောင်းပန်လိုက်သောအခါ-
"မင်းခေါင်းကြေးထပ်ရရင် မင်းဆရာလဲ ခေါင်းကြေးထပ်ရမှာဆိုတော့ ယတြာကို အမြဲစဉ်းစားနေပါတယ်လေ။ တကယ်တော့ ဒကာတော်ကို အဝေးက လာတိုက်ခိုက်သိမ်းပိုက်ပြီး လက်ရဖမ်းသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ စစ်ရှုံးရင် ပြေးဖို့စီစဉ်ထားပြီးသားဘဲ မဟုတ်လား"
"တင်းပါး၊ ဆရာတော်ဖို့လဲ ရုရှားမှာ ကျောင်းစီစဉ်ထားပြီးသားပါ ဘုရား၊ ဆရာ ဒကာ မခွဲ တပါတည်း ပင့်သွားမှာပါဘုရား" လို့ ခပ်သုတ်သုတ် ဖြတ်လျှောက်လိုက်လေသည်။
"သိပါတယ်ကွယ်၊ အဲဒီတော့ ဒကာတော့်ခေါင်းကို ထိဖို့ဆိုတာ ဒကာတော့်အနားကလူတွေပဲ ရှိတာမဟုတ်လား။ ဒကာတော့်ရန်က အဝေးက တိုက်ခိုက်ဖမ်းဆီးခံရမယ့်ဟာ မဟုတ်၊ အနားက လုပ်ကြံနှုတ်ပိတ်မယ့်ရန်သာဖြစ်တယ် ဒကာတော်"
"ဘုရား ဘုရား၊ အနားက နှုတ်ပိတ်၊ နှုတ်ပိတ်မယ့်ရန်"
သရေကြိုး ဒူးတွေပါတုန်ရင်း "နှုတ်ပိတ်" "နှုတ်ပိတ်" ဟု တတွတ်တွတ်ရွတ်နေတော့သည်။
"သိပ် စိတ်မပူပါနဲ့ ဒကာတော်"
"မပူလို့ရမလားဘုရား၊ သား သမီး မြေးမလေးတွေဘဝ မတွေးရဲစရာပါလား၊ စည်းစိမ် အိုးအိမ်သိမ်းရုံမက မတော်တရော်တွေပါလုပ်ကြမှာ" သူ့ရဲ့ မုဒိမ်းတပ်အကြောင်းတွေးမိဟန်ဖြင့် တဆတ်ဆတ်တုန်နေသော ကြင်စိုးကို ကြည့်ပြီး-
"ယတြာရှိပါတယ်" လို့ ဝစီပိတ်ကိုယ်တော်က သွေးအေးအေးနဲ့ မိန့်ကြားလိုက်တော့ ကြင်စိုး မျှော်လင့်တကြီးကြည့်လိုက်သည်။
"အနီးကပ် သတ်ဖြတ်နှုတ်ပိတ်လို့ နိမိတ်ထင်နေပေမယ့် အဲဒါကို ခေါင်းပြောင်းပေးတဲ့နည်းရှိပါတယ်ဒကာတော်"
"ကိုးကွင်းကို ဆယ်ကွင်းသွားလုပ်ပေးလို့ မဖြစ်ဖူးကိုယ်တော်၊ ဘာ်သူ့မှ ယာယီကာချုပ် ယာယီသမတလုပ်ပေးလိုက်လို့မဖြစ်ဖူး၊ ဒီအရသာ တပည့်တော်အသိဆုံးဘဲလေ"
" နှုတ်ပိတ်မှာကို ယတြာလုပ်ဖို့ နှုတ်ပိတ်တာဆိုတဲ့ စီးချင်းထိုးအစီရင်သုံးလိုက်ရုံပါဘဲ"
ငပုကိုယ်ပေါ်တွင် ကြက်သီးဖီးတွေ တကိုယ်လုံးယွစိတက်လာသည့်လေသံဖြင့်
"တခါမှ မကြားဘူးတဲ့အစီရင်ပါဘဲ၊ ပျော်လိုက်တာဘုရား" ဟု လျှောက်လိုက်လေသည်။
"အဲဒါ တပည့်တော် ဘယ်လိုလုပ်ရမလဲဘုရား"
"နှုတ်ပိတ်တယ်ဆိုတာ ဝစီပိတ်တာဘဲ။ ကျုပ်လုပ်နေကြအလုပ်ပါဘဲ။ကျုပ်နာမံဝစီပိတ်ကို နှုတ်ပိတ်လို့ပြောင်းပြီး ယနေ့မှစ၍ ဝစီပိတ်ဆရာတော်အား နှုတ်ပိတ်ဆရာတော်လို့ ခေါ်စေသော်ဆိုပြီး အမိန့်ထုတ်လိုက်ရုံပါဘဲ ဒကာတော်"
"ဟာ ပေါ့ပါးသွားလိုက်တာ ဘုရား၊ ကိုယ့်တော့်ဒကာမ ခေါဓမြသိင်္ဂီ ကြားရင် ထခုန်မလား မသိပါဘုရား၊ သူ့ခမျာ အစားအသောက်ပျက် အယားဖျောက်ခက်နေရှာတာဘုရား" ဟု သရေကြိုးက ဥဒါန်းကျူးပြီးနောက် ဇော်ကျွဲလုံးကို "ယနေ့မှစ၍ ဝစီပိတ်ဆရာတော်ကို နှုတ်ပိတ်ဆရာတော်လို့ ခေါ်ကြစေရန် အမိန့်ထုတ်ပြန်ခိုင်းဖို့ တောင်အောက်သို့ ခုန်ပေါက်ပြေးဆင်းသွားလေသတည်း။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar