Breaking News

ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသူကို KNLA က ထိုင်းအာဏာပိုင်ထံလွှဲပေး

မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၂ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ  ၂၃၊ ၂၀၂၆


ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသူကို KNLA က ထိုင်းအာဏာပိုင်ထံလွှဲပေး

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေး တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသား နိုင်လင်းအောင်ကို ကော်ဘရာ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ဒါဘောက ထိုင်းအာဏာပိုင်တွေထံ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ 

ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးခဲ့တဲ့ အဖြစ်အပျက်က ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မဲဆောက်မြို့ မဲကုကျေးရွာအပိုင်မှာ ဖြစ်ပွားခဲ့တာပါ။ ယခင် ကော်ဘရာစစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သူ ကိုနိုင်လင်းအောင်ဟာ မြန်မာနိုင်ငံဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုက အဖွဲ့ဝင်တယောက်က အခကြေးငွေပေးပြီး လက်နက်ပို့ဆောင်ပေးဖို့ ချိန်းဆိုထားတဲ့နေရာကို သွားရောက်စဥ်မှာ တဖက်က လက်ခံယူမယ့်သူက အသွင်ယူထားတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေပြီး ဖမ်းဆီးဖို့ကြိုးပမ်းစဥ် အဖမ်းမခံဘဲ သေနတ်နဲ့ ပစ်ခတ်ကာ ကြံခင်းတွေထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။ ၄င်းနဲ့အတူလာသူ မြန်မာနိုင်ငံသားကိုတော့ ဖြစ်ရပ်ဖြစ်ပွားတဲ့နေရာမှာတင် ဆိုင်ကယ်နဲ့အတူ ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေသူရဲ့ အမည်နဲ့ ဓါတ်ပုံတွေနဲ့ အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့ဧရိယာထဲမှာ ပိုက်စိပ်တိုက်ရှာဖွေခဲ့သလို နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ကျော်ထွက်ပြေးခဲ့ပါက မြန်မာနိုင်ငံဘက်က လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KNU/KNLA ကိုလည်း ထိုင်းအာဏာပိုင်တွေက အကူအညီ တောင်းခံထားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ကေအန်အယ်လ်အေ တပ်ဖွဲ့အောက်က Cobra စစ်ကြောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုနိုင်လင်းအောင်ဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းက ကေအန်အယ်လ်အေက ထိန်းသိမ်းခဲ့ပြီး ထိုင်းအာဏာပိုင်တွေထံ ပြန်လည်အပ်နှံခဲ့တာ ဖြစ်ပါတယ်။  

ဒီဖြစ်ရပ်ဟာ မဲဆောက်မြို့မှာ နေထိုင်နေတဲ့ မြန်မာအသိုင်းအဝိုင်းအဖို့ မြန်မာနိုင်ငံသား အားလုံးအပေါ်  ကြီးမားတဲ့ သက်ရောက်မှု ရှိစေနိုင်တဲ့ အဖြစ်အပျက်အဖြစ် ယူဆကြပြီး ဖမ်းဆီးရမိခြင်း မရှိခင် ကာလအတွင်း မိမိတို့နေအိမ်မှ တတ်နိုင်ရင် အပြင်မထွက်ကြဖို့ အချင်းချင်း အသိပေးထားခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ စီးပွားရေး အကြပ်အတည်း၊ စစ်မှုထမ်းဥပဒေ၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနဲ့ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်မှာ လာရောက်တိမ်းရှောင် နေထိုင်လုပ်ကိုင်နေတဲ့ သန်းဂဏန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေအပေါ် တင်းကျပ်တာတွေ ရှိလာနိုင်တဲ့ အခြေအနေကြောင့်လည်း စိုးရိမ်မှု ရှိနေကြတာ ဖြစ်ပါတယ်။ 

အခု ဖြစ်ရပ်မှာ ကော်ဘရာတပ်ဖွဲ့ဝင်ဟောင်း ဖြစ်သူ ကိုနိုင်လင်းအောင် အနေနဲ့ ငွေကြေးအကျပ်အတည်းကြောင့် အခကြေးငွေယူပြီး လက်နက်သယ်ဆောင်ပို့ပေးဖို့ အလုပ်ကို လက်ခံခဲ့ရတယ်လို့ ၄င်းရဲ့ မိသားစု ပြောဆိုချက်ကို ကိုးကားကာ လူမှုကွန်ရက်မှာ ရေးသားထားကြတာ တွေ့ရပါတယ်။ 

ယခု ဖြစ်ရပ်မှာ ဖမ်းဆီးခံရတဲ့ ကော်ဘရာ တပ်ဖွဲ့ဝင်ဟောင်းလိုပဲ စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲ အချိန်ကာလတခုထိ ပါဝင်ခဲ့ကြပြီးနောက် တပ်ဖွဲ့မှ ထွက်ကာ ထိုင်းနိုင်ငံဘက်မှာ ကျပ်တည်း ခက်ခဲစွာ ရုန်းကန်နေကြရတဲ့သူတွေ အများအပြားရှိကြတဲ့ အကြောင်းလည်း ရေးသားထားကြတာ တွေ့ရပါတယ်။ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စစ်အာဏာရှင်ကို လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြပေမယ့် ၄င်းတို့ရဲ့ ဘဝ ရပ်တည်ရေးနဲ့ ပတ်သက်လို့ ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေ မရှိကြတဲ့ အဖြစ်ကိုလည်း လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုနေကြတာ တွေ့ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့က နုတ်ထွက် အနားယူပြီးနောက် မဲဆောက်မြို့မှာ ပန်းရန်အလုပ်လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုကာ မိသားစုကို ကျွေးမွေးဖို့ လုပ်ကိုင်ရာမှာ တရားဝင် နေထိုင်ခွင့် အထောက်အထား ပြဿနာ၊ လုပ်ခမရတာ စတဲ့ အခက်အခဲတွေ ရင်ဆိုင်ရသလို အထောက်အထားလုပ်ဖို့ ချေးငှား၊ စုဆောင်းထားတဲ့ ငွေကြေးအနည်းငယ် အလိမ်ခံရတာကြောင့် အခုလို ဘတ် ၅ ထောင် အခကြေးငွေရမယ့် လက်နက်ကယ်ရီ သယ်ဆောင်တဲ့ အလုပ်ကို လက်ခံခဲ့ရတဲ့ အခြေအနေလို့လည်း ရေးသားမှုတွေအရ သိရပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အခြေအနေမျိုးမှာ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာပြီး ရန်ပုံငွေ အလွဲသုံးစားလုပ်ခဲ့သူတွေ၊ တော်လှန်ရေးကို အသုံးချပြီး ဆိုရှယ်မီဒီယာမှာ လူသိများ ထင်ရှားကျော်ကြားမှု များလာကာ ငွေကြေး အလွဲသုံးစားလုပ်တာတွေ၊ တော်လှန်ရေးကို ခုတုံးလုပ်ပြီး လူသိများလာတာကို အခွင့်အရေးတရပ်အဖြစ် အသုံးချပြီး ကိုယ်ကျိုးအတွက် လုပ်သွားကြသူတွေကိုလည်း အပြစ်တင်တဲ့ ရေးသားမှုတွေ ရှိနေတာ တွေ့ကြရပါတယ်။ 

အခု ဖမ်းဆီးခံရတဲ့ ကိုနိုင်လင်းအောင်ဟာ အခုလက်ရှိမှာ အသက် ၂၁ နှစ် အရွယ်သာရှိသေးတာကြောင့် စစ်အာဏာသိမ်းပြီးနောက် PDF အဖြစ် ဝင်ရောက်စဥ်၊ ကော်ဘရာစစ်ကြောင်းမှာ တပ်ဖွဲ့ဝင်အဖြစ် အမှုထမ်းခဲ့စဥ် ကာလတွေမှာ အသက် ၂၀ မပြည့်သေးတဲ့အရွယ်လို့ ယူဆရပါတယ်။ လူငယ်တွေ အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ဘဝနဲ့ ရင်းနှီးပြီး ပါဝင်ခဲ့ကြပေမယ့် ၄င်းတို့ အနေနဲ့ တပ်ဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီး ပြင်ပမှာ ရပ်တည်နေထိုင်သူတွေရဲ့ အခက်အခဲတွေကို ဘယ်အဖွဲ့အစည်းတွေကမှ ကူညီဖေးမမှု မရှိကြဘူးလို့လည်း ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ 

အခု မဲဆောက်မြို့က ဖြစ်ရပ်ဟာ နွေဦးတော်လှန်ရေး မှန်ကူကွက်တွေထဲက မှန်ကူကွက်တကွက် ဖြစ်ပါလိမ့်မယ်။ လက်နက်ကိုင် တပ်သားအရေအတွက်တွေ၊ တိုက်ပွဲအောင်မြင်မှုတွေ၊ ကျဆုံးမှုတွေ၊ အနိုင်ရမှု နယ်မြေတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အနိုင် အရှုံးတွေလို စာရင်းဇယားတွေ၊ ကိန်းဂဏန်းတွေ အနိုင်ရမှု၊ ဆုံးရှုံးမှုတွေ အဖြစ်နဲ့ လွယ်လွယ်ကူကူ ဖော်ပြနိုင်ခြင်း မရှိတဲ့ ခံစားမှု၊ လူသားတယောက်ရဲ့ ခံစားချက်၊ မိသားစုတစုရဲ့ ရပ်တည်ရေး စတဲ့ တိုင်းတာ ဖော်ပြရခက်ခဲတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar