အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲက နိုင်ငံရေးအရ အဖြေထွက်စေမလား
မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၀ မြင်ကွင်း
မိုးမခ ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲက နိုင်ငံရေးအရ အဖြေထွက်စေမလား
၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော်စတင်ခေါ်ယူဖို့ ပြင်ဆင်တဲ့ မနက်မှာပဲ စစ်တပ်က သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြား ဝန်ကြီးအဖွဲ့ဝင်တွေ၊ NLD ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အရေးပေါ် အခြေအနေကြေညာကာ မြို့နယ် အများအပြားကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တာပါ။ ရွေးကောက်ပွဲက စတင်ခဲ့တဲ့ နိုင်ငံရေး ပြဿနာဟာ နကို ရှိရင်းစွဲ မီးခဲပြာဖုံး ပြည်တွင်းစစ်ကို အရှိန်နဲ့ ငြီးငြီးတောက်လောင်ဖို့ ပြန်ဖြစ်စေခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ အာဏာသာ မသိမ်းခဲ့ရင် ၂၀၂၅ ခုနှစ်ဟာ ပုံမှန်ရွေးကောက်ပွဲ ကျင်းပရမယ့် အချိန်ဖြစ်ပါတယ်။ NLD ပါတီရဲ့ ဒုတိယ သက်တမ်းကာလ အပြီး ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်မဲ့သဘော ဖြစ်ပါတယ်။ သို့ပေမဲ့ အခုအနေအထားကတော့ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်အများအပြားက အကျဥ်းထောင်ထဲမှာနဲ့ အချို့က ပြည်ပရောက်ရှိကာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဖွဲ့စည်းပြီး စစ်တပ်ကို နိုင်ငံရေးနယ်ပယ်က ထွက်ခွာသွားတဲ့အထိ လက်နက်ကိုင် တိုက်ခိုက်ဖို့ ကြေညာလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ရွေးကောက်ပွဲ မြန်မြန်ဆန်ဆန် ပြန်လည်ကျင်းပဖို့ထက် အချိန်ကာလတခုယူပြီး NLD ပါတီကို တကွဲတပြားစီဖြစ်အောင်၊ နိုင်ငံရေး နယ်ပယ်ကနေ ထွက်ခွာသွားအောင် ဗျူဟာချမှတ် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပါတီကို ဖျက်သိမ်းဖို့ နည်းလမ်းကိုလည်း ကနဦးကာလတွေမှာ စဥ်းစားခဲ့ပါလိမ့်မယ်။ NLD ရုံးအများအပြား ဖျက်ဆီးတာ၊ မီးလောင်တဲ့ အဖြစ်အပျက်တွေ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးစ ကာလတွေမှာ ဖြစ်ပွားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနောက် NUG အစိုးရဖွဲ့စည်းတာ၊ PDF တပ်ဖွဲ့ဖွဲ့စည်းတာတွေ ဖြစ်ပေါ်လာပြီးနောက် NLD ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတာဝန်ခံတွေက လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်သွားကြချိန်မှာ မြေပေါ်က NLD ပါတီကို ပစ်မှတ်ထားတဲ့ လုပ်ဆောင်မှုတွေ သိပ်မတွေ့ခဲ့ရတော့ဘဲ လက်နက်ကိုင် တိုက်ပွဲလမ်းကြောင်းပေါ်မှာ NUG/PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ရေးအရ တိုက်ခိုက်မှုက အဓိက ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်လျော့ကျခြင်း မရှိသရွေ့ တည်ငြိမ်မှု မရရှိနိုင်တာကြောင့် ရွေးကောက်ပွဲကို မကျင်းပနိုင်တဲ့ ဇတ်ကြောင်း narrative ကို အဆိုပါကာလတွေမှာ စစ်တပ်က ကိုင်စွဲခဲ့တာ တွေ့ရပါတယ်။ ပုံမှန်အခြေအနေ မရောက်သရွေ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့ မဖြစ်နိုင်တဲ့ သဘောမျိုး စစ်ခေါင်းဆောင်က ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေမှာ ပြောဆိုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကနေ စစ်ရေးအရ နယ်မြေအများအပြား လက်လွှတ်ခဲ့ရတဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ ခုနှစ်ဆန်းပိုင်းမှာတော့ စစ်ကောင်စီကို ရွေးကောက်ပွဲ ကျင်းပဖို့ တရုတ်နိုင်ငံက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်း ညီနောင် အဖွဲ့ဝင် တချို့နဲ့ အပစ်ရပ် သဘောတူညီချက်ရအောင် ၄င်းတို့တတ်နိုင်တဲ့ ဖိအားပေးမှုတွေကို အသုံးပြုပြီး လုပ်ဆောင်ပေးခဲ့သလို တဖက်မှာလည်း စစ်တပ် အနေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးအခြေအနေကို ထိန်းသိမ်းဖို့ တရုတ်က လိုလားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်အာဏာသိမ်းခါစကာလတွေမှာ စစ်တပ်ကို တိတိလင်းလင်း ထောက်ခံတာမျိုး မတွေ့ခဲ့ရပါဘူး။ NLD ပါတီကို ဖျက်သိမ်းခြင်း မပြုဖို့ စစ်ကောင်စီကို တိုက်တွန်းပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်ခဲ့ပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။ NLD ပါတီနဲ့ ဆက်ဆံရေးကို တရုတ်ကွန်မြူနစ်ပါတီက ဆက်လက်ထိန်းသိမ်းထားခြင်းက အဆိုပါအချက်ကို အထောက်အပံ့ဖြစ်စေတာတော့ တွေ့ရတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ရဲ့ တပြိုင်နက်ထည်း တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ ရလဒ်တွေက မြန်မာ့အရေးပေါ် မြင်တဲ့ တရုတ်မူဝါဒကို အကွေ့အချိုးတခု ဖြစ်စေပြီး မြန်မာနိုင်ငံကို လက်နက်ကိုင် အဖွဲ့တွေ အကွဲကွဲအပြားပြား ထိန်းချုပ်အုပ်ချုပ်ကြမယ့် အခင်းအကျင်းကို အားမပေးဖို့ နဲ့ သံတမန်ရေး၊ စီးပွားရေး စတဲ့နည်းလမ်းတွေနဲ့ တတ်နိုင်သရွေ့ တားဆီးဖို့ ဖြစ်ပေါ်စေခဲ့တာပါ။
အာဏာသိမ်းစစ်တပ်နဲ့ ပိုပြီးထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့သလို မြန်မာ့အရေး နဲ့ ပတ်သက်လို့ စည်း ၃ စည်း ဆိုတဲ့ နိုင်ငံတကာ မစွက်ဖက်ရေး ပြောဆိုမှုကိုထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ မဲခေါင် -လန်ချန်း အစည်းအဝေးမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
အဲဒီကာလတွေမှာပဲ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့တာလို့ ယူဆရပါတယ်။ မကြာသေးခင်က ရွေးကောက်ပွဲ ပထပိုင်းအပြီးမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက အခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံ ခေါင်းဆောင်နဲ့ မြန်မာခေါင်းဆောင်တို့အကြား ဆက်ဆံရေးရဲ့ ရလဒ် တခုလို့ ထုတ်ဖေါ်ပြောဆိုခဲ့တာကို ကြည့်ရင် အခု ရွေးကောက်ပွဲတွေ မြန်မြန် ဖြစ်ပေါ်လာအောင် တရုတ်နိုင်ငံက တွန်းအားပေးခဲ့တယ် ဆိုတာ ထင်ရှားစေပါတယ်။
ကျင်းပမယ့် ရွေးကောက်ပွဲက ဘယ်လို အချက်အလက်တွေနဲ့ ပါဝင်သင့်တယ် ပါဝင်ရမယ် ဆိုတာမျိုးအထိ တရုတ်နိုင်ငံက မှတ်ချက်ပြုပြောသလား မပြောလားတော့ မသိရှိရပါဘူး။ စစ်တပ် အနေနဲ့တော့ ဒီရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးက အပြတ်အသတ်အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ သတ်မှတ်ချက်၊ ကြိုတင်ချထားတဲ့ ရည်မှန်းချက်နဲ့ ကျင်းပတာဖြစ်ပါတယ်။
ကြံ့ခိုင်ရေး ပါတီမှာ ရှိတဲ့ အင်္ဂါရပ်တွေ၊ ဖြည့်ဆည်းနိုင်တဲ့ အနေအထားမျိုးနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေမျိုး ဖြစ်အောင် ပြင်ဆင်ပြီး ၂၀၂၅ ရွေးကောက်ပွဲကို ကျင်းပတာဖြစ်ပါတယ်။ NLD ပါတီရဲ့ မူဝါဒကို အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အကျဥ်းထောင်ထဲ ထိန်းသိမ်းထားချိန်မှာ NLD အနေနဲ့ ရွေးကောက်ပွဲ ဝင်နိုင်ခြေ မရှိဘူးဆိုတာကိုလည်း အာဏာသိမ်းစစ်တပ်ဘက်က တွက်ဆထားပြီး ဖြစ်ပါတယ်။
ဒီလို အခြေအနေ အခင်းအကျင်းတွေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲက လွတ်လပ်မှာ မဟုတ်သလို မျှတစရာလည်း မရှိတာ သေချာပါတယ်။ တဖက်မှာ နိုင်ငံရဲ့ ဒေသအများအပြားမှာ စစ်ပွဲတွေ ဖြစ်ပွားနေချိန်၊ သွားလာရေး၊ စည်းရုံးလှုပ်ရှားမှုနဲ့ မဲရုံဖွင့်လှစ်ဖို့ အခြေအနေ မပေးတဲ့ နယ်မြေ အများအပြားမှာ မကျင်းပနိုင်တဲ့ အနေအထားက ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။
၂၀၂၅-၂၆ မှာ ကျင်းပတဲ့ မြန်မာ့ ရွေးကောက်ပွဲဟာ အနောက်နိုင်ငံကြီးတွေ မဆိုထားနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကတောင် ပြည့်ပြည့်ဝဝ မထောက်ခံရဲတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်လာခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ အနက် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို တို့လို တပါတီစနစ်နဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ နိုင်ငံ အနည်းငယ်မျှကတောင် မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ပွင့်ပွင့်လင်းလင်း မပြောကြတဲ့ အနေအထားဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံအားပေးပြီး နည်းပညာဆိုင်ရာ အကူအညီပေးကြတဲ့ အနည်းငယ်မျှသော နိုင်ငံတွေကတော့ ရုရှား၊ တရုတ်၊ ဘယ်လာလရုစ်၊ အိန္ဒိယ တို့ဖြစ်ပါတယ်။ အိန္ဒိယ နဲ့ တရုတ်နိုင်ငံတွေကတော့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိင်ငံ အနေနဲ့ စစ်ပွဲတွေ ဖြစ်နေတာနဲ့ စာရင် ရွေးကောက်ပွဲလမ်းကြောင်းက စစ်ပွဲကို အရှိန်လျော့စေလိမ့်မယ်လို့ ယူဆတဲ့ ရှုထောင့်ကနေ အားပေးထောက်ခံကြတာ ဖြစ်ပါတယ်။
ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် အချို့နဲ့ NUG/PDF တပ်တွေက ရွေးကောက်ပွဲကို တတ်နိုင်သရွေ့ ဆန့်ကျင်ကြ၊ တားမြစ်ကြရမယ်လို့ မူဝါဒချမှတ်ထားပြီး အနည်းငယ်မျှသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တစိတ်တပိုင်း ကူညီပေးကြတာပါ။
မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာက သဘောထားတွေကို ကြည့်ရင် ရွေးကောက်ပွဲပြီးနောက် အာဏာရလာမယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အစိုးရကို ရွေးကောက်ခံ အစိုးရအဖြစ် နေ့ချင်းညချင်း ပြောင်းလဲစေမှာတော့ မဟုတ်ပါဘူး။ အတုအယောင် ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ အစိုးရကို မဆက်ဆံချင်တဲ့ အနေအထားမှာ အတိုက်အခံ အင်အားစုတွေ အနေနဲ့ အင်အားကောင်းတဲ့ စုစည်းမှုရှိတဲ့ အင်အားစုတရပ်က အခြေတည်ထားပြီး ဖြစ်ဖို့လည်း လို့အပ်တာ အမှန်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar